Articles

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ နှင့် နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့်တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ   ၂၆

864

   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်း များ၊ ပြည်သူလူထုများနှင့်တွေ့ဆုံပွဲကို ဇန်နဝါရီ(၂၆)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက အဖွင့်အမှာ စကားပြောကြားရာတွင် "၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဖြစ်မြောက်အောင် ဆောင်ရွက်ရန်နှင့် လွတ်လပ်ပြီး၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင်ဆောင်ရွက်ရန်နှင့် ပါတီများအနေဖြင့် ပြည်သူလူထု များကို စည်းရုံးနိုင်ပြီး၊ ပြည်သူလူထုများအပေါ် မှန်မှန်ကန်ကန်လုပ်ကိုင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ အခြေခံဥပဒေ(၈)ခုဖြင့် အဓိကထား ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ဥပဒေနှင့် အညီ ရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်များ ဆောင်ရွက်သွားကြရန်" ပြောကြားသွား ကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးပွင့်မှ ရွေးကောက်ပွဲ ဆိုင်ရာများနှင့် ပတ်သက်၍ရှင်းလင်းပြီး၊ တက်ရောက်လာကြသော SNLD ပါတီမှ ဦးစိုင်းလင်းမြတ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဌ ခွန်မျိုးမြင့်ဦး၊ အင်းတိုင်းရင်းသားပါတီ ဦးဝင်းမြင့် တို့က ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးမှ ပြန်လည်ဖြေကြားပြီး၊ နိဂုံးချုပ်အမှာစကား ပြောကြား သွားကြောင်း သိရသည်။

   ထို့နောက် တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများ စုစုပေါင်းအင်အား(၄၇၃)ဦး တက်ရောက်ကြ ကြောင်း သိရှိရသည်။

                                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တောင်ကြီးမြို့၊ မိဘမေတ္တာပရဟိတဂေဟာသို့ အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်ခြင်း

တောင်ကြီး   ဇန်နဝါရီ   ၂၄

 863

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းဦးဆောင်မှုဖြင့် ရာစုသစ်လူမှုစောင့်ရှောက်ရေးနှင့် သွေးလှူရှင်အသင်းတို့မှ ဇန်နဝါရီ(၂၄)ရက်နေ့တွင် တောင်ကြီး မြို့၊ မိဘမေတ္တာပရဟိတဂေဟာကျောင်းသို့သွားရောက်ပြီး ကျောင်းသား/ ကျောင်းသူများအား အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဆန်(၂)အိတ်၊ ဆီ(၂)ပုံးနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ရှမ်းပြည်နယ်အားကစား နှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဘော်လုံးကွင်း အရှေ့ဘက် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ရပ်ကွက်/ ကျေးရွာအုပ်စု ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီသို့ ရန်ပုံငွေပေးအပ်

တောင်ကြီး ဇန်နဝါရီ - ၂၃

 862

   ၂၀၁၄ - ၂၀၁၅ဘဏ္ဍာရေးနှစ်၊ တောင်ကြီးမြို့နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀၀)မှ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ဖွံ့ဖြိုးရေးထောက်အကူပြု ကော်မတီသို့ ရန်ပုံငွေပေးအပ်ခြင်းကို ဇန်နဝါရီ(၂၃)ရက်၊ နံနက်(၁၁)နာရီက တောင်ကြီးမြို့နယ်၊ နောင်ဟိုင်းကြီး ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က (ပအိုဝ်း၊ မြန်မာ)နှစ်ဘာသာဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆောင်ရွက်ရန်နှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီများကို ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတားလုပ်ငန်းများ၊ ရေရရှိရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားကြောင်းသိရသည်။

   ဆက်လက်၍ တောင်ကြီးမြို့နယ် အထောက်အကူပြုကော်မတီ ဦးမောင်မောင်မြင့်မှ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များကို ရှင်းလင်းပြီး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ရပ်ကွက်/ ကျေးရွာ အုပ်စု ဖွံ့ဖြိုးရေးထောက်အကူပြုကော်မတီသို့ ရန်ပုံငွေပေးအပ်ရာ တောင်ကြီးမြို့နယ် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင် ဦးထွန်းအေးလေးမှ နောင်ဟိုင်းကြီးကျေးရွာအတွက် ရန်ပုံငွေကျပ်သိန်း(၂၀) ပေးအပ်ရာ နောင်ဟိုင်းကြီး ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုကော်မတီတို့က အသီးသီးလက်ခံရယူကြသည်။

   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀၀)မှ ရပ်ကွက်/ ကျေးရွာ အုပ်စု၊ ဖွံ့ဖြိုးရေးထောက်အကူပြုကော်မတီသို့ ရန်ပုံငွေပေးအပ်ပွဲသို့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုကော်မတီများ၊ ဒေသခံမိဘပြည်သူများ၊ အင်အား(၂၅၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်နှင့် တာဝန်ရှိသူတို့သည် နောင်ခဲကျေးရွာအုပ်စု၊ ခေလူးကျေးရွာသို့ရောက်ရှိပြီး၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀၀)မှ ခေလူးကျေးရွားသို့ ငွေကျပ်(၂၅)သိန်း၊ နောင်ပစ်ကျေးရွာအုပ်စု၊ ဝင်းယကျေးရွာသို့ ငွေကျပ်(၁၅)သိန်း၊ နောင်ကားကျေးရွာအုပ်စု၊ ကျောက်တိုင် ကျေးရွာသို့ ငွေကျပ်သိန်း(၂၀)၊ နောင်ပစ်မြောက်ရွာသို့ ငွေကျပ်သိန်း(၂၀)၊ ပုန်းတန်းအသုံးတော်ကျေးရွာ အုပ်စုသို့ ငွေကျပ်သိန်း(၂၀)တို့ကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်းသိန်းမောင်နှင့် တာဝန် ရှိသူတို့က ပေးအပ်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုကော်မတီတို့က အသီးသီးလက်ခံ ရယူကြသည်။

   ၂၀၁၄ - ၂၀၁၅ဘဏ္ဍာရေးနှစ်၊ တောင်ကြီးမြို့နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀၀)မှ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ဖွံ့ဖြိုးရေးထောက်အကူပြုကော်မတီသို့ ရန်ပုံငွေပေးအပ်ရာ၊  ပထမအကြိမ်ဖြင့်၊ လမ်း၊ တံတား၊ ရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆောက်လုပ်ရန်၊ လုပ်ငန်းအရေအတွက် (၃၁)ခုကို ရန်ပုံငွေများ ပေးအပ်ခဲ့ရာ စုစုပေါင်းကျပ်သိန်း(၅၈၈)သိန်း၊ ပေးအပ်ခဲ့ပြီးဖြင့်ကြောင်းသိရှိရသည်။

                                                                                မောင်မောင်သန်း(တောင်ကြီး)

 

(၆၁)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန် ညီလာခံ ဖွင့်ပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ -  ၁၇

861

(၆၁)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန် ညီလာခံ ဖွင့်ပွဲကို ဇန်နဝါရီ(၁၇) နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မြန်မာနိုင်ငံဆရာဝန်ညီလာခံအသင်း ဥက္ကဌ ဦးရဲမြတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် မြန်မာနိုင်ငံဆရာဝန်ညီလာခံအသင်း ဥက္ကဌ ဦးရဲမြတို့က အမှာစကားပြောကြားကြပြီးအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။ အဆိုပါ(၆၁)ကြိမ်မြောက် ဆရာဝန်ညီလာခံအခမ်းအနားကို ဇန်နဝါရီ(၁၇)ရက်မှ (၂၁)ရက်နေ့အထိ ကျင်းပ၍ တောင်ကြီးမြို့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံးခန်းမ၌ စာတမ်းဖတ်ပွဲများနှင့် ဆေးပညာနှီးနှော်ဖလှယ်ပွဲများ၊ ဆေးကုမ္ပဏီများမှ ဆေးအရောင်းပြခန်းများ၊ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ သိရှိရသည်။

မောင်မောင်သန်(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 131 guests and no members online