We have 184 guests and no members online

တောင်ကြီး မတ် ၁၀

11
ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်များအသီးသီးတွင် ဒေသခံပြည်သူများအား မတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
တောင်ကြီးမြို့၊ မြို့တော်ခန်းမစုရပ်တွင် ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်နေမှု အခြေအနေအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ဒေသခံပြည်သူများအား ကြည့်ရှု အားပေးခဲ့ကြသည်။
ထိုမှတဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် အဖွဲ့သည် မူလမင်းကွန်းကျောင်းတိုက် သို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကြည့်ရှုပြီး ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ယင်းသို့ ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင်ပမာဏပါဝင်မှု တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အတွင်း ပထမအကြိမ်အဖြစ် လူဦးရေ(၂)သိန်းအတွက် ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် လူဦးရေ (၈)သောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် လူဦးရေ (၄)သောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လူဦးရေ (၈)သောင်းတို့အား ထိုးနှံဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် မြို့နယ်(၂၇)မြို့နယ်၌ စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ကျန်မြို့နယ်များတွင် ဆက်လက်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများအပြင် တပ်မတော်ဆေးရုံအသီးသီးမှ ပါရဂူများနှင့် ဝန်ထမ်းများက ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
ပြည်နယ်(ပြန်/ဆက်)

တောင်ကြီး မတ် - ၄

10

ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်(၄)ရက် နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ထပ်မံဖွဲ့စည်းခဲ့ကြောင်း၊ ရှမ်းပြည်နယ်တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေး လိုအပ်ချက်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)အတွက် (၈)သောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) (၈)သောင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွက် (၄)သောင်း၊ စုစုပေါင်း လူဦးရေ(၂)သိန်း ဆေးထိုးနိုင်ရန် တင်ပြထားပါကြောင်း၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများသည် CDM တွင် ပါဝင် နေသောကြောင့် တပ်မတော်စစ်ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားချက်များ ရှိပြီးဖြစ်ကြောင်း၊ မတ်လအတွင်း ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်၊ ရှမ်းပြည်နယ်အတွက် ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် ကိုယ်စွမ်းရှိသလောက် ဥာဏ်စွမ်းရှိသလောက် အားလုံးဝိုင်းဝန်း ကြိုးစားပေးကြရန် မှာကြားလိုကြောင်း၊ COVID-19 ရောဂါ မပြန့်ပွားရေး ထိန်းချုပ်နိုင်ရန်အတွက် ရေရှည်မှာ စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းပါဝင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးလှဦးနှင့် တွဲဖက်အတွင်းရေးမှူး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးနေလင်းတို့မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးမှူးများမှ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားကြေင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
၀၉-၂၅၀၁၃၂၉၄၃

လားရှိုး              ဒီဇင်ဘာ   -   ၁၈

new 848

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ အမှတ်(၁၊၅၊၇)ရပ်ကွက်နှင့် ဟန်နား၊မတ်ချီနူ၊အီနိုင်း၊ကောင်းကြဲ(အီ)၊ နမ့်တွန်း၊ နားကွမ်းလုံ၊ နားမခေါ်၊ ဟူးမွန်ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူ(၅၂၄)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ဒီဇင်ဘာ(၁၈) နံနက်(၁၁)နာရီခွဲက လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က မြို့နယ်လဝကရုံးဝန်ထမ်းများအနေဖြင့် (oss)အဖွဲ့၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ (NRC)အဖွဲ့တို့ဖြင့် စီမံချက်ရေးဆွဲပြီး ပြည်သူများရှိသည့် ဒေသ အလိုက်၊ ကျေးရွာအလိုက် မနားမနေ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့နယ်လဝကအနေဖြင့် စီမံချက်မြောက်များစွာ ကွင်းဆင်းဆောင်ရွက်ပေးနေသလို ကွင်းဆင်းသည့်အချိန်တွင် လာရောက်မဆောင်ရွက်နိုင်သူများ ကျန်နေပါက မြို့နယ်လဝကရုံးသို့ ကိုယ်တိုင်သွားရောက်လျှောက်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်သော်လည်းကောင်း၊ အိမ်ထောင်စုသော်လည်းကောင်း၊ မွေးဖွား၊ သေဆုံး၊ ပြောင်းဝင်ခြင်း၊ ပြောင်းထွက်ခြင်းတို့ကို သွားရောက်ဆောင်ရွက်နိုင်ပါကြောင်း၊ လားရှိုးမြို့နေ မိဘပြည်သူများအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု ( ၈ )အုပ်စုတို့အား လားရှိုးမြို့နယ်လဝကရုံးမှ နိုင်ငံသား စိစစ်ရေးကတ်ပြား (၅၂၄)ကတ်ကို ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ လားရှိုးမြို့နယ်အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈)အုပ်စုရှိ ပြည်သူ(၅၂၄)ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများတို့က ပေးအပ်ခဲ့ ကြရာ ရပ်ကွက်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

လားရှိုး                ဒီဇင်ဘာ    -    ၁၈

new 849

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နမ္မဗောဒကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် ဒီဇင်ဘာ( ၁၈ )ရက် နံနက်( ၉ )နာရီခွဲက အဆိုပါကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံကြောင်း သိရ သည်။

နမ္မဗောဒကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်လင်းထွဋ်က ယခုလို လာရောက်တွေ့ဆုံရခြင်းမှာ ယခင်က ဒေသခံပြည်သူများ တောင်းဆိုထားသည့် မီးသတ်ဝတ်စုံများ လာရောက်ထောက်ပံ့ရ ခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများလည်း အတူလိုက်ပါလာသဖြင့် ဒေသခံပြည်သူများက လိုအပ်တာ ရှိရင် တင်ပြတောင်းဆိုကြရန် ပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့် မိတ်ဆက်ပေးကြောင်း သိရသည်။

ဆက်လက်၍ နမ္မဗောဒကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများမှ မူလတန်းအဆင့် စာသင်ကျောင်းများ၊ ကျောင်းအတွက် လိုအပ်လျက်ရှိသော အုတ်တံတိုင်းများ၊ ကျေးရွာပြည်သူများ မှတ်ပုံတင်ရရှိရေး၊ ကျေးရွာအဝင်လမ်း ကောင်းမွန်ရေး၊ ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ၊ ကျောင်းအိမ်သာများ၊ လယ်ယာမြေပုံစံ(၇) အမြန်ဆုံးရရှိရေး၊ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များ တင်ပြတောင်းဆိုကြ ပြီး လားဟူနှစ်ခြင်းခရစ်ယာန်အသင်းအုပ်ဆရာတော်မှ ကျေးရွာရှိ လူမှုရေးအသင်းများ မှတ်ပုံတင်ရှိရေး ဆောင်ရွက်ပေးနိုင်ရန် တင်ပြ ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မူတန်းကျောင်းအတွက် လိုအပ်လျက်ရှိသော အုတ်တံတိုင်းကိစ္စရပ် သည် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်သောကြောင့် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့် ကျေးရွာဒေသခံပြည်သူများကလည်း အလှူရှင်များ ဝိုင်းဝန်းပူးပေါင်းရှာဖွေကြရန် ပြောကြားပြီး လားဟူတိုင်းရင်းလူမျိုး ရေးရာဝန်ကြီးမှလည်း နမ္မဗောဒကျေးရွာ လူမှုကူညီရေးအသင်း မှတ်ပုံတင်ရရှိရေးကို အသင်းကော်မတီများ ဖွဲ့ပြီးပါက မိမိထံ တင်ပြလာရန်နှင့် ကျေးရွာအတွက် လိုအပ်လျက်သောကိစ္စရပ်များကို တိုင်းရင်းသားအလိုက် မခွဲခြားဘဲ အမြဲကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများကလည်း ဒေသခံ ပြည်သူများ၏လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့မှ နမ္မဗောဒကျေးရွာ အတွက် မီးသတ်ဝတ်စုံများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ နမ္မဗောဒကျေးရွာရှိ မူလတန်းကျောင်းအတွက် အုတ်တံတိုင်းကို ရှိုင်းနင်းမြန်မာကုမ္ပဏီလီမီတက် မန်နေဂျင်းဒါရိုက်တာ သီဟသုဓမ္မမဏိဇောဓတရ ဦးကျော်စွာထွဋ်မှ လှူဒါန်းပေးကြောင်း သိရှိ ရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

လားရှိုး            ဒီဇင်ဘာ    -    ၁၇

new 847

ရှမ်းပြည်နယ်( မြောက်ပိုင်း )၊ လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်နေသော ကတ္တရာ ကွန်ကရစ် ဖျော်စက် တည်ဆောက်မည့်နေရာအား ဒီဇင်ဘာ (၁၇)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆက်စပ် လုပ်ငန်းများ အစီအစဥ်(ပထမ)အဆင့်ဖြစ်သည့် မြေနေရာအား မြေဖြတ်၊ မြေညှိခြင်း၊ မြေနေရာတွင် လမ်းဖြတ်တံတား (၂)စင်း ပြုလုပ်ခြင်း၊ ဝန်ထမ်းအစောင့်နေအိမ် (၁)ထပ်တည်ဆောက်ခြင်း၊ ဘိလပ်မြေဂိုဒေါင်ရုံ (၁)ထပ်တည်ဆောက်ခြင်း၊ ကတ္တရာ ကွန်ကရစ်ဖျော်စက်မြေနေရာ အဝင်၊အထွက်လမ်း ကွန်ကရစ်ခင်းခြင်း၊ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ(၅၀၀၀)ဆံ့ ရေလှောင်ကန် တည်ဆောက်ခြင်း၊ ကတ္တရာကွန်ကရစ်ဖျော်စက် မြေနေရာ ခြံစည်းရိုးကာရံခြင်းနှင့်သံပန်းတံခါးတပ်ဆင်ခြင်း၊လုပ်ငန်းသုံးပစ္စည်းစုပုံရန်ကွန်ကရစ်ခင်းခြင်းစသည့်လုပ်ငန်းများအား ရှင်းလင်း ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က လုပ်ငန်းနှင့်ပတ်သက်သည့် လိုအပ်ချက်များ ဖြည့်စွက် မှာကြားပြီး ကတ္တရာကွန်ကရစ်ဖျော်စက်တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုကြောင်း သိရသည်။ အဆိုပါ ကတ္တရာ ကွန်ကရစ်ဖျော်စက်ကို ထွန်းနေဝင်းကုမ္ပဏီမှ ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းအားလုံးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအကုန်တွင် လည်ပတ်နိုင်မည်ဖြစ်ကြောင်းနှင့် နည်းပညာပိုင်းကို ကုမ္ပဏီမှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကတ္တရာကွန်ကရစ်ဖျော်စက်သည် အိန္ဒိယစက် အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

နောက်ထပ်သတင်းများဖတ်မည်