သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ Covid-19 ရောဂါပိုး စစ်ဆေးနိုင်သည့်စက် တပ်ဆင်မည့်နေရာအား ကွင်းဆင်းကြည့်ရှု

တောင်ကြီး ဇွန် - ၂

109

Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၊ ကုတင်(၅၀၀)ဆံ့ အဆောက်အဦတွင် ရောဂါပိုးစစ်ဆေးနိုင်သည့်စက် တပ်ဆင်ထားရှိမည့်နေရာအား ဇွန် ၂ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။

စဝ်စံထွန်းဆေးရုံ၊ ကုတင်(၅၀၀)ဆံ့ အဆောက်အဦတွင် Biosafety Lab အဆောက်အဦ ဆောက်လုပ်ရန်အတွက် ပုံစံ(၂)မျိုးဖြစ်သော (၅၀ˈ×၄၀ˈ) နှင့် (၆၀ˈ×၄၈ˈ)ရှိ RCC Construction (or ) Steel Structure Construction အား MSC Engineering မှ ဦးစိုးလှိုင်က ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊စဝ်စံထွန်းဆေးရုံအတွက် Covid-19 ရောဂါပိုးစစ်ဆေးနိုင်သည့်စက်သည် မန္တလေးမြို့တွင် ရောက်ရှိနေပြီး စက်တန်ဖိုးမှာ ကျပ်သိန်း(၄၀၀၀) ကျော်ခန့် ဖြစ်ပြီး ဓါတ်ခွဲခန်း ဆောက်လုပ်ရန်အတွက် ကုန်ကျငွေမှာ ကျပ်(၁၂၆၄)သိန်း ရှိကြောင်းနှင့် ရှမ်းပြည်နယ်ရန်ပုံငွေဖြင့် သုံးစွဲသွားမည်ဖြစ်ကြောင်း၊ မန္တလေးစွမ်း ကုမ္ပဏီနှင့် တည်ဆောက်မည်ဖြစ်ကာ မေလ ၂၆ ရက်နေ့တွင် လုပ်ငန်းအပ်နှံခဲ့ပြီး စရံငွေကျပ်သိန်း(၃၀၀) ပေးချေခဲ့ပြီးဖြစ် ကြောင်း၊ ဓါတ်ခွဲခန်းပြုပြင်မှုသည် ဇွန် ၂၀ ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်းနှင့် ရောဂါပိုးများ စမ်းသပ်ရှာဖွေသွားနိုင်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းထံမှ သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

 

 

(၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး ပထမအကြိမ်လုပ်ငန်းညှိနှိုင်း

တောင်ကြီး မေ - ၂၇

108

၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မေ ၂၇ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ (ပထမ)အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခင်နှစ် ဇွန်လ ၂၆ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကြိုတင်ပြီး ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို သက်ဆိုင်ရာကျောင်းများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် (COVID-19)ရောဂါပြန့်ပွားမှုများကြောင့် ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်နိုင်ခြင်းမရှိသေးသော်လည်း ကျင်းပပြုလုပ်ရန် ညွှန်ကြားချက်ရရှိပါက အသင့်ပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိ ရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့များသည် နှစ်စဉ် မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများကို အရှိန်အဟုန်မြှင့်စုံစမ်းဆောင်ရွက်ခဲ့ကြသဖြင့် ထုထည် ပမာဏများစွာသော မူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းအရေးယူနိုင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်အတွင်းမှာ ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများကို နှစ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၈၂)သန်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၁)သန်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၄၃)သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀၉)သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၅၀)သန်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများကိုလည်းကောင်း အသီးသီးဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် အကြမ်းအားဖြင့် မြန်မာငွေကျပ်သန်းပေါင်း(၁၄၇၀၆၈)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးသွားမှာဖြစ်ပြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာအနီးတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ဧပြီ ၉ ရက်နေ့ထိ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများမှာ အမြောက်အများရှိနေသဖြင့် ဒေသန္တရအမိန့်ဖြင့် ဖျက်ဆီးခွင့်ရရှိရေး ဆက်လက်ဆောင်ရွက်ထားရှိပြီး၊ အဆိုပါမူးယစ်ဆေးဝါးများကို တောင်ကြီးမြို့တွင် ပူးပေါင်းဖျက်ဆီးရမည်ဆိုပါက ယခင်နှစ်ထက် ပမာဏပိုများသွားမည်ဖြစ်၍ ဆပ်ကော်မတီများအနေဖြင့် ကြိုတင်ပြင်ဆင် သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုတို့က ဆွေးနွေးတင်ပြကြပြီး၊ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆပ်ကော်မတီ အလိုက်ဆွေးနွေးတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးတင်ပြကြကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

တောင်ရိုးတိုင်းရင်းသားနှင့် အင်းတိုင်းသားရင်းများအား စားနပ်ရိက္ခာထောက်ပံ့ပေးမှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

တောင်ကြီး    မေ   -  ၂၄

103

ရှမ်းပြည်နယ်( တောင်ပိုင်း )၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ ပန်းတင်ကျေးရွာ၊ လက်မောင်းကွေးကျေးရွာနှင့် ဟဲယာရွာမတို့တွင် မေ(၂၄)ရက်နံနက်ပိုင်းက COVID-19 ရောဂါ ဖြစ်ပွားနေချိန်အတွင်း ပြည်သူများ စားဝတ်နေရေး အခက်အခဲ မရှိစေရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်ပြည်သူစားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ကော်မတီတို့မှ ဒေသခံပြည်သူများ အား ဆန်၊ဆီ၊ကုလားပဲတို့ကို ထောက်ပံ့ပေးအပ်ကြသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အင်းတိုင်းရင်းသားရေးလူမျိုးရေးရာဝန်ကြီး၊ ပြည်သူ့လွှတ်တော်/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ်လိမီတက် နာယကနှင့် အရာထမ်း/အမှုထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူ စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအဖွဲ့များတို့က ပန်းတင်ကျေးရွာ အိမ်ခြေ( ၄၀ )စုကို ဆန်၊ ဆီ၊ ကုလားပဲနှင့် စိုက်ပျိုးရန် သရက်၊ ထောပတ်၊ ဝက်သစ်ချပျိုးပင်များ ငွေသားကျပ်(၁)သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ် နာယကနှင့် တာဝန်ရှိသူများသည် လက်မောင်းကွေးကျေးရွာရှိ အိမ်ခြေ(၄၂)၊ လက်မောင်းကွေးကျေးရွာအုပ်စု၊ အိမ်ခြေ(၅၀၀)ရှိ တောင်ရိုးတိုင်းရင်းသားများကို ဆန်၊ ဆီ၊ ကုလားပဲ၊ ပျိုးပင်နှင့် ငွေသားကျပ်(၁)သောင်းစီ ထောက်ပံ့ပေးအပ်ပြီး လက်မောင်းကွေးကျေးရွာကျောင်းနား ဘုန်းကြီးကျောင်းကို ဆန်(၂၀)အိတ်၊ ဆီ(၅)ပုံး လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 ထို့နောက် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဟဲယာရွာမတွင် အင်းတိုင်းရင်းသား အိမ်ထောင်စု(၅၀၀)အတွက် ဆန်၊ ဆီ၊ ကုလားပဲပါ ရိက္ခာထုတ်(၅၀၀)ထုပ်၊ ငွေကျပ်(၁)သောင်းစီ COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ နှင့် ဟဲယာရွာမ၊ ရွှေဘုံသာသဒ္ဓမ္မဝုဒ္ဓိကာရီဘုန်းကြီးကျောင်းကို ဆန်အိတ်( ၅၀ )၊ ဆီ( ၁၀ )ပုံးနှင့် ဟဲယာရွာမ တံတား( ၃ )စင်း တည်ဆောက်ရန်အတွက် ဘိလပ်မြေ(၆၀၀)အိတ်နှင့် အလှူငွေများ၊ မသန်စွမ်းလက်ရွေးစင်ဘော်လီဘော အားကစားသမား (၂)ဦးကိုလည်း ဆန်၊ ဆီ၊ ကုလားပဲနှင့် COVID-19  ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။ 

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွ့န်လွင်သည် ရှမ်းပြည်နယ် ပြည်သူစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ တောင်ကြီးမြို့ပေါ်၊ ကျောင်းကြီးစုရပ်ကွက်၊ ကံကြီးရပ်ကွက်၊ ချမ်းသာရပ်ကွက်ရှိ အိမ်ထောင်စု(၁၀၈၁)အား ဆန်၊ ဆီ၊ ကုလားပဲပါ ရိက္ခာထုတ်(၁၄၉၁)ထုပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်းသိရသည်။ 

 

မောင်မောင်သန်း(တောင်ကြီး)

 09-250132943

အေးသာယာမြို့ရှိပြည်သူများအား ဆန်၊ ဆီ၊ ကုလားပဲ၊ စားနပ်ရိက္ခာထောက်ပံ့

တောင်ကြီး    မေ   -  ၂၇

107

ရှမ်းပြည်နယ်( တောင်ပိုင်း )၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မေ(၂၇)ရက်နံနက်ပိုင်းက COVID-19 ရောဂါ ဖြစ်ပွားနေချိန်အတွင်း ပြည်သူများ စားဝတ်နေရေး အခက်အခဲမရှိစေရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်ပြည်သူစားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ကော်မတီတို့မှ ဒေသခံပြည်သူများအား ဆန်၊ဆီ၊ကုလားပဲတို့ကို ထောက်ပံ့ပေးအပ်ကြသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ကမ္ဘောဇဘဏ်လိမီတက်နာယကနှင့် အရာထမ်း/အမှုထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူ စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီအဖွဲ့များတို့က အေးသာယာမြို့ ရပ်ကွက် (၁၂)ရက်ကွက်ရှိ အိမ်ထောင်စု(၂၃၇၆)စု၊ ရိက္ခာထုပ် (၃၂၁၅)ထုပ်၊ ဆန်၊ ဆီ၊ ကုလားပဲနှင့် ငွေသားကျပ်(၁)သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 

ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်လီမိတက်၏ မတည်လှူဒါန်း ငွေကျပ်သိန်း(၅၀၀၀)ကျော်နှင့် အများပြည်သူလှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်းနေထိုင်ကြသည့် အခြေခံတိုင်းရင်းသား ပြည်သူမျိုးစုံတို့အားလည်းကောင်း၊ စစ်ဘေးရှောင်စခန်းများအားလည်းကောင်း၊ သာသနာရေးဆိုင်ရာဘုန်းတော်ကြီးကျောင်း များနှင့်ပရဟိတကျောင်းများသို့လည်းကောင်း၊ စားနပ်ရိက္ခာများဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကိုလည်း တိုင်းဒေသကြီးပြည်နယ်အသီးသီးရှိ နေရပ်ပြန်များရောက်ရှိနေသည့် တိုက်နယ်ဆေးရုံ၊ ကျေးရွာကျန်းမာရေးစခန်းများ၊ ရောဂါကာကွယ်ရေးစောင့်ကြည့်စခန်း များသို့ နေရာအရောက်အဆက်မပြတ်သွားရောက်ပေးပို့လှူဒါန်းလျက်ရှိကြောင်းသိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 09-250132943

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်တောင်ကြီးမြို့ပေါ်ရပ်ကွက်များအားဆန်၊ ဆီ၊ ဆား၊ ကုလားပဲထောက်ပံ့

တောင်ကြီး မေ -  ၂၃

102

COVID-19ရောဂါဖြစ်ပွားနေချိန်အတွင်း တောင်ကြီးမြို့ပေါ်ရှိအခြေခံပြည်သူများ စားဝတ်နေရေးအခက်အခဲ မရှိစေရန် အတွက်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ကမ္ဘောဇဘဏ် လီမိတက်နာယကနှင့် အရာထမ်းဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များတို့နှင့်အတူ တောင်ကြီးမြို့စဝ်စံထွန်းရပ်ကွက်နှင့် ညောင်ဖြူစခန်းရပ်ကွက်ရှိ အခြေခံပြည်သူလူထု အိမ်ထောင်စု(၁၁၂၇)စုတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများပါဝင်သည့် ရိက္ခာထုပ်ပေါင်း(၁၄၅၃)ထုပ်အားလည်းကောင်း ညောင်ဖြူစခန်းရပ်ကွက်ရှိ ပြည်သူလူထုတို့အား မိသားစုတစ်နိုင်တစ်ပိုင် စိုက်ခင်းများထူထောင်နိုင်ရန် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေသည့်ပျိုးပင်များမျိုးစေ့များဖြန့်ဝေပေးခြင်းအား လည်းကောင်း၊ တောင်ကြီးမြို့ပေါ်ရှိဗဟိုသံဃာဝန်ဆောင်ဆရာတော်ကြီးနှင့် ပြည်နယ်သံဃာဝန်ဆောင် ဆရာတော်ကြီး (၆)ပါး သီတင်းသုံးနေသည့်ကျောင်းတိုက်(၆)တိုက်ရှိ ရဟန်းသံဃာများအတွက်ဆန်(၅၀)အိတ်၊ ဆီ(၁၅၀)ပိဿာ၊ အာလူး(၅)အိတ်၊ တို့အားအသီးသီးပေးအပ်လှူဒါန်းကြောင်းသိရသည်။

ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်လီမိတက်၏ မတည်လှူဒါန်း ငွေကျပ်သိန်း(၅၀၀၀)ကျော်နှင့် အများပြည်သူလှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်းနေထိုင်ကြသည့် အခြေခံတိုင်းရင်းသား ပြည်သူမျိုးစုံတို့အားလည်းကောင်း၊ စစ်ဘေးရှောင်စခန်းများအားလည်းကောင်း၊ သာသနာရေးဆိုင်ရာဘုန်းတော်ကြီးကျောင်း များနှင့်ပရဟိတကျောင်းများသို့လည်းကောင်း၊ စားနပ်ရိက္ခာများဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကိုလည်း တိုင်းဒေသကြီးပြည်နယ်အသီးသီးရှိ နေရပ်ပြန်များရောက်ရှိနေသည့် တိုက်နယ်ဆေးရုံ၊ ကျေးရွာကျန်းမာရေးစခန်းများ၊ ရောဂါကာကွယ်ရေးစောင့်ကြည့်စခန်း များသို့ နေရာအရောက်အဆက်မပြတ်သွားရောက်ပေးပို့လှူဒါန်းလျှက်ရှိကြောင်းသိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09-250132943

စားသောက်ဆိုင်များ၊ တည်းခိုခန်းများနှင့် ယာဉ်လိုင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး၊ မေ - ၂၆ 

106

စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ၊ တည်းခိုခန်းများနှင့် ယာဉ်လိုင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)ကို မေ ၂၆ ရက်၊ နံနက် (၁၀)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက Covid-19 နှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အတွင်း မေလ ၃၁ ရက်နေ့အထိ ကန့်သတ်ချက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာနှင့် ပန်ကြားလွှာ များ ထုတ်ပြန်သတ်မှတ်ထားရှိမှုများကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ မေလ ၁၈ ရက်နေ့က Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များကို အမိန့်စာ(၁)စောင် ပေးပို့လာကြောင်း၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင် များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဆိုင်ရာအသိပေးခြင်း စည်းကမ်းချက်များ နှင့်အညီ ဆိုင်များဖွင့်လှစ်ရန်နှင့် Covid-19 ရောဂါပြန့်ပွားနိုင်မှုအများဆုံး ကူးစက်နိုင်သည့်နေရာများကို ယခင်က ယာယီခေတ္တပိတ်ပင်ထားရှိခဲ့ကြောင်း၊ ယခုဆိုင်များဖွင့်လှစ်ပါက စားသုံးသူများလိုက်နာရန်နှင့် ဈေးရောင်းချသူများလိုက်နာရန် စည်းကမ်းချက်များကို ပြောကြားသွားသည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများမှ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး အထွေထွေဆွေးနွေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ “စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ဟိုတယ်၊ ယာဉ်လိုင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အစည်းအဝေးတစ်ခုဖြစ်ပါတယ်၊ Covid-19 ပတ်သက်ပြီး ကျန်းမာရေးရှုထောင့်မှ ကန့်သတ်ပိတ်ပင်ထားရှိပါကြောင်း၊ လက်ရှိရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်၊ ကြော်ငြာစာ၊ ကန့်သတ်ချက်များမှာ မေလ ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်၊ ဇွန်လ ၁ ရက်နေ့မှစ၍ ထုတ်ပြန် သင့်သည့်အချက်များ ထုတ်ပြန်သွားမည်ဖြစ်ပါတယ်၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များ ရည်ရှည် ပိတ်ထားသည့်အတွက် ဆိုင်ရှိအလုပ်သမားများ စားဝတ်နေရေးအခက်အခဲဖြစ်ခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းမျဉ်း၊ စည်းကမ်းချက်နှင့်အညီလိုက်နာ၍ လုပ်ကိုင်နိုင်သူများကို ဆိုင်များ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါတယ်၊ စားသောက်ဆိုင်များသည် စည်းမျဉ်းစည်းကမ်းချက်များအတိုင်း၊ Mask တပ်ဆင်ခြင်း၊ Social Distancing ပြုလုပ်ခြင်း၊ Partation များပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်နိုင်ပါက ဆိုင်များကို ဇွန်လ  ၁  ရက်နေ့တွင် ဖွင့်လှစ်ပေးသွားမယ်၊  စည်းကမ်းချက်နှင့်  ခံဝန်ကတိများကို  ပြည်နယ်

စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဈေးများကိုလည်း မေလ ၃၁ ရက်နေ့ထိ ပိတ်ထားသည့်အတွက် ပြည်သူများနှင့် ဈေးသည်များအနေဖြင့် စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ ဈေးကိုဖွင့်လှစ်နိုင်ရန်အတွက် ဈေးဆိုင်ခန်းများအား တဝက်နှုန်းဖြင့် စည်းကမ်းချက်များလိုက်နာ ပါကဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်ရန် အစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ပြီး ပျံကျဈေးများကို လက်ရှိအတိုင်း ဆောင်ရွက်နိုင်ရန်နှင့် ညဈေးကို တဝက်နှုန်းဖြင့် ည ၉ နာရီအထိ စည်ပင်သာယာရေးစည်းမျဉ်းစည်းကမ်း များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များ၊ ကတိဝန်ခံချက်ရှိသူများကို ဇွန်လ ၁ ရက်နေ့တွင်ပြန်လည် ဖွင့်လှစ်ခွင့်ပေးသော်လည်း ကာရာအိုကေဆိုင်များနှင့် Night Club များကို ယခင် မူလအတိုင်း ဖွင့်လှစ်ခွင့်မပေးသေးဘူး၊ ဟိုတယ်ခရီးကိစ္စတွင်လည်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်နယ် စည်ပင်သာယာရေးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးပြီး သတ်မှတ်ချက်များ နှင့်ကိုက်ညီမှုရှိပါက ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်၊ မော်တော်ယာဉ်လိုင်းကိစ္စမှာ ယခင်ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များအတိုင်း ခရီးသည်တဝက်နှုန်းနှင့် ပြေးဆွဲခွင့်ပြုသွားမှာဖြစ်ပါတယ်၊ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ဟိုတယ်ခရီး၊ ယာဉ်လိုင်းများသည် ဇွန်လ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်ပေးသွားပါမယ်၊ သို့သော် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကိုလိုက်နာပြီး ကတိဝန်ခံချက်ရယူပြီးသူမှသာ ဖွင့်လှစ်ခွင့်ပေးသွားမှာဖြစ်ပါတယ်၊ ယခုအစည်းအဝေး ဆုံးဖြတ်ချက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးတင်ပြသွားမည်ဖြစ်ပြီး အစည်းအဝေးမှဆုံးဖြတ်အတည်ပြုချက်ရပါက ရှမ်းပြည်နယ် တစ်ခုလုံးရှိ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီသို့ ထုတ်ပြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆိုင်ဖွင့်လှစ်ရောင်းချမည့်သူများသည် သတ်မှတ်ထားသည့် စည်းကမ်းချက်များအား မလိုက်နာပါက ပထမအကြိမ်မှာ သတိပေးမယ်၊ ဒုတိယအကြိမ်မှာ ဒဏ်ငွေရိုက်မယ်၊ တတိယအကြိမ်မှာတော့ ဆိုင်ကိုပိတ်သိမ်းသွားမှာဖြစ်ပါတယ်၊ ယခုကိစ္စသည် အမျိုးသားဗဟိုအဆင့်မှသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းဖြစ်ပြီး စားသောက် ဆိုင်ရောင်းချသူများက ကတိဝန်ခံချက်ရယူကာ သတ်မှတ်စည်းကမ်းအတိုင်းဆိုင်များကို ပြင်ဆင်ပြီးပါက ကော်မတီများမှလာရောက်စစ်ဆေးတဲ့အခါမှာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ ဖွင့်လှစ်ခွင့်ရမည် ဖြစ်တယ်”လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကပြောသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

 

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၀) ကျင်းပ

တောင်ကြီး      မေ     ၂၂

100

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၀)ကို မေ ၂၂ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဋ္ဌ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မေ ၁၅ ရက်က ကျင်းပပြီးစီးခဲ့သည့် ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၀)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေး၏ အဆက်ဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအစည်းအဝေးအမှတ်စဉ်(၃/၂၀၂၀)တွင် အမှုတွဲပေါင်း (၈၀)ရှိကြောင်းနှင့် အရေးကြီးသည့် အမှုတွဲများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းမှ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၀) တင်ပြချက်များအား ဆွေးနွေးတင်ပြကာ တက်ရောက်လာကြသူများမှ အထွေထွေ ဆွေးနွေးကြပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဋ္ဌ ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

လားရှိုးမြို့၊ မြို့မစျေးနှင့် မြို့တော်ခန်းမရှေ့တွင် (Mask Campaign) အခမ်းအနားပြုလုပ်

 

လားရှိုး မေ - ၂၅

104

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တို့သည် မေလ ၂၂ ရက် နံနက် ၈ နာရီတွင် လားရှိုးမြို့မြို့မစျေးနှင့် မြို့တော်ခန်းမရှေ့တွင် ကျင်းပပြုလုပ်သော(Mask Campaign)အခမ်းအနားသို့ တက်ရောက်ကာ ပြည်သူများအား Mask များတပ်ဆင်ဝေငှပေးခဲ့ကြောင်းသိရသည်။ 

အဖရ(ရှမ်း)

စေတနာ့ဝန်ထမ်း နည်းပြများ ( TOT ) ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ

တောင်ကြီး       မေ      ၂၂

101

ရှမ်းပြည်နယ်(တောင်ပိုင်း)၊စေတနာ့ဝန်ထမ်းနည်းပြများ(TOT)ဆင့်ပွားသင်တန်း ဖွင့်ပွဲကို မေ ၂၂ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်ဆောင်ရွက်နေသူများ Covid-19 ရောဂါ တုံ့ပြန်ဆောင်ရွက်အကူအညီပေး လု်ပငန်းစဉ်များတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Coronavirus Disease 2019 ( Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များမှ ဝန်ကြီးချုပ်များက အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ သည် ဦးဆောင်အဖွဲ့များအဖြစ် တာဝန်ယူဆောင်ရွက်နေခြင်း၊ မိမိတို့က အကူအညီပေးအပ်မည့်သူများအကြား တာဝန်ရှိမှုများ၊ ကျင့်ဝတ်များကို အပြန်အလှန် နားလည်သဘောပေါက်ကာ ထိရောက်အကျိုးရှိစေပြီး စနစ်ကျသော ဝန်ဆောင်မှုများ ပေးရန် လိုအပ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်မည့်သူများသည် Quarantine Center ၏ လုပ်ငန်းစဉ်များတွင် မိမိ၏ ကျွမ်းကျင်မှုအလိုက် ပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများအား နိုင်ငံတော်က အသိအမှတ်ပြုခြင်းများ ဆောင်ရွက်ပေးခြင်းအပြင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အချက်အလက်များကို သိရှိပြီး ထိရောက်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့သင်တန်းကို အချိန်တို ဖွင့်လှစ်ပေးရခြင်းဖြစ် ကြောင်းနှင့် သင်တန်းမှ ပို့ချသင်ကြားမည့် ဘာသာရပ်များကို ကောင်းစွာသင်ယူသွားကြရန် ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ကလေးအထူးကု ဆရာဝန်ကြီး(ငြိမ်း)၊ ဒေါက်တာသန်းထိုက်နှင့် ဒေါက်တာဇော်လင်းဖေတို့က ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်း၊ ရောဂါကာကွယ်ခြင်း နည်းလမ်းများကို ပို့ချ၍ လည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုမှ ပတ်ဝန်းကျင် သန့်ရှင်းရေးအကြောင်း၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူဇော်မှ စိတ်၊ လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှု ပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ ရှမ်းပြည်နယ် Unicef ရုံး တာဝန်ခံ ဒေါ်ခင်မိုးအေးမှ ခွဲခြားနှိမ့်ချဆက်ဆံခြင်း ( Stigma )၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးထွန်းဦးမှ ပြောဆိုဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှု (Communication Skill )ဘာသာရပ်များအား အသီးသီးပို့ချခဲ့ကြကြောင်း သိရှိရသည်။

 

 

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

 

 

လားရှိုးမြို့နယ်မြို့မအားကစားကွင်း ပြုပြင်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

လားရှိုး မေ - ၂၅

105

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းတို့သည် မေ ၂၂ ရက် နံနက် ၁၀ နာရီချိန်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရံပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လားရှိုးမြို့နယ်၊ မြို့မအားကစားကွင်းမြေပြုပြင်ခြင်း၊ မြက်စိုက်ခြင်း၊ ရေနုတ်မြောင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ခရိုင်အားကစားကွင်းမြက်ကပ်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက် လျက်ရှိသော ကုမ္ပဏီများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ 

အဖရ(ရှမ်း)

 

ရှမ်းပြည်နယ်အစိုးရနှင့်တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကုန်သွယ်ရေးဌာန တို့တွေ့ဆုံ

ချင်းရွှေဟော် မေ -၂၂

99

ရှမ်းပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကုန်သွယ်ရေးဌာနတို့သည်မေလ (၂၁)ရက်တွင် ချင်းရွေဟော်မြို့၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။

၎င်းတွေ့ဆုံပွဲတွင် နှစ်နိုင်ငံနယ်စပ် ကူးစက်ရောဂါပူးပေါင်းကာကွယ်ထိန်းချုပ်ရေး၊ နယ်စပ် ဝင်ထွက်သွားလာရေး၊ နယ်စပ်ကုန်သွယ်ရေးတို့နှင့် ပတ်သက်၍ညှိနှိုင်းဆွေးနွေးခဲ့ပြီး ယူနန်အစိုးရမှ Coronavirus Disease 2019 (COVID-19)ကာကွယ်ရေးအတွက် Mask (၁)သိန်းပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်မှ ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

More Articles...

  1. ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အခြေခံပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့
  2. ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေလှူဒါန်း
  3. ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
  4. စျေးကွက်မရ အရှုံးပေါ်နေသော ဂေါ်ဖီထုပ်၊ မုန်ညင်းစိုက်တောင်သူများအား သဘာဝမြေသြဇာနှင့်မျိုးစေ့များ ထောက်ပံ့ပေးအပ်
  5. လျှပ်စစ်ဓါတ်အား (၃၀)မဂ္ဂါဝပ်ဝယ်ယူပြီး သက်သာသောဈေးနှုန်းဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရောင်းချရန်အတွက် သဘောတူညီစာချုပ် လက်မှတ်ရေးထိုး
  6. ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေလှူဒါန်း
  7. ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခေတ္တယာယီစျေးတွင် စျေးရောင်းချနေသူများအား Mask Campaign ပြုလုပ်
  8. Home Garden စိုက်ပျိုးရန်မျိုးစေ့ နှင့်ပျိုးပင်များအခမဲ့ဖြန့်ဝေပေး
  9. မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးမှုအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်
  10. (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေ လာရောက်လှူဒါန်း

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 76 guests and no members online

Latest Updates