We have 172 guests and no members online

လားရှိုး မေ - ၈

49
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မေ(၈)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြောကြားချက်အရ မကြိုက်သည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ တူညီသည့် လမ်းကြောင်းသွားရအောင်နှင့် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် အတွက် နိုင်ငံ့လစာစားမှတော့ ဘယ်အစိုးရတက်တက် နိုင်ငံပေါ်သစ္စာရှိရမည်ဖြစ်ကြောင်း၊ မိမိတို့အုပ်ချုပ်ရေးပိုင်းတွင် အရပ်ဘက်ကအုပ်ချုပ်ပြီး တပ်မတော်က ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း၊ မိမိတာဝန်ယူသည့်ကာလတွင် အမြင်ရှင်းလင်းပြီး တူညီသည့် အကြံဉာဏ်ကောင်းများဖြင့် ရှေ့ဆက်၍ နိုင်ငံ့တာဝန်ကို ဆက်လက်ထမ်းဆောင်ရန်၊ မိမိတို့ကို အမြင်ရှင်းရန်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်၊ ဆရာမများအား ​ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ငါးဘူးတို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ လားရှိုးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင် လာရောက်ကုသနေသော လူနာများအား လှည့်လည်ကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် လားရှိုးမြို့ အမှတ်(၉) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ သွားရောက်ကာ ဆရာဝန်၊ သူနာပြုများအား တွေ့ဆုံအမှာစကားပြောကြားပြီး ဆေးရုံအတွက် ဆေးပဒေသာပင် ငွေကျပ်သိန်း(၂၀)နှင့် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများအတွက် ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ငွေကျပ်(၁၂၉၀၀၀၀)ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ထောက်ပံ့ပေးအပ်ရာ အမှတ်(၉)တပ်မတော်ဆေးရုံ ဗိုလ်မှူးသိန်းဝင်းကျော်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင် လာရောက်ဆေးကုသခံယူနေသော လူနာများအား လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားကာ စားစရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဘာသာမရွေး လူမှုကူညီရေးအသင်းရုံသို့ သွားရောက်ကာ အစာအိမ်မှန်ပြောင်းကြည့်ခန်း၊ ကျောက်ကပ်သန့်စင်ခန်းအား သွားရောက်ကြည့်ရှုခဲ့ပြီး ကျောက်ကပ်သန့်စင်စက်နှင့် ထရန်စဖော်မာအတွက် အလှူငွေကျပ် (၇၈)သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး မေ - ၇

48
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ(၇)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့တွေ့ဆုံပွဲသည် နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ COVID-19 ကာလနှင့်အညီ စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခဲ့ရကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကုန်စျေးနှုန်းများ တက်နေသဖြင့် လုပ်ငန်းရှင်များ ခံစားနေရမှုကို သိရပါကြောင်း၊ စီးပွားရေး လုပ်ငန်းများကို ရပ်ဆိုင်းထားလို့မရကြောင်းနှင့် မည်ကဲ့သို့ရှေ့ဆက်ရမည်ကို စဉ်းစားရမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများတွင်လည်း ပြည်ထောင်စုဝန်ကြီးနှင့် ဆွေးနွေးပြီးဖြစ်၍ အဓိကရှမ်းပြည်နယ်တွင် ဟိုတယ်နှင့်ခရီးပြန်လည် ဖွင့်လှစ်နိုင်ရန် ဆွေးနွေးပြီးဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်မှသာ ဟိုတယ်လုပ်ငန်းများ အဆင်ပြေမည် ဖြစ်ကြောင်း၊ ဒါကြောင့် ရှမ်းပြည်နယ်တွင် ဧပြီလ(၄)ရက်မှစ၍ ညမထွက်ရအမိန့် ည(၈)နာရီမှ မနက်(၄)နာရီအထိအစား ည(၁၀)နာရီမှ မနက်(၄)နာရီအထိ ဖြေလျော့ပေးနိုင်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ပထမဆုံး ကျိုင်းတုံမြို့၊ ဒုတိယ တောင်ကြီးနှင့် တတိယ ကလောမြို့တို့ဖြစ်ကြောင်း၊ ဒီလိုည(၁၀)နာရီထိ ဖြေလျော့ပေးနိုင်ခဲ့သည့်အတွက် ညအချိန်တွင် စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ လမ်းဘေးအကင်ဆိုင်များ၊ ဆိုင်ကယ်တက္ကစီသမားများ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလအတွင်း ချေးယူထားသည့် ချေးငွေများတွင် လုပ်ငန်းရှင်များလည်း ပါနေသဖြင့် (၆)လဆိုင်းငံ့ထားရပါကြောင်း၊ ဥပဒေနှင့်အညီ လုပ်ကိုင် နိုင်ရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများကိုလည်း ခေါ်ယူထားသဖြင့် အားလုံးက ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းကို ရပ်ဆိုင်းထားလို့မရကြောင်း၊ နိုင်ငံတော်၏ ချမှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရှုံးလျှင်ရှုံး ပါစေ အရည်အသွေးကောင်းအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ယခုလိုမျိုး မဖြစ်ရအောင် ယနေ့တွေ့ဆုံပွဲတွင် ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်ရန် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဥပဒေချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ ဖိတ်ခေါ်တွေ့ဆုံ၍ ညှိနှိုင်းတိုင်ပင်ရန်နှင့် အတတ်နိုင်ဆုံး မည်ကဲ့သို့ ဆောင်ရွက်ပေးရမည်နည်း၊ ယခုလိုတွေ့ဆုံပြီး အခက်အခဲများကို ကျော်လွှားကာ ညှိနှိုင်းတိုင်ပင် ဆွေးနွေးရမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် နိုင်ငံတော်၏ ဓနအင်အားဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခု၏ အင်အားတောင့်တင်းနိုင်ရန် စီးပွားရေးမရှိလို့မဖြစ်ကြောင်း၊ ပြည်သူလူထု၏ စီးပွားရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး အာမခံချက်ပေးနိုင်ရန် လုပ်ဆောင်ပေးရမည်က အစိုးရ၏ တာဝန်တစ်ရပ်ဖြစ်သည့်အတွက် ပြည်ထောင်စုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီး များက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ညှိနှိုင်းပေါင်းစပ်သွားရန် စာဝင်ထားပါကြောင်း၊ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနဆိုင်ရာများနှင့် မည်ကဲ့သို့ဆောင်ရွက်ရမည်၊ ပေါင်းစပ်ရမည်ကို ယနေ့အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပြီး အားလုံးဝိုင်းဝန်း ကြိုးစားဆွေးနွေးပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှ ဘဏ်၌ ငွေထုတ်ယူ ခက်ခဲသည့်ကိစ္စ၊ လျှပ်စစ်မီး ရရှိရေး၊ လယ်ယာမြေ၊ သစ်တောမြေကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ တင်ပြဆွေးနွေးကြပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်များက ပြန်လည်ရှင်းလင်း၍ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဧပြီ - ၂၉

45
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဧပြီ (၂၉) ရက် ညနေ (၃) နာရီက တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သက်မွေးပညာသင်တန်းကျောင်းများနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သက်မွေးပညာသင်တန်းကျောင်းများနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် စီမံကိန်းရေးဆွဲရန်၊ ကျောင်းများကို ၂၀၂၁ ခုနှစ် မေလ (၅)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီး ဇူလှိုင်လ(၁၉)ရက်နေ့အထိ ဖွင့်လှစ်ကာ ကိုယ်ပိုင်စာဖတ်ချိန်(၂)ရက်ပေးပြီး စာဖြေချိန်ကို ဇွန်လ(၂၂)ရက်နေ့တွင် ဖြေဆိုပြီး အောင်စာရင်းကို ဩဂုတ်လ ပထမပတ်တွင် ထွက်ရမည်ကို သိထားပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စကို သက်ဆိုင်သည့် ဌာနဆိုင်ရာများကိုလည်း ခေါ်ယူ၍ ညှိနှိုင်းဆွေးနွေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ တက်ရောက်လာကြသော တောင်ကြီးတက္ကသိုလ်၊ တောင်ကြီးနည်းပညာတက္ကသိုလ်၊ တောင်ကြီးကွန်ပျူတာတက္ကသိုလ်၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ပြည်နယ်ပညာရေးမှူးရုံး၊ အစိုးရနည်း ပညာအထက်တန်းကျောင်း(တောင်ကြီး/ပင်းပက်)၊ သက်မွေးပညာသင်တန်းကျောင်း(ညောင်ရွှေ)၊ ကျောင်းအနေ အထား၊ ကျောင်းအဆောင်၊ ကျောင်းသား/သူဦးရေ၊ ဆရာ/ဆရာမဦးရေတို့ကို အသီးသီးတင်ပြဆွေးနွေးကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

 

တောင်ကြီး မေ - ၅

47
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသို့ IGE Infa Co.; Ltd လက်အောက်ရှိ ကုမ္ပဏီများမှ မူဆယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မြို့ရေပေးဝေရေးစီမံကိန်းတို့အား ရှင်းလင်းခြင်းကို မေ(၅)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက မူဆယ်ဒေသသည် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသဖြစ်၍ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတွင် အရေးပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ IGE infa ကုမ္ပဏီမှ မူဆယ်ဒေသတွင် မည်ကဲ့သို့ဆောင်ရွက်နေ သည်ကို ယနေ့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများကို မိတ်ဆက်ရှင်းလင်းပြီး သက်ဆိုင်သည့် ဌာနဆိုင်များမှ မေးမြန်းချက်ကို ကုမ္ပဏီမှ စိတ်ရှည်စွာဖြင့် ရှင်းလင်းပေးရန် ပြောကြားသွားသည်။
ဆက်လက်၍ မူဆယ်အထူးဖွံ့ဖြိုးရေးဇုန် စီမံကိန်းနှင့်ပတ်သက်သည့် လုပ်ငန်းကိစ္စရပ်များကို လုပ်ငန်းရှင် ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ဆွေးနွေးကြကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တာချီလိတ် ဧပြီ - ၂၉

44
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ဧပြီ (၂၈) ရက် နံနက် (၈) နာရီက တာချီလိတ်မြို့ရှိ မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁)၊ အမှတ် (၂) တို့ကို သွားရောက်ကြည့်ရှုရာ တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး မှ ရှင်းလင်းတင်ပြပြီး အောင်မြတ်ခန်းမတွင် တာချီလိတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်း ၊ သီလရှင် ကျောင်းများသို့ ဆွမ်းဆန်တော် အိတ် (၃၀၀) သွားရောက်လှူဒါန်းရာ ၊ တာချီလိတ်မြို့ နဂါးနှစ်ကောင် ကျောင်းတိုက်မြို့နယ် သံဃနာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တသုဓမ္မ (သာသနတက္ကသီလဓမ္မစရိယ၊ BA,MA- သီရိ လင်္ကာ၊ ဂန္တဝါစကပဏ္ဍိတ) ထံမှ ငါးပါး သီလ ခံယူဆောက်တည်ကြပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များမှ ဆက်ကပ်လှူဒါန်းပေး၍ လှူဒါန်းမှုအစုစုအတွက် တာချီလိတ်မြို့ တောင်တန်းသာသနာပြု(ဗဟို)ကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒဓမ္မ (သာသနဓဇဓမ္မစရိယ၊မဟာဂန္တဝါစကပဏ္ဍိတ၊မဟာသဒ္ဓမ္မ ဇောတိကဓဇ ) ထံမှ ရေစက်သွန်းချ တရားနာကြ၍ ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းသော ဆွမ်းဆန်အိတ် (၃၀၀) တို့ကို တာချီလိတ် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၉၉) ကျောင်း၊ တောင်တန်းသာသနာပြု သီလရှင်ကျောင်း (၁) ကျောင်းရှိ ရဟန်းတော် (၅၇၇) ပါး၊ သာမဏေ ( ၉၆၈ ) ပါးနှင့် သီလရှင် အပါး (၈၀) တို့အား လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် တာချီလိတ်မြို့ရှိ နဂါး (၂) ကောင် ဆရာတော်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ဖူးမျှော်ကာ အလှူတော်ငွေ ကျပ်သိန်း (၂၀) ၊ လှူဖွယ် ဝတ္ထုများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပြီး မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား အမှတ် (၂) သို့ သွားရောက်ကြည့်ရူ.၍ စည်ပင်သာရေးဌာနမှ တံတား အမှတ် (၁ ) ၊ အမှတ် (၂) ၊ မြို့ရှောင် လမ်း တံတား နှင့် AC လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ နောင်ခမ်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဆွမ်းဆန်တော် နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး တာချီလိတ်ခရိုင် ခုတင် (၁၀၀) ဆန့် ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန် ၊ ဆရာမ မျာနှင့် ဝန်ထမ်းများအား ဆန် ၊ ဆီ ၊ ကြက်ဥ ၊ ခေါက်ဆွဲခြောက်တို့ကို သွားရောက်ထောက်ပံ့ပေးအပ်၍ ဒေသခံပြည်သူများမှ Covid - 19 ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

နောက်ထပ်သတင်းများဖတ်မည်