သတင်းများ

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကနှစ်ဦးနှစ်ဘက်ဆွေးနွေး

တောင်ကြီး စက်တင်ဘာ - ၄

 1217

   ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ စက်တင်ဘာ(၄)ရက် နံနက်(၉) နာရီက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကနှစ်ဦးနှစ်ဘက်ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ကြောင်းသိရသည်။

   ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူထားသော ဝန်ကြီးဌာနအသီးသီးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူထားသော တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအသီးသီးက စီမံပံ့ပိုးရမည့် လုပ်ငန်းများရှိသကဲ့သို့ အစိုးရဌာနများနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများစွာပါဝင်သောကြောင့် အစိုးရဌာနများမှ ကမကထပြု၍ ပုဂ္ဂလိကကဏ္ဍပြောင်းလဲ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိက ညှိနှိုင်းဆွေးနွေးမှုများကို အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်ကပြောကြားသည်။ 

   အစိုးရနှင့် ပုဂ္ဂလိကနှစ်ဦးနှစ်ဘက်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းတွင် နှစ်ဦးနှစ်ဘက်တွေ့ဆုံဆွေးနွေးခြင်း ဖြင့် တစ်ဦးနှင့်တစ်ဦး အကြံအဉာဏ်များနှင့် အကြံပြုချက်များကို အပြန်အလှန်ဆွေးနွေးနိုင်ရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် အခက်အခဲများကို ကျော်လွှားနိုင်ရန်နှင့် အခွင့်အလှမ်းကောင်များကို မည်ကဲ့သို့ အကောင်ဆုံးရယူနိုင်ရန်အတွက် အကြံပြုဆွေးနွေးနိုင်ရန်၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်းဆုံးပတ်ဝန်းကျင် အနေအထားကို မည်ကဲ့သို့ တိုးတက်ဖြစ်ပေါ်လာအောင် ဖန်တီရမည်ကို ဆွေးနွေးနိုင်ရန် ဖြစ်ပါကြောင်းပြောကြား သည်။

   ဂျာမနီနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GIZ(Taunggyi Office) ကိုယ်စားလှယ် Mr.Wulf-Hendrik Goretzkyမှ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေရေးကြေးရေးသည် အရေးကြီးကြောင်း၊ တတိယစီမံကိန်းအဖြစ် ရှမ်းပြည်နယ်တွင် ပုဂ္ဂလိကစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့်တွေ့ဆုံပြီး၊ ပုဂ္ဂလိကအတွက် ဦးစားပေးဆောင်ရွက်နေကြောင်း နှစ်ဦးနှစ်ဘက်ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးသော GIZအဖွဲ့နှင့် အချိန်ပေး၍ တက်ရောက်လာသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ ဦးစိုင်းအုန်းခေါင်မှ အမှာစကားပြောကြားပြီး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆိုင်သော စီးမံကိန်း ရေးဆွဲရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များကို အမျိုးသားစီးမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ရှမ်းပြည်နယ်ညွှန်ကြားရေးမှူး ဦးစိန်လှိုင်မှ ရှင်းလင်းတင်ပြသည်။

   ထို့နောက် ရှမ်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၏ စိန်ခေါ်မှုများ နှင့် အခွင့်အလှမ်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း) စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဌ ဦးစိုင်းအုန်းခေါင်မှ ရှင်းလင်းတင်ပြပြီး၊ အစိုးရနှင့် ပုဂ္ဂလိကနှစ်ဦးနှစ်ဘက် ဆွေးနွေးပွဲဆိုင်သော နိုင်ငံတကာအတွေ့အကြုံများကို GIZ(Taunggyi Office) ကိုယ်စားလှယ် Mr.Wulf-Hendrik Goretzky မှ ဆွေးနွေးဖလှယ်၍ အခမ်းအနားတက်ရောက်လာသူများက အဖွဲ့အလိုက်ဆွေးနွေးမှုများ ပြုလုပ်ကြကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်စိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ GIZ(Taunggyi Office)မှ ကိုယ်စားလှယ် Mr.Wulf-Hendrik Goretzkyနှင့် အဖွဲ့များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်းများ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

လားရှိုး၌မီးလောင်မှုဖြစ်ပွား

လားရှိုး   စက်တင်ဘာ ၃

1219

   လားရှိုးမြို့ ရပ်ကွက်  ၁  နယ်မြေ ၁၆ မန္တလေးလမ်း ၌စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီအချိန်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ  လားရှိုးမြို့ ရပ်ကွက်  ၁  နယ်မြေ ၁၆ မန္တလေးလမ်း၊ မ ဆ ရ (၁ဝ) ဆိုင်ခန်းတိုက်တန်းရှိ ဆိုင်ခန်းအမှတ်  ၄၆ နေ ဒေါ်မြမြရွှေ (ခ) ဒေါ်ပလောင် မှတ်ပုံတင်အမှတ် ၁၃/နဆန(နိုင်) ဝ၀၁၈၁၆၏ ၂၀×၁ဝ ပေ နံကပ် သွပ်မိုး (လူနေထိုင်)၏ ထပ်ခိုး အပေါ်ထပ်ရှိ ဘုရားစင်တွင် ဖယောင်းတိုင်ဖြင့်ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းပြီး ၂၀ပေ ၁၀ပေ ထပ်ခိုးကြမ်းခင်းနှင့် အတွင်းပစ္စည်းများ၊ ဦးကျော် (ဘ)ဦးလှညွန့်၏ ပလပ်စတစ်ပိုက် အရောင်းဆိုင် ဆိုင်ခန်းအမှတ် ၄၅ အပေါ်ထပ်ရှိပစ္စည်းအနည်းငယ် တန်ဖိုးစုစုပေါင်း ၂သိန်း၅သောင်းကျပ်တန်ဖိုးခန့်ဆုံးရှုံးလောင်ကျွမ်းခဲ့ပြီး  လားရှိုးမြို့နယ်မီးသတ်စခန်းမှ သန္ဓေ ၂၇ဦး၊ အရန် ၂ဝဦး စုစုပေါင်း ၄၇ ဦး၊ သန္ဓေမီးသတ်ယာဉ် ၄စီး၊ စက်ယာဉ် ၁ စီး၊ အရန်မီးငြိမ်းသတ်ယာဉ် ၅စီး ရေသယ်ယာဉ် ၁စီးစုစုပေါင်း ၁၁ စီးဖြင့် နံနက် ၉ နာရီ၁ဝ မိနစ်အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

                                                                                                                                                    ဟန်ဌေး    လားရှိုး

ခရိုင်ပြန်  ဆက်

၀၉၄၀၃၇၁၁၈၉၆

 

အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များကျင်းပ

တောင်ကြီး သြဂုတ် - ၂၈

1212

   ၂၀၁၅ခုနှစ် ရှမ်းပြည်နယ်အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုရက်သတ္တပတ်များ အခမ်းအနားကို သြဂုတ် (၂၈)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း(တောင်ကြီး)၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမိုးဆွေမှ အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

   ဆက်လက်၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အာဟာရ ချက်ပြုတ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ရပ်ကွက်များကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာမိုးဆွေတို့က အသီးသီးဆုများ ချီးမြှင့်ပေးကြသည်။

   ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များအား သံဓါတ်အားဆေး၊ B1အားဆေး၊ အိုင်အိုဒင်းဆားများ ဖြန့်ဝေပေးပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေးတိုက်ကျွေး ကြကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်မှူးနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေး ကြီးကြပ်စောင့်ရှောက်မှုအသင်းအဖွဲ့များ၊ အမျိုးသမီး ရေးရာအဖွဲ့များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ သူနာပြုသင်တန်းကျောင်းမှ အုပ်ချုပ်သူ ဆရာမနှင့် သင်တန်းသူများ ကိုယ်ဝန်ဆောင်မိခင်များ၊ (၅)နှစ်အောက် ကလေးငယ်များ တက်ရောက်ကြကြောင်း သိရသည်။

                                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

စားသုံးရန် မသင့်‌လျော်သည့် စားသုံးကုန်များ ဖျက်ဆီး

မူဆယ် စက်တင်ဘာ(၃)

 1218

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မူဆယ်(၁၀၅)မိုင် ကုန်စည်ပြပွဲ ကွင်းအတွင်း၌ (၃၁-၈-၂၀၁၅)ရက်‌နေ့ နံနက်(၆)နာရီ အချိန်တွင် ကုန်သွယ်‌ရေးဦးစီးဌာနမှ ဦးဝင်းနိုင်(ဦးစီးအရာရှိ) ဦး‌ဆောင်‌သော အဖွဲ့ဖြင့် အများပြည်သူ စားသုံးရန် မသင့်‌လျော်သည့် ‌အေးခဲကြက်အူ‌ချောင်းများအား ဖမ်းဆီးရမိခဲ့သည်။

   အဆိုပါ စားသုံးကုန်ပစ္စည်းများ စုစု‌ပေါင်း (၅၄၀)ကီလိုဂရမ် ခန့်မှန်းတန်ဖိုး (၈)‌ကျော် ရှိ (၁-၉-၂၀၁၅) ရက်‌နေ့ ‌နေ့လည်(၁၅၀၀)နာရီ အချိန်တွင် အဖွဲ့စုံပါဝင်ပြီး မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။ 

                                                                                         ခရိုင်(ပြန်/ဆက်)

 

မုံးထ၌ မိုးသည်းထန်ရွာသွန်း တံတား(၂)စင်း ပျက်စီး

မုံးထ  ဩဂုတ်  ၂၆

1211

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ ဩဂုတ် ၂၂ ရက် ညနေ ၅ နာရီခန့်မှစ၍ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် မုံးထော်-မုံးထ-တာဆွတ်ဖ-မိုင်းပန်ကားလမ်း မိုင်တိုင်အမှတ် ၂ မိုင် ၆ ဖာလုံရှိ အရှည် ၁ဝ ပေ၊ အကျယ် ၁၈ ပေ ကွန်ကရစ်တံတားနှင့် မိုင်တိုင်အမှတ် ၄ မိုင် ၂ ဖာလုံရှိ အရှည်ပေ ၃၀၊ အကျယ် ၁၈ ပေ ဘေလီတံတား နှစ်စင်းမှာ ကမ်း ကပ်ခုံများ ပြိကျပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါသည်။

   အဆိုပါ တံတားပျက်စီးရာသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ မုံးထဒေသရှိ ဗိုလ်မှူး ဟိန်းစည်သူမောင်၊ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၁) ဦးချစ်ဆွေနှင့် တာဝန်ရှိသူတို့က လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေးအတွက် ရှောင်ကွင်းလမ်းဖောက်လုပ်ထားရှိမှုနှင့် တံတားအား အမြန်ဆုံး ပြန်လည်ပြုပြင်တည် ဆောက်နိုင်ရေးအတွက် ဩဂုတ် ၂၅ ရက် နံနက် ၉ နာရီခွဲက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်သည်။

   အဆိုပါလမ်းသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ကို ဆက်သွယ်ထားသည့် လမ်းတစ်ခုဖြစ် ပြီး တပ်မတော်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးက ဖောက်လုပ်ထိန်းသိမ်းထားသည့်လမ်းဖြစ်ကြောင်း သိရသည်။

 

 

                                                                                                                                                                                       သန်းဇော်(iprd)

 

သတင်းဓာတ်ပုံ- (၄) ပုံ

သတင်းရေးသားသူ- ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

    ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကျိုင်းတုံခရိုင်နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တို့ အကြား ညီမမြို့တော်အဖြစ် ဖွဲ့စည်းသတ်မှတ်နိုင်ရန် ချစ်ကြည်ရင်းနှီးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ အစည်းအဝေးကျင်းပ

တောင်ကြီး စက်တင်ဘာ - ၃

 1216

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်နှင့် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းတို့၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရီးစဉ်တွင် (၂၈-၈-၂၀၁၅) ရက်နေ့၌ ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တို့၏  ညီအမမြို့တော်များအဖြစ် ဖွဲ့စည်းသတ်မှတ်ရေး အထိမ်းအမှတ်အဖြစ် (၉)နာရီအချိန်တွင် ချစ်ကြည်ရေး ကုန်စည်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီးနောက် မွန်းလွဲ(၁၃၀၀)ချိန်တွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးရေး အတွက် ပူပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး၊ ညနေ (၁၉၀၀)ချိန်တွင် ညစာစားပွဲနှင့် ဖျော်ဖြေတင်ဆက်သည့် အခမ်းအနားအသီးသီး ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 

(၄၇)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကျင်းပ

တောင်ကြီး ဩဂုတ် - ၃၀

1215

   တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရားအား ဦးထိပ်ထားလျှက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော (၄၇)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဩဂုတ် (၃၀)ရက် မွန်းလွဲ (၁)နာရီက တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်မှ ဗိုလ်ချုပ် အောင်ဆန်းလမ်းတလျှောက် မူလမင်းကွန်းပရိယတ္တိစာသင်တိုက် အထိ လောင်းလှူကြကြောင်း သိရသည်။

   (၄၇)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တောင်ကြီးမြို့ပေါ် (၉၂)ကျောင်းရှိ သံဃာအပါးပေါင်း (၁၃၇၇)ပါး၊ သီလရှင်(၅၀)ပါးတို့အား မြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ ပြည်သူလူထုများတို့က ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်ဖက် တစ်ချက်တွင် နေရာယူ၍ ဆွမ်းဆန်စိမ်းများ လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူကြသည်။

   ဆက်လက်၍ ဆရာတော်သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်တို့သည် မူလမင်းကွန်း ကျောင်းတိုက် ပရိယတ္တိ စာသင်တိုက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးဝင်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ပြည်သူများတို့က ဆွမ်းဆန်စိမ်းများ၊ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။

   ထိုနောက် မူလမင်းကွန်း ပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဌ၊ အဂ္ဂမဟာပဏိတ မင်းကွန်းပရိယတ္တိစာသင်တိုက်နှင့် တပ်ဦးဥတ္တရာရုံပရိယတ္တိစာသင်တိုက်ကြီးတို့၏ ဦးစီးပဓာနနာယက ဘန္ဒန္တပညာသီရိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ ဆရာတော်သံဃာတော်ကြီးများက ပရိတ် တရားတော်များ ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့က လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

 

                                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

TAUNGGYI TRADE FAIR & CAR SHOW ကုန်စည်ပြပွဲကျင်းပ

တောင်ကြီး သြဂုတ် - ၂၂

1208

   ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် TAUNGGYI TRADE FAIR & CAR SHOW ကုန်စည်ပြပွဲကို သြဂုတ်(၂၂)ရက်၊ နံနက်(၈)နာရီခွဲက လေ့ကျင့်ရေးအားကစားရုံ ကျောက်တိုင်ကွင်း၌ ကျင်းပကြောင်းသိရသည်။

   TAUNGGYI TRADE FAIR & CAR SHOW ကုန်စည်ပြပွဲကြီးအား ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ပြပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဦးအောင်ဖုန်းမြင့်နှင့် ပြပွဲကြီးအား အဓိကကူညီပံ့ပိုးပေးသော Bagan Automotive co.ltdမှ မန်နေဂျင်း ဒါရိုက်တာဦးရန်မျိုးအောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူ တို့သည်၊ ပြပွဲအတွင်းရှိ ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ ပြပွဲတွင် ကုမ္ပဏီပေါင်း(၄၀) ဆိုင်ခန်းပေါင်း(၈၀)နှင့် လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်၊ Electronic၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ အခြားကုန်ပစ္စည်းများ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများရှိ ပင်ရင်းကုမ္ပဏီကြီးများ စက်ရုံကြီးများနှင့် ကိုယ်စားလှယ်ကြီးများမှ (၅%)မှ (၅၀%)အထိ အထူးလျှော့စျေးများ၊ အပိုမေတ္တာ လက်ဆောင်များ၊ ကံစမ်းမဲများဖြင့် တိုက်ရိုက်လာရောက်ပြသရောင်းချ၍ ပြပွဲကို သြဂုတ်(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ နံနက်(၉)နာရီမှ ည(၉)နာရီအထိ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

အင်းလေးကန်အတွင်း မြက်စားငါးကြင်း ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

တောင်ကြီး သြဂုတ် - ၂၉

1213

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့သည် သြဂုတ်(၂၉)ရက် နံနက်(၈)နာရီက ညောင်ရွှေမြို့ ကားလမ်းနံဘေးရှိ နဒီကန် ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးမှ နဒီကန်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး၊ ကန်အတွင်းရှိ နှုန်းမြေများကို စက်များ ဖြင့် ဆည်ယူနေမှုကို လှည့်လည်ကြည့်ရှုကြသည်။

   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ရှမ်းပြည်နယ်အင်းလေး ဒေသသို့ လာရောက်ခဲ့သည့် ခရီးစဉ်တွင် အင်းလေးကန်အတွင်း ရေမှော်များပွားများနေသဖြင့် မြက်စားငါးကြင်း မွေးမြူပေးရန် လမ်းညွှန်မှာကြားချက်နှင့်အညီ မြက်စားငါးကြင်း ငါးမျိုးစိုက်ထည့်ပွဲအား ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းလေးကန် ရေလယ်ဗိုလ်တဲနေရာတွင် ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ အဖွဲ့အစည်း အသီးသီးနှင့် တိုင်းရင်းသားဒေသခံပြည်သူများ၊ မြစိမ်းရောင်ကျေးရွာများရှိ ကော်မတီအဖွဲ့ဝင်များ  တက်ရောက်၍ မြက်စားငါးကြင်းကောင်ရေ (၁)သိန်းနှင့်အတူ ဒေသမျိုးရင်းငါးဖိန်းကောင်ရေ(၅)သောင်း၊ ငါးမြစ်ချင်း ကောင်ရေ(၅)သောင်း စုစုပေါင်း ငါးကောင်ရေ(၂)သိန်းအား အင်းလေးကန်အတွင်း မျိုးစိတ် ထည့် ပေးခဲ့ပြီး၊ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်လည်း မြက်စားငါးကြင်းကောင်ရေ (၁)သိန်းအား အင်းလေးကန်ရေပြင်အတွင်း ထပ်မံမျိုးစိုက်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်းသိရသည်။

1214

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူတို့သည် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မြင်းမူးကျေးရွာအုပ်စု၊ မြင်းမူးကျေးရွာအခြေခံပညာအလယ်တန်း ကျောင်းခွဲ၌ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့်တို့အား အမှူးထား၍ ဦးအာကာလင်းနှင့် ဇနီးဒေါ်ခင်စန္ဒာစိုး၊ သားမောင်သူရလင်း မိသားစုမှ လှူဒါန်းသော အခမဲ့ ဆေးကုသခြင်း အခမ်းအနားသို့ တက်ရောက်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ ဆရာမကြီးများ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ပါရဂူနယ်လှည့် ဆေးကုသရေးအဖွဲ့များ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှအဖွဲ့များ၊ ရာစုသစ်အဖွဲ့များတို့မှ မြင်းမူကျေးရွာရှိ ပြည်သူများအား အထွေထွေရောဂါ၊ မျက်စိရောဂါ နား၊ နှာခေါင်း၊ လည်ချောင်း၊ သွားခံတွင်း၊ သားဖွားမီးယပ်၊ ခွဲစိတ်၊ အရိုး၊ အကြော၊ ကလေးအထူးကု ရောဂါကုသနေမှုတို့ကို လှည့်လည်ကြည့်ရှု ကြသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူတို့သည် မြင်းမူးဘုန်းတော်ကြီးကျောင်း၌ ဆရာတော်၊ သံဃာတော်များအား ကန်တော့်၍ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဆရာတော်များအား အလှူငွေကျပ်(၁)သိန်းစီနှင့် လှူဖွယ် ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် အေးဝင်းနှင့် မိသားစုမှ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း၍ လည်းကောင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌမှ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း၍ လည်းကောင်း၊ ဦးအာကာလင်းနှင့် ဒေါ်ခင်စန္ဒာစိုး သားမောင်သူရလင်း မိသားစုမှ မြင်းမူးဘုန်းတော်ကြီးကျောင်းအတွက် နဝကမ္မအလှူငွေကျပ်(၅)သိန်း၊ မြင်းမူးကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲအတွက် ရေလောင်း အိမ်သာနှစ်ခန်းတွဲ (၁)လုံးတည်ဆောက်ရန် အလှူငွေကျပ်(၁၀)သိန်း၊ အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၇၀၀)အောင်ပန်းမြို့အတွက် အလှူငွေကျပ်(၇)သိန်း အမှတ်(၂) စစ်မြေပြင်ဆေးတပ်ရင်း တောင်ကြီးမြို့အတွက် အလှူငွေကျပ်(၃)သိန်း၊ ရှမ်းပြည်နယ် နယ်လှည့်ဆေးကုသရေး ပါရဂူများအဖွဲ့ အတွက် အလှူငွေကျပ်(၃)သိန်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြသည်။

   ၎င်းနောက် ကျုံးကန်ဦးကျောင်းတိုက်ဆရာတော်မှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားတော်များ ချီးမြှင့်ပေး၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက် ကြောင်းသိရှိရသည်။

                                                                                                                                                                            မောင်မောင်သန်း(တောင်ကြီး)

 

တောင်ကြီးမြို့နယ် ဥက္ကဌဖလား ဖိတ်ခေါ်ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး သြဂုတ် - ၂၂

1209

   ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား ဖိတ်ခေါ်ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲကို သြဂုတ်(၂၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့နယ် ခြင်းလုံးအားကစားရုံ၌ ကျင်းပကြောင်းသိရသည်။

   ပထမဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီး၊ စစ်ကြောင်းမှူးမှ တန်းအပ်ခြင်းကို ဆောင်ရွက်သည်။ ဆက်လက်၍ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေမောင်က မြန်မာ့အားကစားမှ ကမ္ဘာအားကစားသို့ တက်လှမ်းနိုင်ရေးဆိုသည့် မြှင့်မားသောရည်မှန်းချက်များကို ချမှတ်ကာ အားကစားအဆင့်အတန်းမြှင့်တင်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ကြောင်း၊ အားကစားမြှင့်တင်တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ကြောင်း၊ ယုံကြည်ချက်နှင့် ကြိုးပမ်းဆောင်ရွက်နေတာဖြစ်၍ အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် ဒို့တာဝန်အရေးသုံးပါး ကို ဦးထိပ်ထားပြီး လူမှုရေးဦးတည်ချက်(၄)ရပ်မှာ တစ်ချက်အပါအဝင်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍသည် အဓိကကြကြောင်း ပြောကြားသည်။

   ထို့နောက် စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး၊ ရိုးရာခြင်းနှင့် သိုင်းအလှပြအားကစားမောင်မယ်လေးများမှ သရုပ်ပြ ခြင်းလုံးခတ်ပြကြသည်။

   အဆိုပါမြို့နယ်ဥက္ကဌဖလား ဖိတ်ခေါ်ခြင်းလုံးခတ်ပြိုင်ပွဲတွင် ရိုးရာမောင်အသင်း၊ ရွာဆော်ဝိုင်း၊ မျိုးဆက်သစ်၊ အင်းကန်သာ၊ ဒို့ရိုးရာ၊ ဖိုးပြည့်စုံ၊ တက်သစ်စ၊ အသင်း(၇)သင်းပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပထမပွဲစဉ်အဖြစ် မျိုးဆက်သစ်အသင်းမှ ပါဝင်ယှဉ်ပြိုင်နေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူနှင့် နည်းပြများ၊ ဖိတ်ကြားထားသည့် ခြင်းလုံးဝါသနာရှင်များ ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၅) တတိယနေ့ကျင်းပ
  2. သဘာဝဘေးအန္တရာယ်ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း
  3. ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေး(၁/၂၀၁၅)ဒုတိယနေ့ကျင်းပ
  4. ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၅) ပထမနေ့ကျင်းပ
  5. ပြည်သူ့ဝန်ဆောင်မှုရုံးများ One Stop Shops ရုံးများဖွင့်လှစ်
  6. အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အာဟာရချက်ပြုတ်သရုပ်ပြပွဲကျင်းပ
  7. မိုင်းတုံ၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်
  8. ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုစံပြကျောင်းဆုပေးပွဲနှင့် ငွေပဒေသာပင်စိုက်ထူပွဲကျင်းပ
  9. တောင်ကြီးမြို့နယ်ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးအတွက် မြစိမ်းရောင်ရန်ပုံငွေများပေးအပ်
  10. တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 99 guests and no members online

Latest Updates