We have 192 guests and no members online

လားရှိုး  သြဂုတ်   - ၂၆

new 153

 

GOVID-19 စီးပွားရေးကုစားမှုအစီအစဥ် CERP ဖြင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း Rs-Csမျိုးသန့်မျိုးစေ့ ထုတ်စိုက်ပျိုးမည့်တောင်သူများအား ဒုတိယအရစ်ထောက်ပံငွေပေးအပ်ခြင်းကို သြဂုတ်(၂၆)ရက်နံနက်(၉) နာရီခွဲက လားရှိုးမြို့ ဟူးမွန်ကျေးရွာရှင်းလင်းဆောင်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာတဝှမ်း လုံးတွင် COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာကပ်ရောဂါ ကူးစက်ပျံ့ပွားလျက်ရှိသည့်အတွက် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများ နှင့်တကွနိုင်ငံတော်ရဲ့စီးပွားရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာထိခိုက်နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လျက်ရှိပါကြောင်း၊ COVID-19 စီးပွားရေးကုစားမှုအစီအစဥ် CERP- COVID-19 Economic Relife Plan ကိုကဏ္ဍအသီးသီးတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရမှ စီစဥ်ရေးဆွဲဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်၂၀၁၉-၂၀၂၀ခုနှစ် မိုးစပါး ဧက(၁)သိန်း မျိုးသန့်ပွားများမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ရှမ်းပြည်တွင် ဆောင်ရွက်မည့် မိုးစပါးမျိုးစေ့ထုတ်ဧက(၄၃၁၈)ကို မြို့နယ်ပေါင်း(၅၀)၊ ကျေးရွာပေါင်း(၂၅၉)ရွာမှ တောင်သူ (၁၅၈၆)ဦးနှင့်ဆောင်ရွက်ရန်အတွက် နိုင်ငံတော်မှစုစုပေါင်း(၆၄၁.၄၀၄)သန်း ထောက်ပံပေးသွားမည်ဟု သိရှိရ ပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အနေဖြင့် မိုးစပါးဧက(၁၄၅၅)ကို မြို့နယ်ပေါင်း(၁၉)မြို့နယ်တွင် ကျေးရွာ အုပ်စု(၈၅)ခုတွင်တောင်သူ(၅၇၆)နှင့် ဆောင်ရွက်မှာဖြစ်ကြောင်းသိရှိရပြီး မျိုးစေ့ထုတ်ဧက(၁၄၅၅)အတွက် မျိုးစေ့ဖိုး၊ အပင်ပြုစုခြင်း၊ မျိုးကွဲပယ်ခြင်း၊ မျိုးစေ့သန့်စင်ခြင်းစသည့် လုပ်အားခများအတွက်စုစုပေါင်း (၂၁၆.၀၈၆၅) သန်းကိုနိုင်ငံတော်မှ(၂)ကြိမ်ခွဲ၍ ထောက်ပံပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့်အခမ်းအနားတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်(၆)ခရိုင်အတွက် ဒုတိယအကြိမ်အဖြစ်(၁)ဧကလျှင် ကျပ်(၆၅၀၀၀)နှုန်း ဖြင့်ငွေကျပ်(၉၄.၅၇၅)သန်းထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊တောင်သူများအနေဖြင့် ယခုနိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများကို မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းတွင် အလေအလွင့်မရှိအောင်အသုံးချ၍ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ဌာနမှဝန်ထမ်းများအနေဖြင့်လည်း စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို မျက်ခြည်မပြတ်တောင်သူများနှင့်အတူ ပညာပေးကွင်းဆင်းဆောင်ရွက်ကြရန် မျိုးကွဲပယ်သည့် အချိန်များတွင်လည်း ကျွမ်းကျင်ပညာရှင်များနှင့်အတူတောင်သူများ အမြဲထိတွေ့နိုင်ရန်မှာကြားလိုကြောင်း၊ တောင်သူများအကျိုးအမြတ် ရရှိပြီးအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် စပါးမျိုးစေ့အရည်အသွေး ပြည့်မီသော မျိုးသန့် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် အရေးကြီးသည့်မျိုးကွဲပယ်ခြင်းလုပ်ငန်းအတွက် ထောက်ပံပေးအပ်ခြင်း အားဖြင့်စား နပ်ရိက္ခာဖူလုံရေးနှင့်ပို့ကုန်မြှင့်တင်နိုင်ရေး၊ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးကဏ္ဍစဥ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးတို့အတွက်တောင် သူကြီးများနှင့်အတူစိုက်ပျိုးရေးဌာနဝန်ထမ်းများ၊ တာဝန်ရှိသူများအားလုံး တက်ကြွစွာဝိုင်းဝန်းဆောင်ရွက် ကြရန်ပြောကြားသွားသည်။

ဆက်လက်၍လားရှိုးခရိုင်၊ မိုးမိတ်ခရိုင်၊ ကျောက်မဲခရိုင်၊ လောက်ကိုင်ခရိုင်၊ မူဆယ်ခရိုင်၊ ဟိုပန်ခရိုင်တို့ရှိ မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအတွက် ထောက်ပံ့ငွေများကိုပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်တို့မှအသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြပြီး၊ တောင်သူများကိုယ်စား ဆုံကွယ်ကျေးရွာမှဦးထွန်းလူက ကျေးဇူးတင်စကားပြောကြားကာ ဟူးမွန် မျိုးစေ့ထုတ်မိုးစပါးစိုက်ကွင်းတွင် ပထမအကြိမ်မျိုးကွဲပယ်ခြင်းနှင့် ပေါင်းနှုတ်ခြင်းကွင်းသရုပ်ပြမှုကိုကြည့်ရှုခဲ့ကြ ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 09 250132943

သီပေါ  သြဂုတ်- ၂၅

new 154

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်ရွက်လျက်ရှိသည့် ဆွန်လုံ-ကုန်းသာလမ်းပေါ်တွင် ဒုဋ္ဌဝတီမြစ်ကူး Fly Ferry ဖွင့်လှစ်ခြင်းကိုသြဂုတ်(၂၅)ရက် မွန်းလွဲ(၂)နာရီခွဲက သီပေါမြို့နယ်၊ ကုန်းသာ-ဆွန်လုံလမ်း ဒုဋ္ဌဝတီမြစ်ကမ်းဘေး၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင်လူဦးရေ၏ (၃၀)ရာခိုင်နှုန်းမှာမြို့ပြဒေသများတွင် နေထိုင်ကြပြီး(၇၀)ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင်နေထိုင်ကြကာ ရှမ်းပြည်နယ်အနေဖြင့် ကျေးလက်နေထိုင်သူသည် ရှမ်းပြည်နယ်တစ်ပြည်နယ်လုံး၏ (၇၆)ရာခိုင်နှုန်းထိရှိပါကြောင်း၊ ဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရန် အတွက်ဆောင်ရွက် ရာတွင်ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ၂၀၁၉-၂၀၂၀ခုဘဏ္ဍာနှစ်အတွင်း ကွန်ကရစ်လမ်း(၅.၅)မိုင်၊ ကတ္တရာလမ်းမိုင် (၁၀၀)၊ ကျောက်လမ်း (၈၁)မိုင်နှင့်မြေသားလမ်း(၁၄၉)မိုင်၊ စုစုပေါင်း(၃၃၅)မိုင်နှင့် ကွန်ကရစ်တံတား(၃၇)စင်း၊ ဘေလီတံတား(၄)စင်း၊ Fly Ferry (၁)စင်းနှင့် Box Culvert(၁၅၈)စင်းတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုတည်ဆောက်ပြီးစီးသွားသည့် ရေစီးအားသုံး ကူးတို့ဖောင် Fly Ferry တည်ဆောက်ခြင်းနှင့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကုန်းသာရွာသို့မြေသားလမ်း(၂မိုင်၂ဖာလုံ) ဖောက်လုပ်ခြင်းလုပ်ငန်းတို့ကို ဒေသဖွံ့ဖြိုးလာစေရေးရည်ရွယ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေမှ စုစုပေါင်းကျပ် (၁၅၉.၆၀)သန်းကျခံသုံးစွဲ တည်ဆောက်ပေးခဲ့တာဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနကဆောက်ရွက်ပေးသည့် ဒုဝဋ္ဌတီမြစ်ကူး Fly Ferry နှင့် ဆွန်လုံ-ကုန်းသာကျေးလက်လမ်းကို အသုံးပြုပြီးပေါင်းကူးသွားလာခြင်းဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တစ်ဦးနှင့်တစ်ဦးထိတွေ့ဆက်ဆံမှု တိုးတက်များပြားလာကာ ပြည်ထောင်စုစိတ်ဓါတ်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးစိတ်ဓါတ် ထွန်းကားလာတာနှင့်အမျှ နိုင်ငံတော်ကဦးစားပေးလုပ်ဆောင်နေသည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဥ်သည် အောင်မြင်မှုရလာမည်ဖြစ်သည့်အတွက် ယခုလိုလမ်းဖွင့်လှစ် နိုင်ခြင်းသည်ငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်စေပါကြောင်း၊ ဒေသခံပြည်သူများကိုမှာကြားလိုသည်မှာ သက်ဆိုင်ရာဌာနကအကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့် Fly Ferry နှင့်ဆွန်လုံ-ကုန်းသာကျေးလက်လမ်းကို ရေရှည်တည်တံ့ခိုင်မြဲ အောင်နှင့်မပျက်စီးအောင်ဝိုင်းဝန်းထိန်းသိမ်းကြရန်တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှအလှူငွေကျပ်သိန်း(၂၀)ကို သီပေါမြို့နယ်ရှမ်းစာပေယဥ်ကျေးမှုနှင့်အကအဖွဲ့သို့ပေးအပ်လှူဒါန်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးမှ လက်ခံရယူပေးကြောင်းသိရသည်။

ထို့နောက်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဝဏ္ဏဇော်မှ Fly Ferry တည်ဆောက်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီးဒေသခံပြည်သူများကိုယ်စား ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးမှ ကျေးဇူးတင်စကားပြောကြားကြောင်းသိရသည်။

ယင်းနောက်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဝဏ္ဏဇော်မှ ရှမ်းတိုင်းရင်းသားအက အဖွဲ့များကို ဂုဏ်ပြုငွေများချီမြှင့်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများအား ဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းများနေရာအရောက်ပေးအပ်ခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ ညွှန်ကြားရေးမှူးချုပ်ဦးဝဏ္ဏဇော်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးနှင့်တာဝန်ရှိသူတစ်တို့က Fly-Ferry အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး Fly Ferry အား ဆွန်လုံကျေးရွာ ဘက်ကမ်းသို့စီးနင်းကြည့်ရှူကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

တောင်ကြီး                  သြဂုတ်    -    ၂၁

new 156


COVID-19 စီးပွားရေးကုစားမှု(CERP)အစီအစဥ်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်းရှိ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို သြဂုတ် (၂၁)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ပြည်နယ်စိုက်ပျိုးရေး ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်နှင့် COVID-19 လွန်ကာလတွင် စားသုံးသူ ပြည်သူများ စားနပ်ရိက္ခာလုံခြုံစိတ်ချမှုရှိစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ်ဆောင်ရွက်နိုင်ရေးအတွက် COVID-19 စီးပွားရေးကုစားမှုအစီအစဥ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သမဝါယမအသင်းများအပါအဝင် မျိုးစေ့ ထုတ်အသင်းများ၊ မျိုးစေ့ထုတ်တောင်သူများ၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များနှင့် ပေါင်းစပ်လျက် မိုးစပါးမျိုးစေ့ထုတ် ဧက(၁)သိန်း ကို ဆောင်ရွက်သွားမှာဖြစ်ပြီး ရှမ်းပြည်နယ်အနေဖြင့် (၄၃၁၈)ဧကဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ဆောင်ရွက် မည့် မျိုးစေ့ထုတ်ဧက(၄၀၀၀)ကျော်ကို မြို့နယ်ပေါင်း(၅၀)မြို့နယ်၊ ကျေးရွာပေါင်း (၂၅၉)ရွာမှာ တောင်သူပေါင်း (၁၅၈၆)ဦးနှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး မျိုးစေ့ထုတ်ဧက(၄၃၁၈)အတွက် မျိုးစေ့ဖိုးငွေကျပ်(၃၆.၈၈)သန်း၊ အပင်ပြုစုခြင်း၊ မျိုးကွဲပယ်ခြင်း၊ မျိုးစေ့သန့်စင်ခြင်းစသည့်လုပ်ငန်းများအတွက် လုပ်အားခအဖြစ် ငွေကျပ်(၆၀၄.၅၂)သန်း၊ စုစုပေါင်းငွေကျပ် (၆၄၁.၄၀၄)သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ တောင်ကြီးခရိုင်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်ဧက(၁၂၅၂)အတွက် ပထမအကြိမ်အဖြစ် ငွေကျပ် (၁၀၄.၆၂၂)သန်း ထောက်ပံ့သွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလမှာ ငွေကျပ်(၈၁.၃၈)ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး စုစုပေါင်း ငွေကျပ်(၁၈၆.၀၀၂)သန်း ထောက်ပံ့ပေးပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် နည်းပညာ ဦးသက်ဇင်မောင် တို့မှ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှ တောင်သူများအား ထောက်ပံ့ငွေ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

တောင်ကြီး             သြဂုတ်        - ၂၄

new 155

ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည်သြဂုတ် ၂၁ ရက် နံနက် ၉နာရီက တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံကာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးနှင့် လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး အတွက်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး ရပ်စောက်မြို့နယ်စျေးတန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်နှင့် ကောင်းဘို့ကျေးရွာအုပ်စုတို့၌ မဲပေးနိုင်ခွင့်ရှိသူစာရင်း ကြေငြာကပ်ထားမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံကာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးနှင့် လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးကြရန်မှာကြားခဲ့ပြီး၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၌ မဲစာရင်း ကပ်ထားကြေငြာမှုအား ကွင်းဆင်းစစ်ဆေးကာ ရွာငံမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့များနှင့်တွေ့ဆုံ၍ ဗထူး ခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံကာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးနှင့် လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး အတွက်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

တောင်ကြီး    ဩဂုတ်  -  ၁၉

new 157

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံခြင်းကို ဩဂုတ် ၁၉ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများအားလုံးသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် နိုင်ငံတော်မှ ခွင့်ပြုပေးသော လစာ၊ စရိတ်၊ ချီးမြှင့်ငွေများ၊ အဆောင်အယောင်များ ခံစားလျက်ရှိသူများဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့၏ တာဝန်ကျရာဒေသဖြစ် သော ရှမ်းပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ အားကြိုးမာန်တက် တာဝန်ဝတ္တရားများ ကျေပွန်အောင် ထမ်းဆောင်ကြရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုမှာဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ လာရောက်စဉ် နိုင်ငံဝန်ထမ်းများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနား၌ နိုင်ငံတော်သမ္မတက နိုင်ငံဝန်ထမ်းများ အနေဖြင့် တည်ဆဲဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာပြီး စုပေါင်းမောင်းနှင်အားဖြင့် အကောင်းဆုံး ဆောင်ရွက်လျှင် ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ထောင် ရာတွင် ပိုမိုလျှင်မြန်လွယ်ကူနိုင်ပါကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေး ကောင်းမွန်သည်နှင့်အမျှ နိုင်ငံတော်ကြီး ပိုမို လျှင်မြန်စွာ တိုးတက်လာမည်ကို မိမိအပါအဝင် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်က ခွင့်ပြုပေးသည့် လစာများ၊ စရိတ်များ၊ အဆောင်အယောင်များကို ခံစားကြသည့် ဝန်ထမ်းများအားလုံး လေးလေးနက်နက် သိရှိရန် လိုအပ်ပါကြောင်း၊ နိုင်ငံသား အားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တရားမျှတမှုကို ခံစားပိုင်ခွင့်ရရှိရန် လိုအပ်ပါကြောင်း၊ တရားမျှတ စွာနှင့်ကိုယ်ချင်းစာစိတ်များဖြင့် ဆောင်ရွက်မှသာလျှင် ဒီမိုကရေစီစနစ်ကြီး ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့သည့်အတွက် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူအဖြစ် လိုက်နာ ကျင့်သုံးကြရန် လိုသကဲ့သို့ မိမိလက်အောက်ရှိ ဝန်ထမ်းများကိုလည်း ချပြရှင်းလင်းဆောင်ရွက်သွားကြရန် မှာကြားလို ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ (၉၇)ခုမှ ပြည်နယ်အဆင့်အကြီးအကဲများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ တောင်ကြီးတက္ကသိုလ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်း ကိုယ်ပွား သတင်းစာတိုက်၊ တိုင်းရင်းဆေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာ ဆောင်ရွက်မည့်အစီအမံများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေး ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြကြောင်း သိရှိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ အား ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

နောက်ထပ်သတင်းများဖတ်မည်