Articles

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာရပ်မိရပ်ဖများ နှင့် တွေ့ဆုံပွဲ ပြုလုပ်

ဟိုပုံး   ဇန်နဝါရီ   ၇

846

   ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဇန်နဝါရီ(၇)ရက် မွန်းလွဲ(၁)နာရီက ဟိုပုံးမြို့နယ် ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

   အခမ်းအနားတွင် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက အဖွင့် အမှာစကားပြောကြားပြီး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်က အစိုးရသစ်လက်ထက်(၄)နှစ်တာ ကာလအတွင်း တာဝန်ထမ်းဆောင်ရာတွင် ပွင့်လင်းလာမည့် လူ့အဖွဲ့အစည်း တည်ဆောက်ရာတွင် ပြည်သူအတွက် ခိုင်မြဲရန်လိုအပ်ပါကြောင်း၊ မိမိဘက်မှ ဉာဏ်စွမ်းရှိသ၍ မိဘပြည်သူအတွက် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးအရ ပြောင်းလဲ လာသော ဒီမိုကရေစီကာလတွင် တတ်စွမ်းသမျှ ဒေသ လိုအပ်ချက်ကို ဒေသဦးစီး ကော်မတီ၊ မြို့နယ်အထောက်အကူပြုကော်မတီနှင့် မြို့မိ/ မြို့ဖတို့ ပူးပေါင်း၍ ဆောင်ရွက်နေပါကြောင်း၊ ဒေသ အလိုက် လိုအပ်ချက်ကို ဒေသဦးစီးအဖွဲ့မှ အစည်းအဝေးဖြင့် ဆောင်ရွက်နေပါကြောင်း၊ (၄)နှစ်တာ ကာလအတွင်း ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး (၁၁)ကြိမ်၊ အရေးပေါ်(၁)ကြိမ်၊ အထူး အစည်းအဝေး(၁)ကြိမ်၊ စုစုပေါင်း(၁၃)ကြိမ်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံရေးပိတ်ဆို့မှု အရေးကြုံ နေရသော်လည်း၊ စီးပွားရေးဆိုင်ရာ ကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုများ၊ အလုပ်အကိုင်အခွင့်အလမ်း လုပ်ငန်းရင်းနှီးမြှုပ်နှံမှုအပေါ် သတင်းအချက်အလက်များ လျှင်မြန်စွာ စီးဆင်းလာ၍ ဖွံ့ဖြိုး တိုးတက်မှု မြန်ဆန်နေပါကြောင်း၊ မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူ လူထုများကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ချက်များကို အသေးစိတ် ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြ၍လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးစိုင်းသန်းလှိုင်က မိုးပွင့်အဆင့်(၁)မှ(၇)အထိ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက လမ်းဖောက်လုပ်မှုအခြေအနေ၊ ကတ္တရာခင်းခြင်း လုပ်ငန်း၊ ရေရရှိရေးလုပ်ငန်းများကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးလွင်မြင့်က ကျေးလက် လမ်း/တံတား ဆောင်ရွက်နိုင်မှု အခြေအနေကိုလည်းကောင်း၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးခင်အောင်ဇော်က လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်နိုင်မှု အခြေအနေကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာမောင်မောင်သိန်းက ကျန်းမာရေး ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုကဏ္ဍကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းအေးစိန်က ပညာရေးဝန်ထမ်း ဆရာ/ဆရာမ ခန့်အပ်မှုနှင့် ကျောင်းတည်ဆောက်ရရှိမှု အခြေအနေကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအင်ဂျင်နီယာ ဦးအေးကျော်က လမ်းတံတားဆောက်လုပ်မှုအခြေအနေများကို ပါဝါပွိုင့်ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

   ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံရပ်မိ/ရပ်ဖများက လျှပ်စစ် ထရန်စဖော်မာကိစ္စ၊ မူလတန်းကျောင်း ဆောက်လုပ်ပေးရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြရာ တာဝန်ရှိသူများက တင်ပြချက်အပေါ် ပြန်လည်ဖြည့်ဆည်းပြောကြားပြီး၊ ဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်မှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက် ကြောင်း သိရသည်။

   တွေ့ဆုံပွဲသို့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့နယ်အထောက်အကူပြုကော်မတီများ၊ ရပ်ကွက်/ကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများ၊ စုစုပေါင်းအင်အား(၇၆၅)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                            နန်းဦးခမ်း(ဟိုပုံး)

 

အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်းပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၆

845

   ပြည်နယ်အဆင့်အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်းပွဲကို ဇန်နဝါရီ(၆)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြန်မာနိုင်ငံဆရာဝန်အသင်း အစည်းဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အမှာစကား ပြောကြားရာတွင် ကလေးငယ်များတွင် ရောဂါကူးစက်ဖြစ်ပွားမှုများပြားပြီး၊ ကာကွယ်ဆေးနှင့် ကာကွယ်၍ ရသော ရောဂါများဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာတွင် ရောဂါများကို ကာကွယ် နိုင်ရန်အတွက် ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ နှစ်စဉ်မွေးဖွားလျှက်ရှိသော အသက်(၁)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး ကာကွယ်ဆေး(၈)မျိုး ထိုးနှံပေးပြီး တီဘီဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဆုံဆို့ကြက်ညှာ ချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဝက်သက်ရောဂါနှင့် ပြင်းထန်ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါများ ဖြစ်ပွားမှုမှ ကလေးငယ်များကို ကာကွယ်ပေးလျှက်ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး၏ အကြံပြုချက်အရ ရောဂါကာကွယ်ဆေး(၃)မျိုးဖြစ်သည့် ဂျိုက်သိုးရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် အဆုတ်ရောင်ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ အစုလိုက်ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှုမြင့်မားစွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ကလေးငယ်များနှင့် လူငယ်များတွင် ရောဂါကာကွယ်မှုစွမ်းအားများ တိုးတက် မြင့်မား လာမှာဖြစ်ပြီး မြန်မာနိုင်ငံသည် ဝက်သက်ရောဂါကင်းစင်ပြီး၊ ဂျိုက်သိုးရောဂါနှင့် မွေးရာပါ ဂျိုက်သိုးရောဂါ ထိန်းချုပ်နိုင်သော နိုင်ငံအဖြစ် ကမ္ဘာသို့ ကြေညာနိုင်မည်ဖြစ်သည့်အတွက် တာဝန်ရှိသူ အသီးသီးမှ အမျိုးသားရေးအသွင်အဖြစ် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှု ဒေါက်တာသန်းထွဋ်ဦးမှ အစုလိုက်ဝက်သက် နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများထံမှ ဦးဆောင်လမ်းညွှန်မှုခံယူ၍ တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်များမှ ဆွေးနွေးတင်ပြကြကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေး မှူးများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                       မောင်မောင်သန်း(တောင်ကြီး)

 

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၄

844

   ရှမ်းပြည်နယ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီ(၄)ရက် နံနက်(၄)နာရီ မိနစ်(၂၀)က တောင်ကြီးမြို့၊ အဝေရာမီးပုံပျံကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား တိုင်အပြည့်လွှင့်ထူပေးပြီးနောက် တာဝန်ရှိသူ များမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာရှိသူများတက်ရောက် ကြကြောင်းသိရသည်။

   ဆက်လက်၍ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို နံနက်(၈)နာရီက အဆိုပါကွင်း၌ ကျင်းပရာ ပထမဦးစွာ စစ်ရေးပြတပ်ခွဲက စစ်ကြောင်းဖြင့် ချီတက်နေရာယပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်အား အလေးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူ များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြာရာ ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကို သီးမှုတ်ဂုဏ်ပြုပြီး ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများ အား အလေးပြုပြီး သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကြသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ  အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့ သော (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ 

   အဆိုပါ(၆၇)နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မှ အရာရှိကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ စစ်ရေးပြတပ်ဖွဲ့များနှင့် ဂုဏ်ပြုစစ်တီးဝိုင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ အင်အား(၃၀၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

                                                                                    မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ပညာရေး စုံညီပွဲတော်ဖွင့်ပွဲ ကျင်းပ

တောင်ကြီး   ဇန်နဝါရီ    ၃

843

   (၂၀၁၄-၂၀၁၅) ပညာသင်နှစ်၊ ရှမ်းပြည်နယ်ပညာရေး စုံညီပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ (၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ ရှမ်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း နှင့် ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေတို့က ရှမ်းပြည်နယ်ပညာရေး စုံညီပွဲတော်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့သည်၊ ကျောင်းသား/ ကျောင်းသူများ၏ ဘင်ခရာ၊ ပန်းပွား၊ ရိုးရာအက၊ ကာယာ လှုပ်ရှားစွမ်းရည် ပြသနေခြင်းကို ကြည့်ရှုအားပေးခြင်းနှင့် ပညာရေးစုံညီပွဲတော်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

   ထို့နောက် ဒေါ်ခင်သိန်းခန်းမ၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက " စုံညီပွဲတော် တို့နွဲပျော် " သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာ ယနေ့ကျင်းပသည့် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်သည် ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများကို ဆုများချီးမြှင့်သွားမှာဖြစ်ပြီး၊ နိုင်ငံတော်မှ ဦးဆောင် အကောင်အထည်ဖော်နေ သည့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်နေ ခြင်းသည် မှတ်တမ်းတင် ဂုဏ်ယူရမှာဖြစ်ကြောင်း၊ ကျောင်းအနေအရွယ် ကလေးအားလုံး ကျောင်းနေပျော်၍ စာတော်စေရန်အတွက် သက်ဆိုင်ရာအတန်းအလိုက် မိဘ၊ ဆရာ၊ ကျောင်းသား တွေ့ဆုံပွဲများကို တစ်လတစ်ကြိမ် တွေ့ဆုံပြီး၊ မိမိသားသမီးများ၊ တပည့်များအတွက် ပွင့်လင်း မြင်သာစွာ တွေ့ဆုံဆွေးနွေးကြရန် ပညာရေးဌာနက လမ်းညွှန်မှာကြား ထားပြီးဖြစ်ကြောင်း၊ "မိဘ ဆရာပူးပေါင်း ကလေးပညာကောင်း" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လမ်းညွှန်ချက်အတိုင်း ကလေးများ ပညာရည်မြင့်မားရန် လစဉ်တွေ့ဆုံပွဲများပြုလုပ်၍ ဖြည့်ဆည်းပေးကြရန် လိုအပ် ကြောင်း တိုက်တွန်းပြောကြားသွားကြောင်း သိရသည်။

   ၎င်းနောက် ပြည်နယ်အဆင့် ထူးချွန်ဆုရ ဆရာ/ ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူ များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများက ဆုများချီးမြှင့် ပေးကြကြောင်း သိရသည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်/ မြို့နယ် ပညာရေးမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 172 guests and no members online

Latest Updates