သတင်းများ

ရှမ်းပြည်နယ်အတွင်း COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

တောင်ကြီး မတ်   ၁၉

55

ရှမ်းပြည်နယ်(တောင်ပိုင်း) ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အတွင်း COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ကျင်းပသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ) မှတာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကဆေးရုံမှ တာဝန်ခံများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၁၇.၃.၂၀၂၀ ရက်နေ့ WHO Situation Report အရ တစ်ကမ္ဘာလုံးမှာ (၁၇၉၁၁၂)ဦး ပိုးတွေ့ရှိခဲ့ပြီး၊ (၇၄၂၆)ဦး သေဆုံးခဲ့ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပိုးတွေ့လူနာပေါင်း (၈၁၁၁၆)ဦးရှိခဲ့ပြီး၊ (၃၂၃)ဦး သေဆုံးခဲ့ပါကြောင်း၊ COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကို Containment အနေနဲ့ ဆောင်ရွက်လျက်ရှိပြီး (၁၇.၃.၂၀၂၀) ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် စောင့်ကြည့် လူနာ (၁၄၄)ဦးအား စစ်ဆေးခဲ့ပြီး (၁၃၅)ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်း မရှိဘဲ (၉)ဦး၏ ဓာတ်ခွဲအဖြေအား စောင့်ဆိုင်းဆဲ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း COVID-19 စောင့်ကြည့်လူနာပေါင်း (၂၇)ဦးရှိပြီး (၂၄)ဦးတွင် ရောဂါပိုးတွေ့ရှိခြင်း မရှိဘဲ လူနာ (၃)ဦး၏ ဓာတ်ခွဲနမူနာအဖြေအား စောင့်ဆိုင်းဆဲ ဖြစ်ပါကြောင်း၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် POE များတွင်  Fever Surveillance ပြုလုပ်၍ စောင့်ကြည့်ခြင်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် (၁၈)နေရာ၊ ရှမ်း (အရှေ့ပိုင်း)တွင် (၁၀)နေရာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၁)နေရာ စုစုပေါင်း (၂၉)နေရာ၌ ဆောင်ရွက်လျက်ရှိပြီး ကျေးလက်ဒေသအထိ ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ရှမ်းပြည်နယ်အတွင်း COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ ကာကွယ်ရေးနှင့် လုပ်ငန်း သုံးပစ္စည်းများ ဝယ်ယူရန် (၁၆၉)သိန်း (၉)သောင်းကျပ်အားလည်းကောင်း၊ POE များ၏ Fever Surveillance လုပ်ငန်းတွင် အသုံးပြုရန် သိန်း (၆၀)ကျပ်အားလည်းကောင်း၊ တစ်ကိုယ်ရေသုံးကူးစက်ရောဂါကာကွယ်ရေးဝတ်စုံ Personal Protective Equitment (PPE) (၃၀၀၀)စုံ ဝယ်ယူရန်အတွက် (၂၈၅)သိန်းအား လည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း အဖွင့်အမှာစကား၌ ပြောကြားသည်။ 

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တောင်ကြီး) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (လားရှိုး) ပြည်နယ်ဦးစီးမှူး ဒေါက်တာ တင်မောင်ညွန့်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကျိုင်းတုံ) ဒေါက်တာဘစိုးသက်၊ အမျိုးသမီးနှင့်ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ခိုင်တို့က COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုများအကြောင်း ရှင်းပြပြီး ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကိုတင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် COVID-19 အဆုတ်ရောင်ရောဂါ သံသယလူနာတွေ့ရှိမှု အခြေအနေ၊ ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းသန်းကျော် (တောင်ကြီး)

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ကွင်းဆင်းကြည့်ရှု

တောင်ကြီး  မတ်  ၁၇

54

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့သည်  မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် စဝ်စံထွန်းပြည်သူဆေးရုံကြီးတွင် လူနာဆောင်နှင့်ကုတင်(၅၀၀)ဆံ့၊ ငါးထပ်ဆောင်တို့ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

အဆိုပါ စဝ်စံထွန်းပြည်သူဆေးရုံကြီးတွင် ထားရှိသည့်လူနာဆောင်၊ ဧည့်သည်တော်များ နားနေဆောင်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လူနာများအရေးပေါ်ဖြစ်ပေါ်လာပါက လူနာဆောင်သီးသန့်ဆောင်များကို လူနာ (၄၀)ထားရှိနိုင်ရေးနှင့် ဆရာဝန်၊ ဆရာမများ၊ သူနာပြုဆရာမများကို ကိုရိုနာဗိုင်းရပ်စ်အကြောင်းအား ရှင်းလင်းပြောကြား ပေးခဲ့ပြီး သီးသန့်ဆောင်ပြင်ဆင်ထားမှုနှင့် ကုတင်(၅၀၀)ဆံ့၊ ငါးထပ်ဆောင်တွင် ပြင်ဆင်ထားမူများကို သွားရောက်လေ့လာ၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ ဆေးရုံအုပ်နှင့်အတူ ပြင်ဆင်ဆောင်ရွက်ချက်များကို လိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

ရှမ်းပြည်နယ်အတွင်း (COVID-19) ကာကွယ် ကုသရေး လုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ ငွေရည်ပုလဲကုမ္ပဏီများအုပ်စုမှ လာရောက်လှူဒါန်း

တောင်ကြီး မတ် -   ၁၆

49

             မတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရှမ်းပြည်နယ်အတွင်း ၂၀၁၉-ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ (COVID-19) ကာကွယ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ တစ်စုံ ကျပ်သိန်းတစ်ရာ့ငါးဆယ် တန်ဖိုးရှိ Philips Respironics Trilogy 202 portable ventilator အမျိုးအစား အသက်ရှူစက် (၂)စုံ (တန်ဖိုးငွေကျပ်သိန်းသုံးရာ) နှင့် တစ်စုံ ကျပ်ကိုးထောင့်ငါးရာ တန်ဖိုးရှိ တစ်ကိုယ်ရေသုံး ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံ အစုံ (၁၀၀၀) (တန်ဖိုး ကိုးဆယ့်ငါးသိန်းကျပ်) စုစုပေါင်း ငွေကျပ် သုံးရာကိုးဆယ့်ငါးသိန်း တန်ဖိုးရှိ ပစ္စည်းများ ကို ငွေရည်ပုလဲကုမ္ပဏီများအုပ်စု (Ngwe Yi Pale Group of Companies) ကိုယ်စား Executive Director ဦးစိန်မျိုးအောင်မှ လှူဒါန်းပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က လက်ခံပြီး ကျေးဇူးတင်စကားပြောကြားကာ မှတ်တမ်းတင် ဂုဏ်ပြု လက်မှတ် ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀)ကျင်းပ

တောင်ကြီး  မတ်  ၁၇

53

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀)ကို မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု များ၊ ပြန်လည်စိစစ်ရေးကော်မတီများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ၊ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်းရှိ မြေယာကိစ္စတင်ပြ တိုင်ကြားမှုများအပေါ် ခရိုင်နှင့်မြို့နယ်ကော်မတီများအနေဖြင့် စိစစ်ဖြေရှင်းဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းတို့ကို ဗဟိုကော်မတီမှချမှတ်ထားသောမူဝါဒနှင့် လုပ်ငန်းစဉ်(၅၂)ချက်နှင့် အညီ စိစစ်ပြီးစိစစ်တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များဖြင့် ဗဟိုကော်မတီမှသတ်မှတ်ထားသည့် အစီရင်ခံစာပုံစံ အတိုင်း ခရိုင်၊ မြို့နယ်မြေစစ်များမှလည်း အချက်အလက်ပြည့်စုံစွာဖြင့် တင်ပြဆောင်ရွက်ရန်ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း မြေယာကိစ္စ အမှုတွဲလက်ကျန်များ အမြန်ပြီးပြတ်စေရေးအတွက် ပြည်နယ်ကော်မတီ၊ ရုံးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ ဝန်ထမ်းများဖြင့် မြေစစ်ဗဟိုကော်မတီရုံးတွင် တွဲဖက်တာဝန်ထမ်းဆောင်ရန် ဗဟိုကော်မတီမှ ညွှန်ကြားလာသဖြင့် ၂၃-၃-၂၀၂၀ ရက်နေ့မှစ၍ ဝန်ထမ်း(၄)ဦးစီအလှည့်ကျ စေလွှတ်ဆောင်ရွက်သွားမည် ဖြစ်ပြီး ချိတ်ဆက်ဆောင်ရွက်ကြရန်၊ ခရိုင်၊ မြို့နယ် မြေစစ်ကော်မတီအဆင့်ဆင့်အနေဖြင့် ကျန်ရှိသည့် ဗဟိုအမှု(၁၅၉)မှု၊ ပြည်နယ်တိုက်ရိုက်တိုင်ကြားစာအမှု (၂၁၈)မှု၊ စုစုပေါင်း(၃၇၇)မှုကို ၂၀၂၀ပြည့်နှစ်အတွင်း ပြီးပြတ်အောင် အချိန်ကြန့်ကြာမှု မရှိစေဘဲ မူဝါဒ၊ လုပ်ငန်းစဉ်(၅၂)ချက်နှင့်အညီ ဆောင်ရွက်စေလိုပါကြောင်း တိုက်တွန်း၍ အမှာစကားပြောကြားခဲ့သည်။

ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အမှုတစ်မှုချင်းအလိုက် ဗဟိုကော်မတီတိုင်ကြားသည့် အမှု(၂၆)မှု၊ ရှမ်းပြည်နယ်ကို တိုက်ရိုက် တိုင်ကြားသည့်စာအမှု(၁၄)မှုတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ပြည်နယ်မြေ/စစ်ကော်မတီဝင်များနှင့် ခရိုင်မြေ/စစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူးများက တင်ပြဆွေးနွေးခဲ့ပြီး၊ အမှုများကိုပက်ဖျက်ခြင်း အတည်ပြုခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများပြုလုပ်၍ သက်ဆိုင်ရာမြေပိုင်ရှင်များတို့ပေးအပ်ရန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စျေးသူစျေးသားများအား အားပေးစကားပြောကြား

တောင်ကြီး မတ် - ၁၃

48

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော် နှင့် တာဝန်ရှိသူတို့သည် မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က  တောင်ကြီးမြို့၊ မြို့မစျေးနှင့် City Square တို့ရှိ ကုန်စိမ်း၊ ကုန်ခြောက်အရောင်းဆိုင်များရှိ ဈေးသူဈေးသားများအား  Covid- 19 နှင့် ပတ်သက်၍ ရောဂါကူးစက်သည့် နည်းလမ်းများ၊ ရောဂါကာကွယ်နိုင်သည့် နည်းလမ်းများအား ပြည်နယ်ဝန်ကြီးချုပ်မှ ရှင်းလင်းပြောကြားကာ ဈေးသူဈေးသားများကို အားပေးစကားပြောကြားပြီး စျေးအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က UNRCအဖွဲ့နှင့် လက်ခံတွေ့ဆုံ

တောင်ကြီး မတ်  ၁၇

52

ရှမ်းပြည်နယ်(တောင်ပိုင်း) ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊  ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren၊ ကုလသမဂ္ဂ ယာယီဌာနေကိုယ်စားလှယ် Mr. Peter Barwick တို့နှင့်လက်ခံတွေ့ဆုံပွဲကို မတ်လ ၁၇ ရက် မွန်းလွဲ ၃ နာရီအချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဧည့်သည်တော်ခန်းမ၌ တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် UNRC အဖွဲ့တို့က အပြန်အလှန် ဆွေးနွေးတင်ပြ ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

ကွမ်းလုံမြို့၌ ၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသားကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီးကြည့်ရှုအားပေး

ကွမ်းလုံ   မတ် -  ၁၂

47

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့၊ အထက(ကွမ်းလုံ) စာစစ်ဌာနတွင် မတ် ၁၂ ရက် နံနက် ၉ နာရီက ကျောင်းသားကျောင်းသူများ ၂၀၂၀ တက္ကသိုလ်ဝင်တန်း၊ အင်္ဂလိပ်ဘာသာရပ် ဖြေဆိုနေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးသည် အထက(ကွမ်းလုံ)ကျောင်းရုံးခန်းမ၌ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများအား ညစာကြည့်ဝိုင်းဖွင့်လှစ်၍ အချိန်ပိုသင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ငွေကျပ်(၂၄)သိန်း ထောက်ပံ့ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ကွမ်းလုံပြည့်သူဆေးရုံတွင် အသစ် ဆောက်လုပ်မည့် ခွဲစိတ်ခန်းပါ နှစ်ထပ်လူနာဆောင် မြေသန့်ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ပန္နက်ရိုက်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က UNDPအဖွဲ့နှင့် လက်ခံတွေ့ဆုံ

တောင်ကြီး မတ်  ၁၆

51

ရှမ်းပြည်နယ်(တောင်ပိုင်း) ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ Thomas Crick – SARL Project Manager, UNDP၊ Jane Abudho – HLP and Durable Solutions Coordinator, UNDP၊ U Aung Linn – Area Office Coordinator, UNDP Taunggyi Office၊ Shaun Butta – HLP Lead Researcher၊ Daw Nang Kay Si Tun – HLP Associate Researcher တို့နှင့်လက်ခံတွေ့ဆုံပွဲကို မတ်လ ၁၆ရက် မွန်းလွဲ ၃ နာရီအချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဧည့်သည်တော်ခန်းမ၌ တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် UNDPအဖွဲ့တို့က အပြန်အလှန် ဆွေးနွေးတင်ပြ ခဲ့ကြကြောင်းသိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ တောင်ကြီးမြို့နယ်ရှိစာဖြေဌာနများသို့လိုက်လံကြည့်ရှုအားပေး

တောင်ကြီး မတ် - ၁၁

45

မြန်မာနိုင်ငံတစ်ဝှမ်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ ၁၁ ရက်နေ့ မှ ၂၀ ရက် နေ့အထိ တစ်ပြိုင်နက်တည်းကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ စာစစ်ဌာန၌ စာဖြေဌာန (၁၅)ခုတွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူ (၉၅၂၁)ဦးရှိရာ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ(၈၈၅၇)ဦးသည် မတ်လ ၁၁ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဝင်ရောက်ဖြေဆိုလျက်ရှိပြီး စာဖြေဌာနများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ၊ ပြည်နယ်ပညာရေးမှူး၊ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၆၆၄၉၅)ဦးရှိသည့်အနက် ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ(၆၂၄၂၃)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားနှင့် အသေးစားလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်များ၊ ကတိကဝတ်များနှင့် EMP Format တို့အားရှင်းလင်းဆွေးနွေးခြင်း

တောင်ကြီး မတ်   ၁၆

50

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားနှင့် အသေးစား လုပ်ငန်းများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်များ၊ ကတိကဝတ်များနှင့် EMP Format တို့အားရှင်းလင်းဆွေးနွေးခြင်းကို မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၁)၌ ကျင်းပသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အမှုထမ်း အရာထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ဓာတ်သတ္တုလက်လုပ်လက်စား ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ဓာတ်သတ္တု အသေးစားတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများအား IEE အစီရင်ခံစာအစား ဆောင်ရွက်ရမည့် EMP Format နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက ရှင်းလင်းတင်ပြချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

လားရှိုးမြို့၌ ၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့်ကျောင်းသား၊ကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီးမှကြည့်ရှုအားပေး

လားရှိုး   မတ် - ၁၁

46

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများသည် မတ်(၁၁)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အမှတ်(၁)၊(၂)၊(၃)၊(၄)၊(၆)၊(၈) အခြေခံပညာအထက်တန်းကျောင်း များတွင် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ကျောင်းသူများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် စာစစ်ဌာနများဖြစ်သည့် လားရှိုးခရိုင်တွင်(၁၂)ခု၊ မူဆယ်ခရိုင်တွင်(၉)ခု၊ ကျောက်မဲခရိုင်တွင်(၁၉)ခု၊ စုစုပေါင်း(၄၀)ရှိပြီး စာရင်းရှိကျောင်းသား၊ကျောင်းသူစုစုပေါင်း(၁၉၂၆၈)၊ ဖြေဆိုသူစုစုပေါင်း(၁၈၁၂၃)၊ ရာခိုင်နှုန်း(၉၄.၀၆)နှင့်၊  ပျက်ကွက်စုစုပေါင်း(၁၁၄၅)၊ ရာခိုင်နှုန်း(၅.၉၄)ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

More Articles...

  1. ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်၍ ဆီဆိုင်မြို့နယ် နောင်ထော်စာသင်ကျောင်းအတွက် အလှူငွေပေးအပ်ပွဲ
  2. ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများဖြင့်တွေ့ဆုံပွဲ
  3. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Swiss Agency for Development and Cooperation (SDC)အဖွဲ့တွေ့ဆုံခြင်း
  4. အမိန့်ကြော်ငြာစာ (၁၉/၂၀၂၀)
  5. အမိန့်ကြော်ငြာစာ (၁၉/၂၀၂၀)
  6. ပဉ္စမအကြိမ်မြောက် စည်ပင်သာယာရေးအဖွဲ့များအတွက် ကောင်းမွန်သော အလေ့အထများမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
  7. ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများပေးအပ်
  8. (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ကျင်းပ
  9. လူထုဗဟိုပြုစီမံကိန်းကိုရှမ်းပြည်နယ် အတွင်းရှိမြို့နယ်(၁)မြို့နယ်တွင်ထပ်မံတိုးချဲ့အကောင်အထည်ဖော်နိုင်ရေး မြို့နယ်ရွေးချယ်
  10. ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ်နှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 99 guests and no members online

Latest Updates