Articles

မိုင်းရှူးမြို့နယ်ရှိ လွိုင်နိုင်း၊ ပြင်ဦးကျေးရွာသို့ မြစိမ်းရောင် ရန်ပုံငွေလွှဲပြောင်းပေးအပ်

တောင်ကြီး ဇန်နဝါရီ - ၂၇

868

   ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လွိုင်နိုင်း၊ ပြင်ဦးကျေးရွာသို့ မြစိမ်းရောင် ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကို ဇန်နဝါရီ(၂၇)ရက်၊ နံနက်(၁၀)နာရီက မိုင်းရှူးမြို့နယ်၊ ပတ္တမြားခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် မိုင်းရှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးသီဟန်လင်းမှ မြစိမ်းရောင်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍  ပြောကြားရာ ကျေးလက်ဒေသရှိပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ မိသားစုဝင်ငွေများ တိုးပွားလာရေး၊ ကျေးလက်ဒေသ ဆင်းရဲမှူးလျော့ချရေး၊ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များရှင်းလင်းပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဦးသီဟန်လင်းမှ မြစိမ်းရောင်ရန်ပုံငွေကျပ်သိန်း(၃၀၀)အား မိုင်းရှူးမြို့နယ်၊ လွိုင်နိုင်းကျေးရွာနှင့် ပြင်ဦးကျေးရွာရှိ ကော်မတီများသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

   အဆိုပါအခမ်းအနားသို့ မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျေးရွာရပ်မိရပ်ဖများ တက်ရောက်ကြကြောင်းသိရသည်။

                                                                                                         အင်းသားလေး(တောင်ကြီး)

 

ရှမ်းပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေး

တောင်ကြီး   ဇန်နဝါရီ   ၂၉

867

    (၂၀၁၄-၂၀၁၅) ပညာသင်နှစ် ရှမ်းပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကို ဇန်နဝါရီ (၂၉)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဒေါ်ခင်သိန်း ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးချစ်ဆွေမှ အဖွင့်အမှာစကား ပြောကြားရာ (၂၀၁၅)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် (၂၀၁၂-၂၀၁၄)ခုနှစ်အထိ အောင်ချက် ရာခိုင်နှုန်းများ ထက် (၂၀၁၅)ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မျှော်မှန်းအောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်နှင့် တောင်ကြီး၊ လွိုင်လင်၊ လင်းခေး ခရိုင်တို့မှ ဘာသာရပ်အလိုက် အထက်တန်းပြ ဆရာ၊ ဆရာမများက သင်ကြားပို့ချမှုများကို သေချာလေ့လာမှတ်သားပြီး၊ မြို့နယ်ပညာရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ပြောကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရန်အတွက် တောင်ကြီး တက္ကသိုလ်မှ အင်္ဂလိပ်စာ ပါမောက္ခဌာနမှူး ဒေါ်ခင်စိန်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ပက်သက်၍ ဆွေးနွေးပြောကြား သွားပြီး၊ ရှမ်းပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲကို တောင်ကြီး၊ လွိုင်လင်၊ လင်းခေး ခရိုင်တို့မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၅၀)ဦး၊ အထက်တန်းပြ ဘာသာရပ်အလိုက် ဆရာ၊ဆရာမ (၈၄၇)ဦး၊ တက်ရောက်၍ တောင်ကြီးတက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးဆရာမများမှ သင်ကြား ပို့ချဆွေးနွေး ပေးကြကြောင်း သိရသည်။

   အဆိုပါဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ပညာရေးညွှန်ကြားရေးမှူး၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ တောင်ကြီး တက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးဆရာမများ၊ အခြေခံပညာ အထက်တန်း ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဘာသာရပ်အလိုက် အထက်တန်းပြ ဆရာ၊ဆရာမများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                             မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၅)ကျင်းပ

တောင်ကြီး  ဇန်နဝါရီ  - ၂၇

866

   ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၅)နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၅) အခမ်းအနားကို  ဇန်နဝါရီ(၂၇)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ  ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် (၂၀၁၅)ခုနှစ်၊ ဇန်နဝါရီလကုန်တွင် အစီရင်ခံစာ အပိုင်း(၆)၊ မြေယာမှု (၆၇၂)မှုနှင့် အပိုင်း(၇) မြေယာမှု (၂၅၉)မှုကို အပြီးဖြေရှင်းပေးကြရန်၊ ယခင်လ အစည်း အဝေးတွင် မှာကြားထားပြီးဖြစ်ကြောင်း၊ ခရိုင်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီအနေဖြင့် ဖြေရှင်း ပြီး အမှုများ၊ အပ်နှံမြေလွှဲပြောင်းပေးအပ် ပြီးစီးမှုများကို တင်ပြပေးရမှာဖြစ်ကြောင်း၊ မြေအသုံးချမှု (ဗဟို) ကော်မတီမှ တောင်းခံထားသည့်ဇယား(၅)မျိုးနှင့် နောက်ဆက်တွဲဖြစ်သည့် စာရင်းများကို ဒုတိယသမ္မတ (မြေအသုံးချမှု စီမံခန့်ခွဲရေး (ဗဟို)ကော်မတီဥက္ကဌ)က အပ်နှံမြေများမှ ကျန်မြေများ ကို လွှဲပြောင်းပေးအပ်နိုင်ရန်၊ မြေဧကစာရင်းများကို ခရိုင်အလိုက်ပြုစုတင်ပြထားပြီး ဖြစ်ကြောင်း၊ ဧကနှင့်တောင်သူစာရင်းအတိုင်း မြေပြင်တွင်တကယ်ရှိရန်လိုကြောင်း၊ မြို့နယ်များက ဖြေရှင်းရာ တွင် ခက်ခဲနေမှုများကို ခရိုင်မှ ကွင်းဆင်းကြီးကြပ်စိစစ်ပေးရန်လိုကြောင်း၊ ပြည်နယ် ကော်မတီဝင် များကလည်း မြို့နယ်/ ခရိုင်မှ ခက်ခဲသည့်ဖြေရှင်းမှုများကို ဝိုင်းဝန်ပူးပေါင်း ကွင်းဆင်းစိစစ် ပေးသွားရန် လိုအပ်မှဖြစ်ကြောင်း၊ မြေအသုံးချကော်မတီက ချမှတ်ထားပေးသည့် အစည်းအဝေး ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းအပြင်၊ ယခုလအတွင်း ထပ်မံပေးပို့လာ သည့် မူဝါဒလုပ်ငန်းစဉ် ညွှန်ကြားချက်များကို ရှင်းလင်းချပြပြီး၊ မြေအသုံးချမှုကိစ္စတွင် အစီရင်ခံစာ ပါ မြေမှုကိစ္စများကို စနစ်တကျ၊ ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဖြေရှင်း ပြီးပြတ်အောင်ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်အကြီးအကဲများမှ မှာကြားထားသည့်အတိုင်း ဖြေရှင်းမှုများကို မြန်မြန်ဆန်ဆန်ဖြေရှင်းပေးရန်၊ သက်ဆိုင်ရာများကို မြန်မြန်ဆန်ဆန် ရောက်ရှိအောင်ဆောင်ရွက်ပေးရန်၊ ပြန်လည်ပေးအပ်သင့်သည့်မြေများကိုလည်း ပေးအပ်နိုင်အောင် ဆောင်ရွက်ပေးရန်၊အပ်နှံမြေများ ပြန်လည် ပေးအပ်ရာတွင်လည်း အဂတိတရားကင်းရှင်းပြီး၊ စေတနာ၊ စာနာထောက်ထားမှုများနှင့် ပွင့်လင်းမြင်သာမှု ရှိအောင်ဆောင်ရွက်ပေးကြရန်၊ မြေပြဿနာကင်းရှင်းသည့် မြို့နယ်/ ခရိုင်များဖြစ်အောင် အစီအမံရေးဆွဲ ဆောင်ရွက်ရန်၊ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ အလုပ်ဇယား၊ အချိန်ဇယားများ လုပ်ငန်းမှတ်တမ်းများနှင့် လက်တွေ့ကူညီ ဆောင်ရွက်ပေးနေကြောင်း၊ လူထုယုံကြည်အားကိုးလာအောင်ဆောင်ရွက်ပေးကြရန်၊ မြို့နယ်/ ခရိုင် များတွင် မနိုင်မနင်းဖြစ်နေမှုကို ပွင့်ပွင့်လင်းလင်းတင်ပြပေးကြပြီး၊ မြို့နယ်/ ခရိုင်/ ပြည်နယ်များနှင့် ပြည်သူ့(ဗဟို)ပြု အဖွဲ့အစည်းများ ရပ်မိရပ်ဖများ၊ ကိုယ်စားလှယ်များ၊ ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းကောင်းဖြင့် မြေယာမှုများပြီးပြတ်စေရေးဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား သွားကြောင်း သိရသည်။

   ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ် မြေအသုံးမှု စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၅)၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၅)တင်ပြချက်များ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၅)တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ကြသည်။

   ထို့နောက် ရှမ်းပြည်နယ်အတွင်း စုံစမ်းရေးကော်မရှင်၏ အစီအရင်ခံစာများပါ မြေယာ ကိစ္စရပ်များအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ပြန်လည်စွန့်လွတ်သည့်မြေများအား လွှဲပြောင်း ပေးအပ်ပြီးစီးမှု အခြေအနေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူမှ ရှင်းလင်းတင်ပြရာ အစီရင်ခံစာပါဖြေရှင်းဆောင်ရွက်ရမည့် မှုကိစ္စပေါင်း (၁၃၂၃)မှု၊ ဖြေရှင်းဆောင်ရွက်ပြီးအမှုကိစ္စပေါင်း(၁၀၂၅)မှု၊ စိစစ်ဖြေရှင်းဆဲအမှုကိစ္စပေါင်း(၂၉၈)၊ အစီရင်ခံစာ အပိုင်း(၆)တွင် (၂၀၅)မှု နှင့် အပိုင်း(၇)တွင် (၉၇)မှုကျန်ပြီး၊ ပြန်လည်စွန့်လွှတ်မြေ ဧရိယာ (၄၀၆၅၉.၂၈)ဧက၊ လွှဲပြောင်းပြီးမြေ(၁၅၃၂၂.၈၈)ဧကဖြစ်ကြောင်း ရှင်းလင်းပြီး၊ အခမ်း အနားသို့ တက်ရောက်လာသော တာဝန်ရှိသူများမှ အထွေထွေဆွေးနွေး တင်ပြကြ၍ ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင် များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ ဦးစီးအရာရှိကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) အုပ်ချုပ်ရေးမှူးများနှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

နမ့်ကွတ်(၂) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

တောင်ကြီး   ဇန်နဝါရီ  ၂၇

865

   ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက် နယ်မြေ(၁)၊နမ့်ကွတ်(၂) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် (၂၀၁၃-၂၀၁၄) ပညာသင်နှစ် ပညာရည်ချွန်ဆု ပေးပွဲကို ဇန်နဝါရီ(၂၇)ရက် နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

   အခြေခံပညာမူလတန်းကျောင်း ပေ(၁၂၀ X ၃၀)RC တစ်ထပ်ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးချစ်ဆွေ၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်၊ ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး၊ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူတို့သည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု ကြသည်။

   ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးချစ်ဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီးမှ (၂၀၁၃-၂၀၁၄)ပညာသင်နှစ် ပညာရည်ချွန်ဆုပေး ပွဲ ကျင်းပရခြင်းနှင့် ကျောင်းဆောင်သစ်ဖွင့်လှစ်ရခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးမှလွှဲပြောင်းပေးအပ် ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး၊ ဆရာမကြီးမှ ကျောင်းဆောင်သစ် အထိမ်းအမှတ်အလံများအား နေရာအရောက်လိုက်လံပေးအပ်ခဲ့ကြောင်းသိရသည်။

   ထို့နောက် ဒေသခံတစ်ဦး၏ကိုယ်စား ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်မှ ကျေးဇူးတင်စကားပြန်လည်းပြောကြားပြီး၊(၂၀၁၃-၂၀၁၄)ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ များကို ဆက်လက်ကျင်းပရာ (အငြိမ်းစား)ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ၊ ဆရာမများ၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်တို့မှ ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဆုများနှင့်အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 92 guests and no members online