Articles

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည်နေ့ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၁

662

   ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် မြန်နိုင်ငံရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည်နေ့ကို အောက်တိုဘာ (၁)ရက်၊ နံနက်(၉)နာရီ က မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။ 

   ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသား၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ ခံစားခွင့်ရရှိနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေချိန်တွင် တရားဥပဒေ စိုးမိုးရေးသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် တပ်ဖွဲ့ဝင်အားလုံးသည် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်နှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုနှင့် အစဉ်ပူပေါင်း ဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဓိကရည်မှန်းချက်(၄)ရပ်တွင် ပါဝင်သည့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးနှင့် ပတ်သက်ပြီး၊ နည်းဗျူဟာ(၃)ရပ်ဖြစ်သည့် ထုတ်လုပ်မှု ပပျောက်ရေး၊ သုံးစွဲမှု ပပျောက်ရေးနှင့် တာဆီးနှိမ်းနင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ မူးယစ်ဆေးဝါး တာဆီးနှိမ်းနင်းရေးဆောင်ရွက်သည့်နေရာတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ သည့် ဖြစ်စဉ်များကို သုံးသပ်ပြီး၊ ယခုထက်ပိုမိုဖမ်းဆီးရမိအောင် ဆောင်ရွက်သွားရန်ပြောကြားလိုကြောင်း၊ မူခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး၊ ဖြစ်ပွားခဲ့သည့် မူခင်းဖြစ်စဉ်တစ်ခုချင်းကို စိစစ်သုံးသပ်၍ မူခင်းလျော့နည်း ကျဆင်းအောင် ဆောင်ရွက်သွားကြရန်နှင့် ပြစ်မှုကျူးလွန်သူများ ကိုလည်း တရားဥပဒေနှင့် အညီ ထိုက်သင့်သည့် ပြစ်ဒဏ်ရရှိရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား၌ ပြောကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်မှ ချီးမြှင့်သောဂုဏ်ပြု မှတ်တမ်းလွှာ များကို ချီးမြှင့်ရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးစန်းလွင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ထူး၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်ဆန်းမြင့်၊ လင်းခေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှစိန်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးကြောင်းသိရသည်။

   ထိုနောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အတွင်း မူခင်းဖော်ထုတ်မှုအတွက် အမှုထမ်းကောင်းရရှိသည့် တပ်ဖွဲ့ဝင် (၃)ဦးအား လက်မှတ်နှင့် ဆုငွေများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်းမှ ချီးမြှင့်ပေး၍ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိကျောင်း၌ ဖွင့်လှစ်သော အရာထမ်းအခြေခံ သင်တန်း၊ သင်တန်း ထူးချွန်ဆုနှင့် မူခင်းဖော်ထုတ်မှု အတွက် အမှုထမ်းကောင်းရရှိသည့် တပ်ဖွဲ့ဝင်(၃)ဦးအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှ ချီးမြှင့်ပေး၍လည်းကောင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အတွင်း မူခင်းဖော်ထုတ်မှုအတွက် အမှုထမ်းကောင်းရရှိသည့် တပ်ဖွဲ့ဝင် (၃)ဦးအား၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်ထွန်းမှ လက်မှတ်နှင့် ဆုငွေများချီမြှင့်ပေးကြသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ၂၀၁၃-၂၀၁၄ခုနှစ်အတွင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းများကို လှည့်လည်ကြည့်ရူ့အားပေးကြကြောင်းသိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲအရာရှိများ တပ်ဖွဲ့ဝင်နှင့် မိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။                                                                                                 

                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ အဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ ကြွချီအပူဇော်ခံ

တောင်ကြီး စက်တင်ဘာ - ၃၀

   အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ အဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီး သို့ စက်တင်ဘာ(၃၀)ရက် နံနက်(၉)နာရီက ကြွချီအပူဇော်ခံကြောင်း သိရသည်။ 

660

   အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားသည် ဖောင်တော်ဆိပ် ပြဿဒ်ဆောင်သို့ ကြွချီလာရာ ကရဝိတ်ဖောင်တော်ပေါ်မှ ဘော်ယာဉ်ပေါ်သို့ ပင့်ဆောင်ရာ ပထမကိုယ်ပွားတော်မြတ်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ် တို့က ပင့်ဆောင်၍ လည်းကောင်း၊ ဒုတိယကိုယ်ပွားတော်မြတ်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးတို့က ပင့်ဆောင်၍လည်းကောင်း၊ တတိယ ကိုယ်ပွားတော်မြတ်ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ စတုတ္ထကိုယ်စားတော်မြတ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူတို့က အသီးသီးပင့်ဆောင်ကြသည်။

   ဆက်လက်၍ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများ ဘော်ယာဉ်ဖြင့်ကြွချီရာ ဒေသခံ ပြည်သူများ၊ ဘုရားဖူးလာဧည့်ပရိတ်သတ်များက ဘော်ယာဉ်ကြိုးဆွဲ၍ ညောင်ရွှေမြို့တွင်းသို့ တစ်ပတ်လှည့်လည်အပူဇော်ခံကြောင်း သိရသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဖောင်တော်ပြန်ဧည့်ရိပ်သာသို့ ပြန်လည်ထွက်ခွာလာပြီး၊ အင်းသားရိုးရာလှေပြိုင်ပွဲ အမျိုးသား(၄၆) တက် အကြိုဗိုလ်လုပထမပွဲစဉ်အဖြစ် ကေလာကျေးရွာအသင်းနှင့် ဇရပ်ကြီးကျေးရွာအသင်း၊ အမျိုးသား(၄၆)တက် အကြိုဗိုလ်လု ဒုတိယပွဲစဉ်အဖြစ် ဝမ်းဘဲအင်းကျေးရွာအသင်းနှင့် ရေသာကုန်းကျေးရွာအသင်း၊ အမျိုးသားရာကျော်လှေ အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်အဖြစ် ကေလာ အုန်းပင်ကျေးရွာအသင်းနှင့် အိုင်ထောင့်ကြီးကျေးရွာအသင်း၊ ဒုတိယပွဲစဉ်အဖြစ် ရှေ့ဝကြီးကျေးရွာ အသင်းနှင့် မင်းချောင်းရှေ့ရွာအသင်း၊ အမျိုးသမီး(၂၆)တက် ဗိုလ်လုပွဲစဉ်တွင် အိုင်ထောင့်ကြီး ကျေးရွာအသင်းနှင့် မိုင်းသောက်ကျေးရွာအသင်း၊ တစ်ဦးချင်းလှေလှော်ပြိုင်ပွဲတွင် ပထမ/ဒုတိယ ပွဲစဉ်အဖြစ် ရွာသာကျေးရွာနှင့် အိုင်ထောင့်ကြီးကျေးရွာ အသင်းတို့ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကြသည်။

661

   ၎င်းနောက် ဆုချီးမြှင့်ပွဲ ကျင်းပရာ အင်းသားရိုးရာ ဆွမ်းပို့လှေအဖွဲ့၊ လှေယာဉ်အဖွဲ့၊ ယဉ်ကျေးမှုအကအဖွဲ့တို့ကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသား (၄၆)တက်၊ ရာကျော်လှေ၊ တစ်ဦးချင်းလှေလှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌတို့မှ ဆုချီးမြှင့်၍လည်းကောင်း၊ တစ်ဦးချင်းလှေလှော်ပြိုင်ပွဲတွင် ပထမ/ ဒုတိယဆုရရှိသူများကို ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့မှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသမီး(၂၆)တက်လှေလှော်ပြိုင်ပွဲတွင် ဒုတိယ/ပထမ ဆုရရှိသူများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ဒေါ်အေးအေးဝင်းမှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသား(၄၆)တက် လှေလှော်ပြိုင်ပွဲတွင် ဒုတိယ/ပထမ ဆုရရှိသောအသင်းကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့မှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသားရာကျော်လှေလှော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသောအသင်းကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အေးဝင်းမှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသားရာကျော် လှေလှော် ပြိုင်ပွဲတွင် ပထမဆုရရှိသောအသင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဆုများအသီးသီး ချီးမြှင့်ပေးကြသည်။

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူ တို့သည် ဖောင်တော်ပြန်ဧည့်ရိပ်သာမှ အဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ ရောက်ရှိပြီး ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းများ ဆက်ကပ်ပူဇော်ကြကာ စံကျောင်းတော်ကြီးတွင် ဆရာတော် သံဃာတော်များမှ ဖောင်တော်ဦးမြတ်စွာဘုရားများအား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း နှင့် ရွှေသင်္ကန်း ဆက်ကပ်ပူဇော်ကြသည်။

   ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဖောင်တော်ဦး မြတ်စွာဘုရားများအား ရွှေသင်္ကန်းဆက်ကပ်ပူဇော်ကြပြီး၊ ဆရာတော်သံဃာတော်များကို ပူဇော် ကန်တော့၍ အလှူရှင် ဦးသန်းအောင် ဇနီးဒေါ်ခင်ယုဝေတို့မှ အလှူငွေကျပ်(၃၅)သိန်း ပေးအပ် လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ လက်ခံပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

အ.ထ.က(ခွဲ) တောင်လေးလုံး ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကျင်းပ

တောင်ကြီး     စက်တင်ဘာ - ၂၇

659

  ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ အ.ထ.က(ခွဲ)တောင်လေးလုံးကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာ(၂၇)ရက် နံနက်(၈)နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ တောင်လေးလုံး၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ တောင်လေးလုံးကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊  ပြည်နယ်ပညာရေး ညွှန်းကြားရေးမှူး ဦးချစ်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ကျောင်းဆောင်သစ် အား လှည့်လည်ကြည့်ရှု့စစ်ဆေးကြကြောင်းသိရသည်။

  ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် တောင်လေးလုံး အ.ထ.က(ခွဲ)ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားရာ အခြေခံပညာကျောင်းအားလုံး ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်း၊ ကျောင်းသား ဝင်ဆံအင်အားအရ ထပ်မံတိုးချဲ့အသစ်ဆောက်လုပ်ပေးခြင်း၊ အန္တရာယ်ရှိကျောင်းဆောင် များ ဖျက်သိမ်းပြီး၊ အသစ်ပြန်လည်တည်ဆောက်ခြင်း၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီသွားသော အဆောက်အဦများကို နိုင်ငံတော်နှင့် NGO အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အလှူရှင်များက ပြန်လည်ပြုပြင်တည်ဆောက်ပေးခြင်း၊ ကျောင်းသားအချိုးအရ လိုအပ်နေသော သန့်စင်ခန်းများကို ခွင့်ပြုငွေများခွဲပေးပြီး၊ ဆောက်လုပ်ပေးခြင်း၊ စာသင်ခုံများ ပြုလုပ်ရန် ပရိဘောဂရန်ပုံငွေများခွဲဝေပေးခြင်း၊ စသည့်ရုပ်ပိုင်ဆိုင်ရာများကို ပြုပြင် ဖြည့်ဆည်းတည်ဆောက်ပေးလျှက် ရှိကြောင်း ပြောကြားသွားသည်။

      ထို့နောက်ရှမ်းပြည်နယ် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေက အမှာစကားပြောကြားပြီး၊ လျှံထူးအောင် ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသော်တာမှ ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ တောင်လေးလုံးအ.ထ.က(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာအေးက လက်ခံရယူသည်။

   ၎င်းနောက်အလှူငွေနှင့် စာရေးခုံ/ ထိုင်ခုံများ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ စာရေးခုံ(၄၀)ခုံ၊ မိုးမာဃ သကြားစက်မိသားစုမှ (၄)ယောက်တွဲထိုင်ခုံ (၁၀)စုံနှင့် အခမ်းအနားအတွက် အလှူငွေကျပ်(၁)သိန်း၊ လျှံထူးအောင် ဆောက်လုပ်ရေးကုမ္ပဏီမှ (၃)ယောက်တွဲစာသင်ခုံ (၄၀)စုံ၊ စာရေးစာပွဲ(၆၀)စုံ၊ ကောဇောတစ်ခန်းစာနှင့် အခမ်းအနားအတွက် အလှူငွေကျပ်(၅)သိန်း၊ လရိပ်ဝါမိသားစုမှ အခမ်းအနားအတွက် လိုအပ်သော ပန်းပင်နှင့် အလှပန်းအိုးများတို့ကို အသီးသီးပေးအပ်လှူဒါန်ကြရာ အခြေခံပညာအထက်တန်းကျောင်းခွဲ တောင်လေးလုံး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာအေးက လက်ခံရယူကြောင်းသိရသည်။

   ယင်းနောက် ကျောင်းအကျိုးတော်ဆောင်အတွင်းရေးမှူး ဦးဘိုဘိုထွန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ်လက်ဆောင်များကို ကျောင်းအုပ်ဆရာမကြီးမှ နေရာ အရောက်ပေးအပ် ကာ၊ အခမ်းအနားကို တောင်လေးလုံးအ.ထ.က(ခွဲ)ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ ရုပ်သိမ်း လိုက်ကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်/ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ အလှူရှင်များတက်ရောက်ကြကြောင်းသိရသည်။

 

                                                                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)

ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး စက်တင်ဘာ - ၂၅

658

   ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု (၂၁)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ(၂၅)ရက်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြသီရိခန်းမ၌ ကျင်းပသည်။ 

   ပြိုင်ပွဲကိုခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ဦးရဲရင့်လှိုင်၊ ခရိုင်ပညာရေးမှူး ဦးအုန်းကျော်သန်း၊ တောင်ကြီး တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာနုနုခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြကြောင်းသိရသည်။

   မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကို အစဉ်အဆက် နှစ်စဉ်နှစ်တိုင်း ကျင်းပ လာသည်မှာ (၂၁)ကြိမ်မြောက် ရှိပြီးဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကို အစဉ်အဆက်ရည်ရွယ်ချက်များ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ တစ်မျိုးသားလုံး စိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြှင့်မားမှုကို ပိုမိုတိုးတက် ဖြစ်ထွန်းရန်နှင့် အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်မားရေး အတွက် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရန်၊ ပညာရေးကဏ္ဍတွင် ဘက်စုံဖွံ့ဖြိုးထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာရေးကို အထောက်အကူပြုသွားမှာဖြစ်ကြောင်း၊ ပညာရေးမှသည် နိုင်ငံတော်တွင် လိုအပ်သည့် ဂီတအနုပညာရှင်များ ပေါ်ထွန်းလာရေးကို ကြိုးပမ်းကြရမှာဖြစ်ကြောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ဦးရဲရင့်လှိုင်က အဖွင့်အမှာစကား၌ ပြောကြားသွားကြောင်းသိရှိရသည်။

   ထိုနောက်ခရိုင်ပညာရေးမှူး ဦးအုန်းကျော်သန်းမှ အမှာစကားပြောကြားပြီး၊ ဒိုင်ချုပ်မှ အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြား၍ ပြိုင်ပွဲဖွင့်ပွဲသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ၊ ခရိုင်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 130 guests and no members online