သတင်းများ

ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှ ဒုတိယအကြိမ်စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် အလှူငွေပေးအပ်

   ရှမ်းပြည်နယ်အစိုးရအဖွဲ့အားအမှူးထားလျှက် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှကျင်းပသည့်  ဒုတိယအကြိမ်စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို စက်တင်ဘာ(၁၀)ရက်နံနက် (၉)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပကြောင်းသိရသည်။

1229

    အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနစရိယ စွန်းလွန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည် ကြကာဆရာတော်သံဃာတော်အရှင်သူမြတ်များကပရိတ်တရားတော်များရွတ်ဖတ်သရဇ္စျာယ်ချီးမြှင့်တော်မူကြသည်။

     ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့်ဇနီးဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ နှင့်တာဝန်ရှိသူများ၊ အလှူရှင်များတို့က ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီမှ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလှူငွေများပေးအပ်လှူဒါန်းရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အတွက်အလှူငွေကျပ်သိန်း(၁၀၀၀)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းဒေသ)အတွက် အလှူငွေကျပ်သိန်း(၂၀၀)တို့ကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းလှဝင်းနှင့် စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူတို့မှပေးအပ်ရာ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

    ထို့နောက်ပြည်နယ်သံဃာ့နာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ဥတ္တရာရုံတပ်ဦးကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တပညာသီရိဘိဝံသထံမှ လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်၍ ရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ နှင့်တာဝန်ရှိသူများ၊ အလှူရှင်များတို့က ဆရာတော်သံဃာတော်များအား ဆရာတော် သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

PPP/BOT လုပ်ငန်းသဘောတူစာချုပ်များချုပ်ဆို

တောင်ကြီး စက်တင်ဘာ ၉

1227

   ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး နှင့် PPP/BOT လုပ်ငန်းသဘောတူစာချုပ်များချုပ်ဆိုပွဲကို စက်တင်ဘာ (၉)ရက် နံနက် (၈)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

   PPP/BOT လုပ်ငန်းများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း၌ စည်ပင်သာယာရေးလုပ်ငန်းများနှင့် သက်ဆိုင်သော မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မြို့ပြသန့်ရှင်းသာယာလှပရေး ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာဌာန၊ ဒေသခံပုဂ္ဂလိကလုပ်ငန်းရှင်များပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ ယနေ့အထိဆိုရင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(၁၆)ခု၊ မြို့သန့်ရှင်းသာယာလှပရေးဝန်ဆောင်မှု လုပ်ငန်း(၆)ခု စုစုပေါင်းလုပ်ငန်း(၂၂)ခု ရှိပြီးဖြစ်ပါကြောင်း၊ ဒေသတွင်းပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စည်ပင်သာယာရေး လုပ်ငန်းများမှာပုဂ္ဂလိကလုပ်ငန်းအဖြစ် သက်ဆိုင်ရာစည်ပင်သာယာရေးဌာနများနှင့်ပူးပေါင်း ဆောင်ရွက်လာသည့် အတွက်ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်ပြီး စည်ပင်သာယာရေး ဆိုင်ရာလုပ်ငန်းများတွင် ယခုလိုပဲပူးပေါင်းဆောင်ရွက် သွားကြရန်မှာကြားလိုကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ကပြောကြားသွားသည်။

   ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌဦးစိုင်းလှဝင်းမှ မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ (PPP/BOT)လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ လုပ်ငန်းသဘောတူစာချုပ်များနှင့် ပတ်သက်၍ လိုအပ်သည်များရှင်းလင်းမှာကြား ကြောင်းသိရသည်။ 

   ထို့နောက် လုပ်ငန်းသဘောတူစာချုပ်များ၊ ပြင်ဆင်ချက်စာချုပ်များတွင် သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ကော်မတီများနှင့် ကုမ္ပဏီများမှ လက်မှတ်ရေးထိုးကြရာ ကွတ်ခိုင်မြို့၊ ရေထွက်ဦးပန်းခြံစျေးဆောက်လုပ်ခြင်းလုပ်ငန်း၊ မိုင်းရယ်မြို့ မြို့မစျေးသစ်တည်ဆောက်ခြင်းလုပ်ငန်း၊ မူဆယ်မြို့ ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး ဝန်ဆောင်မှု လုပ်ငန်း၊ တာချီလိတ်မြို့ ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်း၊ တာချီလိတ်မြို့ မြို့မစျေးအပေါ်ထပ် ထပ်တိုးအဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်း၊ နောင်တရားမြို့နယ်ခွဲ စျေးသစ်တည်ဆောက်ခြင်း လုပ်ငန်း၊ တောင်ကြီးမြို့ Hotel Convention တည်ဆောက်ခြင်းလုပ်ငန်း ပြင်ဆင်ချက်စာချုပ်၊ လားရှိုးမြို့ မန်ဆူစျေးဒုတိယအဆင့် အဆင့်မြှင့် တည်ဆောက်ခြင်းလုပ်ငန်းပြင်ဆင်ချက်စာချုပ်၊ မူဆယ်မြို့ မြို့ပတ်လမ်း(၂)မိုင် (၃)ဖာလုံ ကွန်ကရစ်လမ်း အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းပြင်ဆင်ချက်စာချုပ်၊ မူဆယ်မြို့အဝေးပြေးယာဉ်ရန်နားစခန်းတည်ဆောက်ခြင်းလုပ်ငန်း ပြင်ဆင်ချက် စာချုပ်၊ တာချီလိတ်မြို့ မြို့တွင်းရေပေးရေးလုပ်ငန်း ပြင်ဆင်ချက်စာချုပ်၊ တာချီလိတ်မြို့ မီနီမားကတ်နှင့်အဝေးပြေး ယာဉ်ဂိတ်နားနေဆောင် လုပ်ငန်းပြင်ဆင်ချက်  စာချုပ်တို့ကိုလုပ်ငန်းလက်ခံသူနှင့် လုပ်ငန်းအပ်နှံသူတို့ကအသီးသီး လက်မှတ် ရေးထိုးကြသည်။ 

   ၄င်းနောက်ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေကိုရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးကြမည့် ကုမ္ပဏီ များမှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအတွက် ဘိန်းအစားထိုးပျိုးပင်များပေးအပ်

ဟိုပုံး စက်တင်ဘာ-၈

1226

   မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ဘိန်းစိုက်ပျိုးမှုကြောင့် သစ်တောပြုန်းတီးခဲ့ရာသဘာဝဘေးဒဏ်များ ကျရောက်မှုမရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက်  ဘိန်းအစားထိုးပျိုးပင်နှင့် အရိပ်ရလေကာပင် များပေးအပ်ခြင်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၈)ရက်မွန်းလွှဲ (၁)နာရီ က ပြုလုပ်ကြောင်းသိရှိရသည်။ 

   ယင်းနောက်လူသားအားလုံးကိုအန္တရာယ်ပေးနေသော မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ဘိန်းအစားထိုးပျိုးပင်များကို ကျေးရွာဒေသခံပြည်သူများအား အကျိုးရှိရှိနဲ့ပြန်လည်စိုက်ပျိုးနိုင်အောင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် အကျိုးပြုနိုင် အောင်တစ်ဖက် တစ်လမ်းက မူး၊ စိတ်၊ တားအဖွဲ့နှင့် မြို့နယ်  သစ်တောဦးစီးဌာန ပူးပေါင်းပြီးဆောင်ရွက်ထားကြောင်း၊ မြို့နယ်အတွင်းမူးယစ်ဆေးဝါးအန္တရာယ်ဆိုးမှကင်းဝေးစေရန်အတွက် လူငယ်ထုတစ်ရပ်လုံး၊ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တိုင်းရင်းသားအဖွဲ့အစည်းနှင့် NGO အဖွဲ့အစည်း၊ ပြည်သူ လူထုတစ်ရပ်လုံးမှ အမျိုးသားရေးအသိနှင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်း မြို့နယ် မူး၊ စိတ်၊ တား အဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကိုက ပြောကြားသွားသည်။

   ဆက်လက်၍ မြို့နယ် မူး၊ စိတ်၊ တား အဖွဲ့ဒု-ဥက္ကဌ မြို့နယ်ရဲမှူး မောင်မောင်ဝင်းက ဘိန်းအစားထိုး ပျိုးပင်များ ပေးအပ်ရခြင်းနှင့်ပက်သတ်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမျိုးမင်းသန်းက စိုက်ပျိုးရေး နည်းပညာပိုင်းဆိုင်ရာ မြေဆီလွှာထိန်းသိမ်းမှုနှင့် တောင်ကုန်း၊ တောင်စောင်း စိုက်ပျိုးနည်းစနစ်အကြောင်း ရှင်းလင်းပြောကြား ကြောင်းသိရှိရသည်။ 

   ထို့နောက် မြို့နယ်မူး၊ စိတ်၊ တား ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကိုက ဘိန်းအစားထိုးပျိုးပင်ပေးအပ်ရာ ဒုံလိတန်ကျေးရွာမှ ဒေသခံဦးလှအောင်မှလည်းကောင်း၊ မြို့နယ်မူး၊ စိတ်၊ တား ဒု-ဥက္ကဌ၊ မြို့နယ်ရဲမှူး မောင်မောင်ဝင်းက ပျိုးပင်များပေးအပ်ရာ ထီတန်းလိတ်ကျေးရွာ ဒေသခံ ဦးခွန်သန်းထွန်းမှလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနတောအုပ် ဦးစိုင်းမောင်သန်းက ပျိုးပင်များပေးအပ်ရာ လိုင်းကလကျေးရွာဒေသခံ ဦးခွန်လွန်းဖေမှလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးမျိုးမင်းသန်းကပုလဲသွယ်စပ်မျိုးစပါးပေးအပ်ရာ ဝမ်းစောက်ကျေးရွာဒေသခံ ခွန်အောင်ဇော်ထွန်းမှ လည်းကောင်း အသီးသီးလက်ခံရယူကြကြောင်းသိရှိရသည်။

   ယင်းပျိုးပင်ပေးအပ်ပွဲသို့ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထောက်အကူပြုကော်မတီ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာများမှ ဒေသခံများစုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက်ကြောင်းသိရှိရသည်။ 

   အဆိုပါဘိန်းအစားထိုးပျိုးပင်များကို နောင်လိုင်မူဖိတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ထောပတ်ပင်၊ ရေသင်းဝင်ပင်၊ စိန်ပန်းပြာ၊ အော်ရီရှား၊ ရှောက်ပင်၊ သံပုရာပင်၊ ထင်းရှူးပင် စုစုပေါင်း(၁၅၅၀)ပင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နန်းခမ်းဦး(ဟိုပုံး)

 

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်း

တောင်ကြီး စက်တင်ဘာ ၅

1221

   ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းပွဲကို စက်တင်ဘာ (၅) ရက်၊ နံနက် (၈)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   ယနေ့ကျင်းပသည့် ဆွေးနွေးပွဲကတော့ (၂၀၁၅ ခုနှစ်)တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကာလအတွင်း တွေ့ကြုံနိုင်သည့် အခြေအနေပေါ် အတတ်နိုင်ဆုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြင့် အကောင်းဆုံးဖြစ်အောင် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့် စီမံထားရှိမှုများကို ခေတ္တပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းနိုင်က ဦးဆောင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပထမအကြိမ် (၅)နှစ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမှာဖြစ်သည့်အတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန်အတွက် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနှင့် အောင်အောင်မြင်မြင် ဖြစ်စေလိုပါကြောင်း၊ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် လုံခြုံမှုနှင့် တရားဥပဒေစိုးမိုး နိုင်မှုရှိရန်လိုအပ်ပြီး လုံခြုံရေးဆောင်ရွက်မှုအပိုင်းသည်အရေးကြီးသည်ကို သိရှိထားဖို့ရန် လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲလုံခြုံရေးနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲမဲဆွယ်ကာလ၊ ရွေးကောက်ပွဲ ကျင်းပစဉ်ကာလနှင့် ရွေးကောက်ပွဲလွန်ကာလအဖြစ် အပိုင်း (၄)ပိုင်းသတ်မှတ်ထားကာ လုံခြုံရေးဆိုင်ရာကိစ္စရပ် များကို ဆောင်ရွက်ကြမည့်သူများအနေဖြင့် သေသေချာချာပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြောကြားသွားသည်။

   ဆက်လက်၍ ရွေးကောက်ပွဲလုံခြုံရေးအတွက် တွေ့ကြုံနိုင်သည့် အခက်အခဲများနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ခေတ္တပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းနိုင်မှ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးပွင့်က ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ဆွေးနွေးသွားကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တပ်နယ်မှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများက တာဝန်ရှိသူများ အထွေထွေရွေးကောက် ပွဲတွင် လုံခြုံရေးဆောင်ရွက်ကြမည့် ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအဆင့်ထိ လုံခြုံရေးကော်မတီဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး များ၊ အမှတ်(၈)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးနှင့် အမှတ်(၂၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူး၊ ခရိုင်ရဲတပ်ဖွဲ့ မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲစခန်းမှူးများ တက်ရောက်ကြကြောင်းသိရှိရသည်။

 

                                                                                                                                                                     မောင်မောင်သန်း (တောင်ကြီး)

 

နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကျင်းပ

တောင်ကြီး စက်တင်ဘာ-၈

 1225

   ရှမ်းပြည်နယ်(တောင်ပိုင်း)နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကိုစက်တင်ဘာ ၈ ရက်နံနက်(၉) နာရီက  တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပရာအမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "လူတိုင်းအတွက်ပညာရေး"သီချင်းသီဆို၍  အခမ်းနားကိုဖွင့်လှစ်ကြောင်းသိရသည်။

   ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများပါမကျန် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အရှိန် အဟုန်မြှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅ခုနှစ် နွေရာသီကျောင်း ပိတ်ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ သိန်းနီမြို့နယ်၊ နမ္မတူမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ညောင်ရွှေမြို့နယ်နှင့် မောက်မယ်မြို့နယ်တို့၌ အသုံးလုံး သင်တန်းများကိုဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ စာတတ်မြောက်ခြင်းသည် နိုင်ငံသူ၊နိုင်ငံသားများ၏ လူနေမှုဘဝအဆင့်တန်း၊ စီးပွားရေးအဆင့်တန်း တိုးတက်မြှင့်မားမှုကို ဖော်ပြနိုင်သည့် ဂုဏ်ရည်တစ်ရပ် လည်းဖြစ်ပါကြောင်း၊ တစ်မျိုးသားလုံးအတွက် ဂုဏ်ယူဖွယ်ရာ လုပ်ငန်းတစ်ရပ်ဖြစ်သလို မိမိနိုင်ငံ၊ မိမိ ပြည်နယ်၊ မိမိလူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက်အလွန်အရေးကြီးသောကြောင့် စည်းလုံးညီညွှတ်စွာကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားသည်။

   ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ သဝဏ်လွှာကို ပြည်နယ်ပညာရေးညွှန်ကြားမှူး ဦးမြင့်အောင် ကဖတ်ကြားပြီး၊ ၂၀၁၅ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပိုစတာ၊ ပန်းချီ ပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ရာ အခြေခံပညာအထက်တန်းအဆင့်၌ စာစီစာကုံးပထမဆုရ အထက(မြို့မ)နမ့်စန်မှ ဒသမတန်း ကျောင်းသူ မနန်းကေခင်စု၊ ဒုတိယဆုရ အထက(၂)ကလောမြို့မှ အဌမတန်းကျောင်းသူ မမွန်လဲ့စိုးဝင်း၊ တတိယဆုရ အထက(မိုးနဲ)မှ ဒသမတန်းကျောင်းသား မောင်ပြည့်ဖြိုးကျော်တို့ကို ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ အလယ်တန်းအဆင့်ပိုစတာ ပြိုင်ပွဲတွင် ပထမဆုရ အလက(ခွဲ)၃ ရပ်ကွက် နမ့်စန်မြို့မှ သတ္တမတန်းကျောင်းသား မောင်စိုင်းထွန်းလူ၊ ဒုတိယဆုရ အထက(၄) တောင်ကြီးမြို့မှ သတ္တမတန်းကျောင်းသား မောင်ကောင်းစည်သူ ၊ တတိယဆုရ အထက(၁) ညောင်ရွှေမြို့မှ သတ္တမတန်းကျောင်းသူ မခင်သီရိသော်တို့ကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှဆုများ အသီးသီးချီးမြှင်ပေးကြသည်။

   ထို့နောက်အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "ဒို့အင်ဒို့အား"သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက "ဇာတိမာန်"သီချင်းဖြင့်ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကိုရုတ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ခန်းမအတွင်းခင်းကျင်းပြသထားသော နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်ဓါတ်ပုံများ၊ ပန်းချီပိုစတာများအားလှည့်လည်ကြည့်ရှုကြသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 

နိုင်ငံတော်သမ္မတ၏အသက်(၁၀၀)နှစ်နှင့် အထက်အဘိုးအဘွားများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ချီးမြှင့်ငွေပေးအပ်

တောင်ကြီး စက်တင်ဘာ - ၄

 1220

   ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာ(၄)ရက် ညနေ(၃)နာရီက နိုင်ငံတော်သမ္မတ၏အသက်(၁၀၀)နှစ်နှင့် အထက်အဘိုးအဘွားများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဘိုးအဘွား များအား ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် တာဝန်ရှိသူများတို့က အဘိုးအဘွားများအား ရိုသေစွာ ကန်တော့ကြ၍ အဘိုး၊ အဘွားများမှ ကန်တော့ကျိုး ပြန်လည်ပေးကြသည်။

   ဆက်လက်၍ အဘိုး၊ အဘွားများအား နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ထောက်ပံ့ ငွေပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ရာ အခမ်းအနားတက်ရောက်လာသည့် တောင်ကြီးမြို့နယ်မှ ဒေါ်ခမ်းလီ၊ ရပ်စောက် မြို့နယ်မှ ဦးတိမာ၊ လဲချားမြို့နယ်မှ ဦးနန္ဒိယနှင့် မတက်ရောက်နိုင်သည့် အဘိုး၊ အဘွားများကိုယ်စား သားသမီး၊ မြေးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ချီးမြှင့်ထောက်ပံ့ ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ကြောင်း သိရသည်။

   နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ချီးမြှင့်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ထောက်ပံ့ငွေပေးအပ်ပွဲတွင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်ရှိ မြို့နယ်များမှ အသက်(၁၀၀)နှစ်နှင့်အထက် အဘိုး (၈)ဦး၊ အဘွား (၉)ဦး၊ စုစုပေါင်း (၁၇)ဦးတို့အတွက် နိုင်ငံတော်သမ္မတမှ ငွေကျပ် (၂)သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် (၁)သိန်း၊ အဘိုးအဘွား (၁)ဦးစီလျှင် ငွေကျပ်(၃)သိန်းစီဖြင့် စုစုပေါင်း ငွေကျပ်(၅၁)သိန်း ချီးမြှင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊သူနာပြုသင်တန်းကျောင်းမှဆရာမများ၊ ပညာရေးကောလိပ်မှ ဆရာ/ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                       မောင်မောင်သန်း (တောင်ကြီး)

 

ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဉီးစဝ်‌အောင်မြတ် ကိုးကန့်ဒေသအုပ်ချုပ်‌ရေးနှင့် ‌ရွေး‌ကောက်ပွဲဆိုင်ရာ လုံခြုံရေး လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပပြုလုပ်

လားရှိုး    စက်တင်ဘာ ၅

 1223

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဉီးစဝ်‌အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ သည် စက်တင်ဘာ ၅ ရက် ‌နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က လားရှိုးမြို့ ပြည်နယ်ဒုတိယအ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဉီးစီးဌာန အစည်းအ‌ဝေးခန်းမတွင် ပြည်နယ်ဒုတိယအုပ်ချုပ်‌ရေးမှူး ဉီးစိန်အုပ်၊ လားရှိုးခရိုင်အုပ်ချုပ်‌ရေးမှူး ဉီးမြတ်မိုး ပြည်နယ်ဒုတိယဌာနဆိုင်ရာအကြီးအကဲများ‌တွေ့ဆုံပြီး ကိုးကန့်‌ဒေသပြန်လည်ထူ‌ထောင်‌ရေး လုပ်ငန်း များကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ပြန်လည်ထူ‌ထောင်‌ရေးအုပ်ချုပ်မှု အ‌ထောက်အကူပြု‌ကော်မတီမှ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါ‌ကြောင်း၊ ၂၀၁၅ ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ‌အောင်မြင်‌ရေးအတွက် လုံခြုံ‌ရေးအစီအမံများ နှင့်အညီ ဖွဲ့စည်းထားရှိသည့် ‌ကော်မတီအလိုက် ဌာနဆိုင်ရာများက ‌ကော်မရှင်အဆင့်ဆင့်နှင့် ပူး‌ပေါင်းဆောင်ရွက်ရန်လိုအပ်‌ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

   ယင်းနောက် ပြည်နယ်ဒုတိယအုပ်ချုပ်‌ရေးမှူးဉီးစိန်အုပ်က ကိုးကန့်ဒေသအုပ်ချုပ်‌ရေး‌ဆောင်ရွက်ထားရှိမှု အ‌ခြေအ‌နေနှင့် ‌လောက်ကိုင်‌ဒေသသို့  ပြန်လည်ဝင်‌ရောက်‌နေထိုင်ကြသည့် ပြည်သူများအတွက် ‌ထောက်ပံ့ပစ္စည်း များ ဖြန့်ဝေထားရှိမှုအ‌ခြေအ‌နေ၊ ဌာနဆိုင်ရာရုံးများဖွင့်လှစ်ထားရှိမှု အ‌ခြေအ‌နေ၊ ဝန်ထမ်းများတာဝန်ထမ်း‌ဆောင်‌နေမှုအ‌ခြေအ‌နေ၊ ပညာ‌ရေး၊ ကျန်းမာ‌ရေးအတွက် စာသင်‌ကျောင်းများဖွင့်လှစ်ထားရှိပြီး ပညာသင်ကြား‌ပေး‌နေမှုအ‌ခြေအ‌နေ၊ ကျန်းမာ‌ရေးပြုစု‌စောင့်ရှောက်‌ပေး‌နေမှုအ‌ခြေအ‌နေများကိုလည်းကောင်း၊ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး‌အောင်မြတ်မိုးက ၂၀၁၅ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအတွက် ‌ရွေး‌ကောက်ပွဲ အကြိုကာလ မဲဆွယ်စည်းရုံး‌ရေးကာလ နှင့် ‌ရွေး‌ကောက်ပွဲကာလ၊ ရွေး‌ကောက်ပွဲလွန်ကာလ လုံခြုံရေးအစီအမံများကိုလည်း‌ကောင်း ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကိုးကန့်‌ဒေသပြန်လည်ထူ‌ထေင်‌ရေး အုပ်ချုပ်မှုအ‌ထောက်အကူပြု‌ကော်မတီနှင့် အတူ ဌာနဆိုင်ရာများပူး‌ပေါင်းဆောင်ရွက်သွားရန်နှင့် လွတ်လပ်၍ တရားမျှတ‌သော‌ရွေး‌ကောက်ပွဲ‌အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်များပါဝင်သည့် ဌာနဆိုင်ရာများက ခရိုင်၊ မြို့နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲများနှင့်အတူ ပူး‌ပေါင်းဆောင်ရွက်သွားရန် နိဂုံးချုပ်အမှာစကား‌ပြောကြားခဲ့‌ကြောင်းသိရှိရသည်။

ဟန်‌ဌေး   (လားရှိုး)

ခရိုင်ပြန်ဆက်

 

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကနှစ်ဦးနှစ်ဘက်ဆွေးနွေး

တောင်ကြီး စက်တင်ဘာ - ၄

 1217

   ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ စက်တင်ဘာ(၄)ရက် နံနက်(၉) နာရီက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကနှစ်ဦးနှစ်ဘက်ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ကြောင်းသိရသည်။

   ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူထားသော ဝန်ကြီးဌာနအသီးသီးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူထားသော တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအသီးသီးက စီမံပံ့ပိုးရမည့် လုပ်ငန်းများရှိသကဲ့သို့ အစိုးရဌာနများနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများစွာပါဝင်သောကြောင့် အစိုးရဌာနများမှ ကမကထပြု၍ ပုဂ္ဂလိကကဏ္ဍပြောင်းလဲ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိက ညှိနှိုင်းဆွေးနွေးမှုများကို အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်ကပြောကြားသည်။ 

   အစိုးရနှင့် ပုဂ္ဂလိကနှစ်ဦးနှစ်ဘက်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းတွင် နှစ်ဦးနှစ်ဘက်တွေ့ဆုံဆွေးနွေးခြင်း ဖြင့် တစ်ဦးနှင့်တစ်ဦး အကြံအဉာဏ်များနှင့် အကြံပြုချက်များကို အပြန်အလှန်ဆွေးနွေးနိုင်ရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် အခက်အခဲများကို ကျော်လွှားနိုင်ရန်နှင့် အခွင့်အလှမ်းကောင်များကို မည်ကဲ့သို့ အကောင်ဆုံးရယူနိုင်ရန်အတွက် အကြံပြုဆွေးနွေးနိုင်ရန်၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်းဆုံးပတ်ဝန်းကျင် အနေအထားကို မည်ကဲ့သို့ တိုးတက်ဖြစ်ပေါ်လာအောင် ဖန်တီရမည်ကို ဆွေးနွေးနိုင်ရန် ဖြစ်ပါကြောင်းပြောကြား သည်။

   ဂျာမနီနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GIZ(Taunggyi Office) ကိုယ်စားလှယ် Mr.Wulf-Hendrik Goretzkyမှ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေရေးကြေးရေးသည် အရေးကြီးကြောင်း၊ တတိယစီမံကိန်းအဖြစ် ရှမ်းပြည်နယ်တွင် ပုဂ္ဂလိကစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့်တွေ့ဆုံပြီး၊ ပုဂ္ဂလိကအတွက် ဦးစားပေးဆောင်ရွက်နေကြောင်း နှစ်ဦးနှစ်ဘက်ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးသော GIZအဖွဲ့နှင့် အချိန်ပေး၍ တက်ရောက်လာသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ ဦးစိုင်းအုန်းခေါင်မှ အမှာစကားပြောကြားပြီး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆိုင်သော စီးမံကိန်း ရေးဆွဲရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များကို အမျိုးသားစီးမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ရှမ်းပြည်နယ်ညွှန်ကြားရေးမှူး ဦးစိန်လှိုင်မှ ရှင်းလင်းတင်ပြသည်။

   ထို့နောက် ရှမ်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၏ စိန်ခေါ်မှုများ နှင့် အခွင့်အလှမ်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း) စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဌ ဦးစိုင်းအုန်းခေါင်မှ ရှင်းလင်းတင်ပြပြီး၊ အစိုးရနှင့် ပုဂ္ဂလိကနှစ်ဦးနှစ်ဘက် ဆွေးနွေးပွဲဆိုင်သော နိုင်ငံတကာအတွေ့အကြုံများကို GIZ(Taunggyi Office) ကိုယ်စားလှယ် Mr.Wulf-Hendrik Goretzky မှ ဆွေးနွေးဖလှယ်၍ အခမ်းအနားတက်ရောက်လာသူများက အဖွဲ့အလိုက်ဆွေးနွေးမှုများ ပြုလုပ်ကြကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်စိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ GIZ(Taunggyi Office)မှ ကိုယ်စားလှယ် Mr.Wulf-Hendrik Goretzkyနှင့် အဖွဲ့များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်းများ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

အ‌ကောက်အခွန်မဲ့ ‌ကျောက်စိမ်းတုံးများဖမ်းမိ

မူဆယ်         စက်တင်ဘာ (၇) ရက်

1224

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ (၁၀၅)မိုင်ကုန်သွယ်‌ရေးဇုံ ‌အေးရှား‌ဝေါလ်တိုးဂိတ်တွင် ဌာနဆိုင်ရာ ‌ပေါင်းစုံ (Moible Team)လှုပ်ရှားအဖွဲ့တို့မှ စက်တင်ဘာလ(၃)ရက်‌နေ့ နံနက်ပိုင်း(၁ဝ၃၀)နာရီအချိန်က ယာဉ်အမျိုးအစား Nissan Wingroad (AYY EE-6679) အားမသင်္ကာ၍ ရပ်တန့်‌စေရာ၊ ယာဉ်‌မောင်းမှာထွက်‌ပြေးလွတ်‌မြောက်သွားပြီး၊ ယာဉ်‌ပေါ်တွင် အ‌ကောက်အခွန်မဲ့‌ကျောက်စိမ်းဟုယူဆရ‌သော ‌ကျောက်တုံး၊ အခြမ်း၊ အခဲ၊ အရွယ်စုံတို့ကို သိမ်းဆီး ရမိ‌ကြောင်းသိရသသည်။ 

   အဆိုပါ အ‌ကောက်အခွန်မဲ့ ပစ္စည်းများမှာ ‌ကျောက်စိမ်းဟု ယူဆရ‌သော ‌ကျောက်တုံး၊ ခဲ၊ ခြမ်းအရွယ်စုံ စုစု‌ပေါင်း (၄၈၅)Kg ခန့်မှန်းတန်ဖိုး (၄၈၅)သိန်းနှင့် ပိုင်ရှင်မဲ့ယာဉ် ကာလတန်ဖိုး ကျပ်(၅၀)သိန်းကို သိမ်းဆီးရမိခဲ့သည်။ ‌ကျောက်စိမ်းများကို မြန်မာ့‌ကျောက်မျက်ရတနာကုန်စည်ဒိုင်သို့ လည်‌ကောင်း၊ ‌မော်‌တော်ယာဉ်အားအ‌ကောက်အခွန် ဦးစီးဌာန သို့ လည်း‌ကောင်း စက်တင်ဘာလ(၆)ရက်‌နေ့ ‌နေ့လည် (၂)နာရီခွဲ အချိန်တွင် အသီးသီးလွှဲ‌ပြောင်း အပ်နှံခဲ့ ‌ကြောင်းသိရှိရသည်။

                                                                                                                                                          အယ်လ်စိုး(မူဆယ်)

 

လားရှိုး၌မီးလောင်မှုဖြစ်ပွား

လားရှိုး   စက်တင်ဘာ ၃

1219

   လားရှိုးမြို့ ရပ်ကွက်  ၁  နယ်မြေ ၁၆ မန္တလေးလမ်း ၌စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီအချိန်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ  လားရှိုးမြို့ ရပ်ကွက်  ၁  နယ်မြေ ၁၆ မန္တလေးလမ်း၊ မ ဆ ရ (၁ဝ) ဆိုင်ခန်းတိုက်တန်းရှိ ဆိုင်ခန်းအမှတ်  ၄၆ နေ ဒေါ်မြမြရွှေ (ခ) ဒေါ်ပလောင် မှတ်ပုံတင်အမှတ် ၁၃/နဆန(နိုင်) ဝ၀၁၈၁၆၏ ၂၀×၁ဝ ပေ နံကပ် သွပ်မိုး (လူနေထိုင်)၏ ထပ်ခိုး အပေါ်ထပ်ရှိ ဘုရားစင်တွင် ဖယောင်းတိုင်ဖြင့်ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းပြီး ၂၀ပေ ၁၀ပေ ထပ်ခိုးကြမ်းခင်းနှင့် အတွင်းပစ္စည်းများ၊ ဦးကျော် (ဘ)ဦးလှညွန့်၏ ပလပ်စတစ်ပိုက် အရောင်းဆိုင် ဆိုင်ခန်းအမှတ် ၄၅ အပေါ်ထပ်ရှိပစ္စည်းအနည်းငယ် တန်ဖိုးစုစုပေါင်း ၂သိန်း၅သောင်းကျပ်တန်ဖိုးခန့်ဆုံးရှုံးလောင်ကျွမ်းခဲ့ပြီး  လားရှိုးမြို့နယ်မီးသတ်စခန်းမှ သန္ဓေ ၂၇ဦး၊ အရန် ၂ဝဦး စုစုပေါင်း ၄၇ ဦး၊ သန္ဓေမီးသတ်ယာဉ် ၄စီး၊ စက်ယာဉ် ၁ စီး၊ အရန်မီးငြိမ်းသတ်ယာဉ် ၅စီး ရေသယ်ယာဉ် ၁စီးစုစုပေါင်း ၁၁ စီးဖြင့် နံနက် ၉ နာရီ၁ဝ မိနစ်အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

                                                                                                                                                    ဟန်ဌေး    လားရှိုး

ခရိုင်ပြန်  ဆက်

၀၉၄၀၃၇၁၁၈၉၆

 

More Articles...

  1. စားသုံးရန် မသင့်‌လျော်သည့် စားသုံးကုန်များ ဖျက်ဆီး
  2. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကျိုင်းတုံခရိုင်နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တို့ အကြား ညီမမြို့တော်အဖြစ် ဖွဲ့စည်းသတ်မှတ်နိုင်ရန် ချစ်ကြည်ရင်းနှီးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ အစည်းအဝေးကျင်းပ
  3. (၄၇)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကျင်းပ
  4. အင်းလေးကန်အတွင်း မြက်စားငါးကြင်း ငါးမျိုးစိုက်ထည့်ပွဲကျင်းပ
  5. အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များကျင်းပ
  6. မုံးထ၌ မိုးသည်းထန်ရွာသွန်း တံတား(၂)စင်း ပျက်စီး
  7. ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
  8. TAUNGGYI TRADE FAIR & CAR SHOW ကုန်စည်ပြပွဲကျင်းပ
  9. တောင်ကြီးမြို့နယ် ဥက္ကဌဖလား ဖိတ်ခေါ်ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
  10. ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၅) တတိယနေ့ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 115 guests and no members online

Latest Updates