သတင်းများ

မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးနှင့်လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကွင်းဆင်းစစ်ဆေး

တောင်ကြီး             သြဂုတ်        - ၂၄

 155

ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည်သြဂုတ် ၂၁ ရက် နံနက် ၉နာရီက တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံကာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးနှင့် လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး အတွက်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး ရပ်စောက်မြို့နယ်စျေးတန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်နှင့် ကောင်းဘို့ကျေးရွာအုပ်စုတို့၌ မဲပေးနိုင်ခွင့်ရှိသူစာရင်း ကြေငြာကပ်ထားမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံကာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးနှင့် လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးကြရန်မှာကြားခဲ့ပြီး၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၌ မဲစာရင်း ကပ်ထားကြေငြာမှုအား  ကွင်းဆင်းစစ်ဆေးကာ ရွာငံမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့များနှင့်တွေ့ဆုံ၍ ဗထူး ခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံကာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးနှင့် လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး အတွက်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

တောင်ကြီးခရိုင်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေ ပေးအပ်

တောင်ကြီး                  သြဂုတ်    -    ၂၁

154

COVID-19 စီးပွားရေးကုစားမှု(CERP)အစီအစဥ်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်းရှိ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို သြဂုတ် (၂၁)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ပြည်နယ်စိုက်ပျိုးရေး ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်နှင့် COVID-19 လွန်ကာလတွင် စားသုံးသူ ပြည်သူများ စားနပ်ရိက္ခာလုံခြုံစိတ်ချမှုရှိစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ်ဆောင်ရွက်နိုင်ရေးအတွက် COVID-19 စီးပွားရေးကုစားမှုအစီအစဥ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သမဝါယမအသင်းများအပါအဝင် မျိုးစေ့ ထုတ်အသင်းများ၊ မျိုးစေ့ထုတ်တောင်သူများ၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များနှင့် ပေါင်းစပ်လျက် မိုးစပါးမျိုးစေ့ထုတ် ဧက(၁)သိန်း ကို ဆောင်ရွက်သွားမှာဖြစ်ပြီး ရှမ်းပြည်နယ်အနေဖြင့် (၄၃၁၈)ဧကဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ဆောင်ရွက် မည့် မျိုးစေ့ထုတ်ဧက(၄၀၀၀)ကျော်ကို မြို့နယ်ပေါင်း(၅၀)မြို့နယ်၊ ကျေးရွာပေါင်း (၂၅၉)ရွာမှာ တောင်သူပေါင်း (၁၅၈၆)ဦးနှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး မျိုးစေ့ထုတ်ဧက(၄၃၁၈)အတွက် မျိုးစေ့ဖိုးငွေကျပ်(၃၆.၈၈)သန်း၊ အပင်ပြုစုခြင်း၊ မျိုးကွဲပယ်ခြင်း၊ မျိုးစေ့သန့်စင်ခြင်းစသည့်လုပ်ငန်းများအတွက် လုပ်အားခအဖြစ် ငွေကျပ်(၆၀၄.၅၂)သန်း၊ စုစုပေါင်းငွေကျပ် (၆၄၁.၄၀၄)သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ တောင်ကြီးခရိုင်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်ဧက(၁၂၅၂)အတွက် ပထမအကြိမ်အဖြစ် ငွေကျပ် (၁၀၄.၆၂၂)သန်း ထောက်ပံ့သွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလမှာ ငွေကျပ်(၈၁.၃၈)ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး စုစုပေါင်း ငွေကျပ်(၁၈၆.၀၀၂)သန်း ထောက်ပံ့ပေးပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။ 

ဆက်လက်၍ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် နည်းပညာ ဦးသက်ဇင်မောင် တို့မှ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှ တောင်သူများအား ထောက်ပံ့ငွေ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

အခြေခံပညာမူလတန်းကျောင်းအား အခြေခံပညာမူလတန်းလွန်ကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်

မဘိမ်း          ဩဂုတ်    -   ၁၇

Untitled-1

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ မလှိုင်ကုန်းကျေးရွာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာမူလတန်းကျောင်းအား အခြေခံပညာမူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းကို ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းသုံးဗလာစာအုပ်များအား မဘိမ်းမြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကိုယ်ထူကိုယ်ထကျေးရွာဘောလုံးကွင်းသစ် ဖော်ထုတ်နေမှုအား ကြည့်ရှုခဲ့ပြီး မဘိမ်း မြို့နယ်ပြည်သူ့ဆေးရုံတွင် Covid-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် PPE ဝတ်စုံများ၊ Mask များ၊ Hand Gel များအား မဘိမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မဘိမ်းမြို့နယ် စီမံကိန်းဦးစီးမှူး ဦးထွန်းထွန်းဦးထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး မဘိမ်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး (၃)ထပ်အဆောက်အဦ ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ

တောင်ကြီး    ဩဂုတ်  -  ၁၉

153

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံခြင်းကို ဩဂုတ် ၁၉ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများအားလုံးသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် နိုင်ငံတော်မှ ခွင့်ပြုပေးသော လစာ၊ စရိတ်၊ ချီးမြှင့်ငွေများ၊ အဆောင်အယောင်များ ခံစားလျက်ရှိသူများဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့၏ တာဝန်ကျရာဒေသဖြစ် သော ရှမ်းပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ အားကြိုးမာန်တက် တာဝန်ဝတ္တရားများ ကျေပွန်အောင် ထမ်းဆောင်ကြရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုမှာဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ လာရောက်စဉ် နိုင်ငံဝန်ထမ်းများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနား၌ နိုင်ငံတော်သမ္မတက နိုင်ငံဝန်ထမ်းများ အနေဖြင့် တည်ဆဲဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာပြီး စုပေါင်းမောင်းနှင်အားဖြင့် အကောင်းဆုံး ဆောင်ရွက်လျှင် ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ထောင် ရာတွင် ပိုမိုလျှင်မြန်လွယ်ကူနိုင်ပါကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေး ကောင်းမွန်သည်နှင့်အမျှ နိုင်ငံတော်ကြီး ပိုမို လျှင်မြန်စွာ တိုးတက်လာမည်ကို မိမိအပါအဝင် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်က ခွင့်ပြုပေးသည့် လစာများ၊ စရိတ်များ၊ အဆောင်အယောင်များကို ခံစားကြသည့် ဝန်ထမ်းများအားလုံး လေးလေးနက်နက် သိရှိရန် လိုအပ်ပါကြောင်း၊ နိုင်ငံသား အားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တရားမျှတမှုကို ခံစားပိုင်ခွင့်ရရှိရန် လိုအပ်ပါကြောင်း၊ တရားမျှတ စွာနှင့်ကိုယ်ချင်းစာစိတ်များဖြင့် ဆောင်ရွက်မှသာလျှင် ဒီမိုကရေစီစနစ်ကြီး ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့သည့်အတွက် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူအဖြစ် လိုက်နာ ကျင့်သုံးကြရန် လိုသကဲ့သို့ မိမိလက်အောက်ရှိ ဝန်ထမ်းများကိုလည်း ချပြရှင်းလင်းဆောင်ရွက်သွားကြရန် မှာကြားလို ကြောင်း ပြောကြားသွားသည်။ 

ဆက်လက်၍ တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ (၉၇)ခုမှ ပြည်နယ်အဆင့်အကြီးအကဲများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ တောင်ကြီးတက္ကသိုလ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်း ကိုယ်ပွား သတင်းစာတိုက်၊ တိုင်းရင်းဆေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာ ဆောင်ရွက်မည့်အစီအမံများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေး ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြကြောင်း သိရှိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ အား ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

၂၀၂၀ ပြည့်နှစ်၊ ရှမ်းပြည်နယ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

တောင်ကြီး ဩဂုတ် - ၁၄

149

၂၀၂၀ ပြည့်နှစ်၊ ရှမ်းပြည်နယ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက ‌တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် မဲစာရင်း မှန်မှန်ကန်ကန် ရှိစေရန် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချမ်းမြေ့စွာ မဲပေးနိုင်ရန် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ ပြည့်စုံစွာ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ယနေ့ တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ကိုလည်း ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ပြီး အဖွဲ့ဝင် (၅)ဦးဖြင့် ညွှန်ကြားချက် နှင့်အညီ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မြေ (၅၅)နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ (၁၂)နေရာ၊ ပြည်နယ်မဲဆန္ဒနယ်မြေ (၁၁၀)နေရာနှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မြေများအဖြစ် ဗမာ၊ ကချင်၊ လီဆူ၊ လားဟူ၊ အင်းသား၊ အာခါနှင့် ကယန်း တိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်များ သတ်မှတ်ထားရှိမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်များ ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းအနေဖြင့် မြို့နယ်ပေါင်း (၅၀)မြို့နယ်မှ မဲ ဆန္ဒရှင် စုစုပေါင်း (၃၅)သိန်းကျော်ကို စာရင်းပြုစုဆောင်ရွက်ထားရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက် နှင့်အညီ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၇ ရက်နေ့အထိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အမည်စာရင်း ကြေညာဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးထင်ကျော်က မဲဆန္ဒရှင်များ မဲစာရင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တက်ရောက်လာသည့် ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးများမှ တင်ပြဆွေးနွေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

09-250132943

မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် COVID-19 ရောဂါကာကွယ်ရေးအမိန့် ညွှန်ကြားချက်များနှင့်အညီ မဲပေးနိုင်ရေး အစီအမံများ ရှင်းလင်းဆွေးနွေး

တောင်ကြီး           သြဂုတ်     -     ၁၈

152

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ခရိုင်/မြို့နယ်စုပေါင်းအစည်းအဝေးခန်းမတွင် သြဂုတ် (၁၈)ရက် နံနက် (၁၀)နာရီက မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် COVID-19 ရောဂါကာကွယ်ရေးအမိန့် ညွှန်ကြားချက်များနှင့်အညီ မဲပေးနိုင်ရေး အစီအမံများ ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

 ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုလွင်က မဲစာရင်းထပ်ခြင်း၊ မဲစာရင်း ကျန်ခြင်း၊ မိဘအမည် မှားယွင်းခြင်း၊ မွေးသက္ကရာဇ် မှားယွင်းခြင်း၊ နိုင်ငံသားစိစစ်ရေးအမှတ် မှားယွင်းခြင်းနှင့် ကွက်လပ်ဖြစ်နေခြင်း၊ အမည်စာလုံး ပေါင်းသတ်ပုံ နှင့် သံတူကြောင်းကွဲ မှားယွင်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်၊ နှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်နှင့် ဆယ်အိမ်မှူးများ၊ လမ်းမှူးများက ပြည်သူများ သိရှိအောင် အမျိုးမျိုးသောနည်းဖြင့် အသိပေးခြင်း၊ မဲစာရင်း တိကျမှန်ကန် ရေး ပြန်လည်စိစစ်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုများ ကွင်းဆင်းစိစစ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း စသည့်အချက်များဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် စနစ်တကျ မဲပေးနိုင်ရေးအစီအမံများ ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းရွှေမှ COVID-19 ရောဂါကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ စနစ်တကျ မဲပေးနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများမှ မဲစာရင်းများ မှန်ကန်ရေးနှင့် စနစ်တကျ မဲပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးကြပြီး ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌမှ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ခရိုင်/မြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှုး၊ ခရိုင်ဥပဒေအရာရှိ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများဖြစ်သော တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ၊ ကလော၊ ဖယ်ခုံ မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး) 

09 250132943

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား ဒုတိယအကြိမ် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်

တောင်ကြီး       ဇူလိုင်       ၂၉

148

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ဒုတိယ အကြိမ် စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်လ (၂၉)ရက်၊ ညနေ (၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တာဝန် ထမ်းဆောင်လာသည်မှာ ဒုတိယသက်တမ်းကာလတွင် နောက်ဆုံးအကြိမ် ရောက်ရှိလာပြီဖြစ်၍ ယနေ့တက်ရောက်လာသည့် ဝန်ထမ်းများမှ တက်ညီလက်ညီ၊ အောင်အောင်မြင်မြင် ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများကိုလည်း  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယအကြိမ် ထပ်မံ၍ ထောက်ပံ့ပေးရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ဝန်ထမ်းများကလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် မိမိတို့အစိုးရအဖွဲ့သာမက နောင်လာမည့် အစိုးရအဖွဲ့များ တာဝန်ဆက်လက် ဆောင်ရွက်သည့် အချိန်များတွင်လည်း အစိုးရအဖွဲ့၏ အားထားရသော အဓိက မဏ္ဍိုင်ကြီးသဖွယ်၊ ယန္တရားကြီးသဖွယ်အဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် ငွေသားကျပ် (၁၀၀၀၀)စီ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 

အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်း (၁၆၈) ဦး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်း (၈၂) ဦး၊ နေ့စား၊ သန့်ရှင်းရေး (၁၂)ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ (၁၈)ဦး၊ ပြည်နယ်ဝန်ကြီးချုပ်၏ လုံခြုံရေးရဲတပ်ဖွဲ့ (၁၇)ဦး၊ စုစုပေါင်း (၂၉၇)ဦးတို့အား တစ်ဦးလျှင် ဆန်(၄)ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကြက်ဥ (၁၂)လုံး၊ ငွေကျပ် (၁၀၀၀၀)စီ ထောက်ပံ့ပေးအပ်ပြီး စုစုပေါင်း ကုန်ကျမှုမှာ (၅၉၄၀၀၀၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု ကျေးရွာ(၂၀)အား ရေပေးရေးလုပ်ငန်း ဆောင်ရွက်

ဖယ်ခုံ            ဩဂုတ်   -    ၁၈

151

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၄ ရက် ညနေပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု ကျေးရွာ(၂၀) ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖယ်ခုံ မြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ကျေးရွာ(၂၀)ရွာ ရေပေးရေးလုပ်ငန်းများအား ပြည်ထောင်စုမူလခွင့်ပြုငွေကျပ် (၅၃၅.၈၄၂) သန်း၊ ပြည်ထောင်စုမွမ်းမံရန်ပုံငွေကျပ်(၂.၀)သန်း၊ နိုင်ငံတော် ထောက်ပံ့ငွေကျပ်(၉၂.၉၁၃)သန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၃၅၅.၁၄)သန်း၊ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေကျပ်(၈.၁၄)သန်း၊ ရေပိုက်ထောက်ပံ့ငွေကျပ် (၄၆.၈၁၈) သန်း၊ ရန်ပုံငွေ စုစုပေါင်း (၁၀၄၀.၈၅၃)သန်းဖြင့် ရေစက်ရုံ (၂)ရုံ၊ ရေတားတမံ၊ ရေစစ်ကန်၊ ရေယူကန်၊ 50 KVA အင်ဂျင် (၁)လုံး၊ 60 KVA အင်ဂျင် (၁)လုံး၊ 20 HP မော်တာနှင့် ပန့် (၈)စုံ၊ 4" GI ရေတင်ပိုက်လိုင်း(၇၃၉၀)ပေ၊ 6" GI, 4" GI, 3" GI, 4"PVC, 3"PVC, 2"PVC ရေဖြန့်ဝေပိုက် စုစုပေါင်း(၁၃၂၇၀၅)ပေ၊ ဂါလံ(၅၀၀၀၀)ဆံ့ ရေကန် (၁)ကန်၊ ဂါလံ(၂၀၀၀၀) ဆံ့ ရေစုကန် (၃)ကန်၊ ဂါလံ(၁၀၀၀၀)ဆံ့ ရေစုကန် (၁)ကန်၊ ဂါလံ (၅၀၀၀)ဆံ့ ရေစုကန် (၁၂)ကန်၊ ဂါလံ(၃၀၀၀)ဆံ့ ရေစု ကန်(၆)ကန်၊ မြေသားလမ်း(၁၅၂၀၀)ပေ စသည့်လုပ်ငန်းများအား တင်ဒါစနစ်ဖြင့် ကုမ္ပဏီပေါင်း (၁၀)ခုမှ တင်ဒါအောင်မြင် ဆောင်ရွက်ခဲ့ရာ (၉၅%)ခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း (၂၀)ရွာ အိမ်ခြေ (၁၆၆၅)၊ လူဦးရေ (၈၃၈၄)ဦးအား သောက်သုံးရေ ဖူလုံစွာ ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး Unicef နှင့် ပူးပေါင်း၍ အိမ် တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရေဖြန့်ဝေ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ကျေးရွာ (၁၉)ရွာသည် မိုးရေလှောင်ကန်ကိုသာ အားထားအသုံးပြုရပြီး လအိကျေးရွာတွင် စိမ့်စမ်းရေနှင့် မိုးရေလှောင်ကန်ကိုသာ အားထားအသုံးပြုရကြောင်းနှင့် စိမ့်စမ်းရေထွက်မှာ နွေရာသီ၌ ရေထွက်နှုန်းမှာ (၁)နာရီလျှင် (၄၀)ဂါလံသာ ထွက်ရှိပြီး မိုးရာသီတွင် (၁)နာရီလျှင်(၅၀၀)ဂါလံသာ ထွက်ရှိသဖြင့် လုံလောက်မှု မရှိသဖြင့် လက်ရှိရေထွက်နှုန်းမှာ လျော့ကျလျက်ရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

တောင်ကြီး ဇူလိုင်   −   ၂၉

147

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်(၂၉)ရက် နံနက် (၁၀) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပသည်။

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမော တဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဆရာတော် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ တေဇဝန္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဆရာတော် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ တေဇဝန္တထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

09-250132943

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ

တောင်ကြီး      ဩဂုတ်     -     ၁၇

150

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက် များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲ ၃ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်နယ်အတွင်း နယ်မြေဒေသအားလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခများချုပ်ငြိမ်းစေရေး ပြည်နယ်အတွင်း ဒေသများအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးအခြေခံ ကောင်းများရရှိစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းရေးနှင့် အကျိုးရှိဆုံးဖြစ်စေရေးအတွက် မျှတမှန်ကန်စွာ စိစစ်အသုံးပြုရေး၊ ပြည်နယ် အတွင်း စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်စေရေးစသည့် မူဝါဒများအပေါ် အခြေခံပြီး ပြည်နယ်အတွင်းစားနပ်ရိက္ခာဖူလုံပိုလျှံစေရေးနှင့် စိုက်ပျိုးရေးအခြေခံသော စက်မှုလုပ်ငန်းများ ဘက်ညီစွာဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်နယ်အတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်သည့် အခြေခံအဆောက်အဦလုပ်ငန်းများ ဦးစားပေးဆောင်ရွက်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းမြင့်မားသော စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်၊ ပြည်နယ်အတွင်းလူထုတစ်ရပ်လုံး ရရှိခံစားနိုင်မည့် လူမှုစီးပွားနယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို အခြေခံသော ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်နယ်အတွင်းပုဂ္ဂလိကကဏ္ဍတိုးတက် ရေးအတွက် နိုင်ငံသားတိုင်း မိမိလုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့် ရရှိစေရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်စေရန်တို့ဖြစ်ကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်မီးလင်းရေးကဏ္ဍ၊ လယ်ယာဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူလယ်သမားတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ Covid-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက် ထားရှိမှုများ၊ ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပုဂ္ဂလိကဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၊ စစ်ဘေးရှောင်စခန်းများအား ထောက်ပံ့ပေးမှုခြေအနေတို့ကို ရှင်းလင်းပြောကြားသွား ပြီး၊ ၂၀၁၉-၂၀၂၀ စတုတ္ထတစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍အချို့ကဏ္ဍများမှာ အားသာချက်များတွေ့ရှိရမှာဖြစ်သလို အချို့ကဏ္ဍများတွင် အားနည်းချက် များကိုလည်းတွေ့ရှိရမှာဖြစ်ကြောင်း၊ စတုတ္ထနှစ်တစ်နှစ်တာကာလမှာ တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက်များကို နမူနာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏မူဝါဒနှင့်အညီ ရည်မှန်းချက်လုပ်ငန်းတာဝန် များကို အစိုးရ၊ လွှတ်တော်၊ လူမှုအဖွဲ့အစည်း၊ သတင်းမီဒီယာ၊ ပြည်သူများတို့နှင့်အတူ ရှမ်းပြည်နယ်ကြီး ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လက်တွဲကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ သတင်းမီဒီယာဌာနများဖြစ်သည့် ရွှေတြိဂံတိုင်း၊ ကမ္ဘောဇတိုင်း၊ The People Voice၊ DVB၊ Sky Net၊ Weekly Eleven၊ Cherry FM၊ သံလွင်သွေးချင်း၊ MRTV NRC၊ သျှမ်းသံတော်ဆင့်၊ 7 Day Daily၊ Right Way News၊ မဲခေါင်၊ One News၊ Myanmar Now၊ Eastern Review၊ Burma Na သတင်းမီဒီယာဌာနများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည့် မေးခွန်းများမေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ပြန်လည်ဖြေကြားကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

တောင်ကြီး ဇူလိုင် −   ၂၈

146

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၀)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၀)ကို ဇူလိုင် (၂၈)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၀) ဆုံးဖြတ်ချက်နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ်(၃/၂၀၂၀) ဆုံးဖြတ်ချက်များအား ရှမ်းပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ဆုံးဖြတ်ချက်များအား ဖတ်ကြား အတည်ပြု ရယူခဲ့သည်။

ဆက်လက်၍ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၀) တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ခြင်း၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၀) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)

၀၉−၂၅၀၁၃၂၉၄၃

More Articles...

  1. ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)၊Cash For Work(CFW)နှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်
  2. ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အင်းတိန်-မှော်ဘီလမ်း အင်းတိန် သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု
  3. ရှမ်းပြည်နယ်ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံကြီး/ဆေးရုံ/တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် လက်ထောက်ဆရာဝန်ရာထူး (လစာနှုန်း-၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀)ကျပ် နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
  4. ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ‌နောင်ထော်-ပွန်ချောင်း (3/2မိုင်) ကတ္တရာထပ်ပိုးလွှာခင်းလမ်းဖွင့်ပွဲကျင်းပ
  5. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံ
  6. ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး (FAW)ကာကွယ်နှိမ်နင်းရန် ထောက်ပံပစ္စည်းပေးအပ်ခြင်းနှင့် မိုးစပါးကောက်စက်စိုက်ဖြင့် စိုက်ပျိုးပြသခြင်း တက်ရောက်
  7. အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်
  8. ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ(၁/၂၀၂၀)ကြိမ်မြောက်အစည်းအဝေးကျင်းပ
  9. ဈေးပြိုင်လေလံကြော်ငြာအမှတ်-၃/၂၀၁၉-၂၀၂၀(ဒေသဖွံ့ဖြိုးရေး) (သတ-ဖ) သစ်မာ(သစ်လုံး/တိုင်/သစ်ခွဲသား)များအား ဒေသဖွံ့ဖြိုးရေးသို့ ရောင်းချခြင်း
  10. လေလံကြော်ငြာအမှတ်-၂/၂၀၁၉-၂၀၂၀ (MSME) သာမန်/(သတ-ဖ) ကျွန်း/သစ်မာ (သစ်လုံး/တိုင်/သစ်ခွဲသား)များအား သစ်အခြေခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)သို့ ရောင်းချခြင်း

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 176 guests and no members online

Latest Updates