Articles

စျေးကွက်မရ အရှုံးပေါ်နေသော ဂေါ်ဖီထုပ်၊ မုန်ညင်းစိုက်တောင်သူများအား သဘာဝမြေသြဇာနှင့်မျိုးစေ့များ ထောက်ပံ့ပေးအပ်

တောင်ကြီး မေ   -   ၁၄

95

COVID-19ရောဂါဖြစ်ပွားနေချိန်ကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဟဲဟိုးမြို့နှင့် ကလောမြို့နယ် မြင်းမထိကျေးရွာတွင် တောင်သူများ စိုက်ပျိုးထားသော ဂေါ်ဖီထုပ်၊ မုန်ညင်း၊ ဂန္ဓမာပန်းများသည် အရောင်းအဝယ် မဖြစ်သောကြောင့် စျေးများမရ၍ အရှုံးနှင့်ရင်ဆိုင်နေရသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ မေ(၁၃)ရက် နံနက်ပိုင်းက ဟဲဟိုးမြို့ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အာလူး၊ ဂေါ်ဖီအစုအဖွဲ့၊ ကလောဇုန်အစည်းအဝေးခန်းမ၌ တောင်သူများနှင့် တွေ့ဆုံကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ယခုကြုံတွေ့ နေရသော သီးနှံဆုံးရှုံးမှုများသည် စားသောက်ဆိုင်များအနေဖြင့် COVID-19 ရောဂါကြောင့် ဆိုင်များခေတ္တပိတ်ထားရသောကြောင့် ဝယ်လိုအားမရှိသဖြင့် ထုတ်ကုန်ဆုံးရှုံးမှုများ ဖြစ်ရပါကြောင်း၊ တောင်သူများရင်ဆိုင်နေရသည့် အခက်အခဲများကိုဖြေရှင်းနိုင်ရန် အတွက် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို တောင်သူများ၏ တင်ပြချက်များကိုနားထောင်ပြီး၊ ထိခိုက်နစ်နာသည့် တောင်သူများကို သဘာဝဓါတ်မြေသြဇာနှင့် အစားထိုးသီးနှံဖြစ်သည့် ဂေါ်ဖီ၊ မုန်ညင်း၊ ပန်းမုံလာမျိုးစေ့တို့ကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ယခု ဖြစ်ပေါ်နေသည့် ပြသာနာများကို လက်ရှိရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တောင်သူများအား ဆန်၊ ကြက်သွန်နီ၊ ဆီ၊ ဟင်းသီးဟင်းရွက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ သဘာဝမြေသြဇာများနှင့် စိုက်ပျိုးရေးနည်းပညာပေး လက်ကမ်းစာစောင်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဟဲဟိုးမြို့ရှိ Myanmar Belle ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံသို့သွားရောက်၍ တောင်သူများဟင်းသီးဟင်းရွက်ဈေးကွက် ရရှိရေးအတွက် ကုမ္ပဏီအဖွဲ့များနှင့် သွားရောက်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

“မုန်ညင်းကို ပထမအကြိမ်တွင် စိုက်ပျိုးမှုငွေကျပ်(၃)သိန်းကုန်ကျပါတယ်၊ အရှုံးပေါ်တာကြောင့် ပစ်ထုတ်ရပြီး၊ ယခု ဒုတိယအကြိမ်မှာ စိုက်ပျိုးမှု(၆)သိန်းကုန်ကျတယ်၊ ပြန်ရောင်းတာ (၆)သောင်းလောက်မရဘူး၊ စိုက်ပျိုးထားတဲ့ မုန်ညင်းကို နွားစာအဖြစ် အသုံးပြုရတာပေါ့၊ လက်ရှိမှာ ဂန္ဓမာပန်းများ စိုက်ထားပါတယ်၊ ပိုးသတ်ဆေး၊ မြေသြဇာများ အကြွေးယူရပြီး၊ ပြန်ဆပ်ရန်အတွက် စိတ်ပူနေရပါတယ်၊ အရင်းအနှီးကို ရွာထဲမှာမြေသြဇာ ပိုးသတ်ဆေးမျိုးစေ့တို့ကို အကြွေးယူရပါတယ်၊ ယခုလက်ရှိမှာပန်းများလည်း စျေးကောင်းမရဘူး၊ ပန်းကပြီးခဲ့တဲ့နှစ်က ဈေး(၁၀၀)ကျပ်ရပြီး၊ ခုလက်ရှိမှာ(၃၀)ကျပ်သာရတယ်၊ မုန်ညင်းလဲဝယ်ယူသူမရှိဘူး၊ ပုန်းမုန်ညင်းအပါ အရင်းအနှီး(၁၅)သိန်းရှုံးတယ်၊ ကျွန်မက(၁)ဧကသာစိုက်တယ်၊ သီးထပ် သီးညှပ်စိုက်ပြီး  ဝယ်ယူသူမရှိသောကြောင့် အရှုံးဘဲပေါ်တယ်၊ ပြီးခဲ့တဲ့နှစ်က မုန်ညင်းကို (၁)သောင်းဖိုးလောက်စိုက်ရင် အမြတ်က(၅)သိန်း (၆)သိန်းလောက်ရပါတယ်၊ ခုကာလမှာ ကျွန်မအနေဖြင့် အကြွေးကိုဘယ်လိုပြန်ဆပ်ရမှာကို ခံစားနေရ ပါတယ်၊ ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် လာရောက်တဲ့အချိန်မှာ ကျွန်မအနေဖြင့် ပိုးသတ်ဆေး၊ မြေသြဇာမျိုးစေ့များကို တင်ပြထားပါတယ်၊ ကျွန်မတို့စိုက်ပျိုးထားတဲ့ သီးနှံများကို စျေးကွက်ရရှိလိုပြီး၊ စျေးကွက်ရရှိစေရန် ဆောင်ရွက်ပေးစေလိုတယ်လို့ ဟဲဟိုးမြို့ ရွာတော်ရွာနေ တောင်သူ ဒေါ်မြသန်းကပြောသည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟဲဟိုးမြို့နှင့် မြင်းမထိကျေးရွာရှိ တောင်သူ များအား အရည်အသွေးမြင့် သဘာဝအော်ဂဲနစ် ကြက်ချေးမြေသြဇာ(၉၀)အိတ်၊ မျိုးစေ့ဂေါ်ဖီထုပ်(၇၀)၊ ပန်းမုံလာ(၁၀၀)ထုပ် တို့ကိုပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

လျှပ်စစ်ဓါတ်အား (၃၀)မဂ္ဂါဝပ်ဝယ်ယူပြီး သက်သာသောဈေးနှုန်းဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရောင်းချရန်အတွက် သဘောတူညီစာချုပ် လက်မှတ်ရေးထိုး

တောင်ကြီး မေ   −   ၁၂

94

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Eastern Shinn Lon Manufacturing Co.,Ltd နှင့် လာအိုနိုင်ငံ MCM ကုမ္ပဏီတို့ပူးပေါင်း၍ လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အား (၃၀)မဂ္ဂါဝပ်ဝယ်ယူပြီး သက်သာသောဈေးနှုန်းဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရောင်းချရန်အတွက် သဘောတူညီစာချုပ်(MoA)လက်မှတ်ရေးထိုးခြင်းကို မေ(၁၂)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်တွင် မြို့ပေါင်း(၆)မြို့၊ ကျေးရွာပေါင်း(၅၆၆)ရွာရှိပြီး နိုင်ငံတော်ဓါတ်အားစနစ်မှ လျှပ်စစ်ဓါတ်အားရရှိခြင်းမရှိသေးသော သက်ဆိုင်ရာ ဒေသအသီးသီးတွင် တာချီလိတ်မြို့ကို ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အား ဝယ်ယူ၍လည်းကောင်း၊ ကျန်မြို့(၅)မြို့နယ်တွင် နိုင်ငံတော်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒီဇယ်ဓါတ်အားပေးစက်များဖြင့် အချိန်ပိုင်းထုတ်လုပ်ဖြန့်ဖြူးပေးပြီး တစ်နိုင်တစ်ပိုင် ရေအားလျှပ်စစ် အသေးစားများဖြင့်လည်းကောင်း၊ ဓါတ်အားရယူသုံးစွဲနေကြရပြီး ကျေးရွာပေါင်း(၅၆၆)ရွာရှိသည့်အနက် (၂၆၃)ရွာ၊ ရာခိုင်နှုန်းအားဖြင့် (၄၆.၄၇)ရာခိုင်နှုန်းသည် ဒီဇယ်စက်ရေအားအသေးစား၊ ဆိုလာမီးစသည်ဖြင့် အခြားနည်းလမ်းအမျိုးမျိုးဖြင့် ဓါတ်အားရယူသုံးစွဲလျက်ရှိပါကြောင်း၊ တာချီလိတ်မြို့အနေဖြင့် ထိုင်းနိုင်ငံမှ ဓါတ်အားဝယ်ယူသုံးစွဲနေရသောကြောင့် အိမ်ထောင်စု အားလုံးနှင့် ကျေးရွာအချို့တွင် ဓါတ်အားမရရှိသေးကြောင်းသိရှိရပြီး ယခုကဲ့သို့ Eastern Shinn Lon Manufacturing Co.,Ltd သည်လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အား(၃၀)မဂ္ဂါဝပ် ဝယ်ယူဖြန့်ဖြူးပေးရန် (၁၁၅)ကေဗွီ ဓါတ်အားလိုင်းနှင့် ၁၁၅/၆၆/၂၂/၁၁ ကေဗွီအဆင့်ဆင့် ဓါတ်အားခွဲရုံများကို ခန့်မှန်းကုန်ကျစရိတ်အနေဖြင့် ဘတ်ငွေ(၄၉၀.၆၅သန်း)၊ မြန်မာငွေဖြင့် ကျပ်(၂၀၂၇.၄၈သန်း)ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပါကြောင်း၊ ရင်းနှီးကျခံတည်ဆောက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ပထမအဆင့် တာချီလိတ်မြို့နယ် ပြင်ပကျေးရွာများ ဖြစ်သည့် မိုင်းဖုန်း(က)၊(ခ)၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဆေခမ်းရပ်ကွက်တို့အပါအဝင် ကျေးရွာပေါင်း(၁၃၃)ရွာ၊ အိမ်ထောင်စု(၅၅၃၀)စုတို့ လျှပ်စစ်မီးရရှိနိုင်မည် ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ ဆောက်လုပ်ဆဲ ဟိုတယ်လုပ်ငန်းခွင်များနှင့် တာချီလိတ်မြို့တွင်း ဓါတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ဓါတ်အားစနစ် ရောက်ရှိ လာပါက ဝန်ကြီးဌာနခွင့်ပြုချက်ဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရှိရသည်အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆို အားပေးပါကြောင်း ပြောသွားသည်။

ဆက်လက်၍ Eastern Shinn Lon Manufacturing Co.,Ltd မှ သဘောတူညီမှုစာချုပ်(MoA)လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ဒါရိုက်တာ ဦးစိုင်းအောင်ဟိန်းမွန်း ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးစိုးညွန့်လွင်၊ ပြည်နယ်လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ သဘောတူညီမှုစာချုပ်(MoA)လက်မှတ်ရေးထိုးကြကာ သဘောတူညီမှုစာချုပ် များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ကုမ္ပဏီအဖွဲ့တို့မှ အပြန်အလှန်လဲလှယ်ကြပြီး Coronnavirus Disease 2019(Covid 19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့ Eastern Shinn Lon Manufacturing Co.,Ltd မှ အလှူငွေကျပ်သိန်း(၃၀)ပေးအပ်လှူဒါန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်မှ လက်ခံရယူ၍ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေလှူဒါန်း

တောင်ကြီး မတ် - ၇

93

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေလှူဒါန်းခြင်းကို မတ်လ ၇ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ပတ္တမြားနဂါး Co.,Ltd ဥက္ကဋ္ဌ ဦးနေဝင်းထွန်း ဇနီးဒေါ်အေးအေးမြင့် မိသားစုနှင့် ကုမ္ပဏီဝန်ထမ်းများမှ အလှူငွေကျပ်(၃၀)သိန်း ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခေတ္တယာယီစျေးတွင် စျေးရောင်းချနေသူများအား Mask Campaign ပြုလုပ်

တောင်ကြီး မတ် - ၇

92

COVID-19 ရောဂါကာကွယ်ကုသ ထိန်းချုပ်နိုင်ရေးအတွက် ခေတ္တယာယီစျေးဖွင့်လှစ်နေသော စျေးသည်များနှင့် စျေးဝယ်သူများအား မေ ၇ ရက် နံနက် ၇ နာရီခွဲက တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း အပြင်ဘက်တန်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက Mask များကို ဖြန့်ဝေပေးကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များမှ လူမှုရေးအသင်းအဖွဲ့များ၊ Volunteerများ၊ မိခင်နှင့်ကလေးကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့များ၊ စည်ပင်သာယာရေး ဝန်ထမ်းများတို့ကို Mask များပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်း အပြင်ဘက်တန်းတွင် စျေးရောင်းချနေသော စျေးသည်များနှင့် စျေးဝယ်သူများအား Mask များကို လိုက်လံဝေငှပေးကာ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက် မောချယ်ရီကားကွင်း ယာယီစျေးတွင် Mask များကို မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးတာဝန်ခံအားပေးအပ်ပြီး၊ စျေးရောင်းချနေသော စျေးသည်များနှင့် စျေးဝယ်သူများအား Maskနှင့် လက်သန့်ဆေးရည်ဘူးများကိုဝေငှပေးခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 143 guests and no members online

Latest Updates