Articles

တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၂၁

20

တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကျင်းပသော (၁၃)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၁၁ နာရီက တောင်ကြီးတက္ကသိုလ်ဆေးရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တက်ရောက်အားပေးပြီး သွေးအလှူရှင်စုစုပေါင်း(၂၂၂)ဦးအတွက် အလှူဒါနအဖြစ် ကြက်ဥများအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

အဆိုပါ သွေးလှူဒါန်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်၊ ဒုတိယပါမောက္ခချုပ်များ နှင့် ပါမောက္ခ၊ ဌာနမှူးများ တက်ရောက်အားပေးခဲ့ ကြောင်း သိရသည်။

အစရ(ရှမ်း)

Myanmar Automated Cargo Clearance System အား မူဆယ်နယ်စပ်ဒေသတွင် တိုးချဲ့တပ်ဆင်မည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှင်းလင်းတင်ပြ

တောင်ကြီး ဇန်နဝါရီ - ၂၁

17

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီ ၂၁ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ (၁)၌ ဂျပန်အကောက်ခွန်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး Mr.Kamo ဦးဆောင်သည့် ဂျပန်ပညာရှင် (၅)ဦးနှင့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့အား လက်ခံတွေ့ဆုံကြောင်း သိရသည်။

ထို့သို့လက်ခံတွေ့ဆုံရာတွင် ရှမ်းပြည်နယ်အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေလင်းမှ Myanmar Automated Cargo Clearance System ကုန်ပစ္စည်းအလိုအလျောက်ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးစနစ်အား နယ်စပ်ဒေသများသို့ နှစ်အလိုက်တိုးချဲ့သွားရန် အကောက်ခွန်ဦးစီးဌာန၏ မူလ ရေရှည်စီမံချက်အရလည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ မူဆယ်ဒေသအား ဦးစားပေးတိုးချဲ့ရန် လမ်းညွှန်မှုအရ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ်သန်း (၁၆၀၀)ဖြင့် MACCS (Myanmar Automated Cargo Clearance System)စနစ်အား မူဆယ်ဒေသတွင် တိုးချဲ့အသုံးပြုနိုင်ရန်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဂျပန်အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး Mr.Kamo မှ ယခုလိုရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လာရောက်တွေ့ဆုံခွင့်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျွန်တော်သည် ဂျပန်အကောက်ခွန်ဌာနမှဖြစ်ပြီး မြန်မာနိုင်ငံကို အဖွဲ့ခေါင်းဆောင်အဖြစ် လာရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကိုလည်း ကူညီထောက်ပံ့ပေးနေကြောင်းနှင့် အဓိကအားဖြင့် အကောက်ခွန်ဌာနကို ကူညီပံ့ပိုး ပြီး အောင်မြင်မှုများ ရရှိနေပြီဖြစ်ကြောင်း၊ လစဉ်တစ်လတစ်ကြိမ် ထောက်ပံ့ပေး၍ MACCS တွင် အရေးကြီး သည့် ကဏ္ဍများရှိပါကြောင်း၊ MACCS ကဏ္ဍတွင် Hardware နှင့်ပတ်သက်၍ ဗဟိုနှင့်ချိတ်ဆက် ဆောင်ရွက်ရန်ကိစ္စများလည်း ရှိပါကြောင်း၊ MACCSတွင် တစ်နိုင်ငံလုံး နယ်စပ်ဒေသများကို တိုးချဲ့ ဆောင်ရွက်ရန်ရှိပါကြောင်း၊ ယခုမူဆယ်ဒေသကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မူဆယ်ဒေသတွင် ၇၀ ရာခိုင်နှုန်းရှိပြီး တစ်နိုင်ငံလုံးနှင့်နှိုင်းလျှင် ၃၀ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း၊ ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အား ဂါဝရပြုရသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုလို လာရောက်ပြောကြားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျွန်တော်တို့နိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်ပါကြောင်း၊ အကောက်ခွန်ဌာနများအား ကူညီဆောင်ရွက်ပေးနေပါကြောင်း၊ ယခုလို ဂျပန်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးပါက နိုင်ငံနယ်စပ်များတွင် ထိုထက်မက အောင်မြင်မှုများစွာ ရရှိမည်ဖြစ်ပြီး ကျေးဇူး တင်ရှိပါကြောင်း ဆွေးနွေးပြောကြားသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

မောင်းသူမဲ့လေယာဉ်ငယ်များ၊ အဝေးအာရုံခံနည်းပညာများ အသုံးပြုနိုင်ရေး ရှင်းလင်းပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၂၁

16

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသနဌာန၏ ဌာနမှူး ပါမောက္ခ ဒေါက်တာ သဲမောင်မောင်နှင့် အဖွဲ့များသည် ဒေသန္တရ ဖွံဖြိုးရေးအတွက် မောင်းသူမဲ့လေယာဉ်ငယ်များ၊ အဝေးအာရုံခံနည်းပညာများ အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ မောင်းသူမဲ့လေယာဉ်သုတေသနဌာန၏ ဌာနမှူး ပါမောက္ခ ဒေါက်တာ သဲမောင်မောင်နှင့် အဖွဲ့လာရောက်ပြီး ပြည်နယ်ဒေသဖွံ့ဖြိုးရေးကူညီပေးရန်အတွက် ဦးစားပေးအဖြစ် တောင်ကြီးမြို့အပါအဝင် မြို့ရွာများအတွက် မြို့ပြဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲနိုင်ရေး၊ အင်းလေးကန်ဒေသ ကာကွယ်ထိန်းသိမ်းရေး၊ သစ်တောများ ကာကွယ်ထိန်းသိမ်းရေးနှင့် စိုက်ပျိုးရေးကိစ္စများ၊ ဓာတ်သတ္တုကိစ္စများကို စီမံခန့်ခွဲရာတွင် နည်းပညာအထောက်အကူရရှိနိုင်ရေး ဆွေးနွေးခဲ့ပါကြောင်း၊ ပထမ ဦးစားပေးအဖြစ် တောင်ကြီးမြို့၊ မြို့ပြဖွံ့ဖြိုးမှုစီမံချက်ရေးဆွဲရာတွင် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်သည့် သုံးဖက်မြင်ရုပ်လုံးကြွမြေပုံရေးဆွဲနိုင်ရေး အတွက် မောင်းသူမဲ့လေယာဉ်သုတေသနဌာနအကူအညီဖြင့် ကွင်းဆင်းလုပ်ငန်းများ၊ ဆောင်ရွက်နိုင်ရန် ပညာရေး ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ဆက်စပ်သည့် ဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာနမှ ကွင်းဆင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ လုံခြုံရေးအရ ကန့်ကွက်ရန်မရှိကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကန့်ကွက်ရန်မရှိကြောင်း၊ မောင်းသူမဲ့ လေယာဉ်ငယ်များ ပျံသန်းအသုံးပြုသည့်အခါ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဟဲဟိုးလေဆိပ် တာဝန်ခံနှင့် ဆက်သွယ်ညှိနှိုင်း၍ ဆောင်ရွက်နိုင်ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသနဌာနမှ ကူညီဆောင်ရွက်ပေးနိုင်ပါကြောင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ စည်းကမ်းချက် (၅)ချက်ဖြင့် သဘောထားရရှိခဲ့ပြီးဖြစ်ကြောင်း၊ တောင်ကြီးမြို့ မြို့ပြဖွံ့ဖြိုးမှုစီမံချက်ရေးဆွဲရာတွင် အထောက်အကူဖြစ်စေနိုင်မည့် မောင်းသူမဲ့လေယာဉ်ငယ်များ အဝေးအာရုံခံ နည်းပညာများကို တာဝန်ရှိသူမှ ရှင်းလင်းဆွေးနွေးသည့်အပေါ် တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ မှတ်သားထားပြီး မိမိတို့သိရှိထားသည့်အကြောင်းအရာများနှင့် ပေါင်းစပ်၍ သက်ဆိုင်ရာနယ်ပယ် ကဏ္ဍအသီးသီး တွင် အသိပညာများ ပြန်လည်မျှဝေပေးစေလိုပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်နှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသနဌာန၏ ဌာနမှူး ပါမောက္ခ ဒေါက်တာ သဲမောင်မောင်နှင့်အဖွဲ့မှ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ သိရှိလိုသည် များကို ဆွေးနွေးတင်ပြကြ၍ ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ လုပ်ငန်းစဉ်များနှင့် ဖြစ်ပေါ်တိုးတက်မှုများအား ရှင်းလင်းတင်ပြခြင်း

တောင်ကြီး ဇန်နဝါရီ - ၂၁

15

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ လုပ်ငန်းစဉ် များနှင့် ဖြစ်ပေါ်တိုးတက်မှုများအား လာရောက်ရှင်းလင်းတင်ပြခြင်းကို ဇန်နဝါရီ ၂၀ ညနေ ၃ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဌ အနေဖြင့် ကောင်စီ၏လုပ်ငန်းဆောင်ရွက်မှုများ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို လာရောက်ရှင်းပြသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဝမ်းမြောက်ကြိုဆိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်လာမှုအတွက် တည်ဆောက် ရေးများနှင့် အင်ဂျင်နီယာများ၏အခန်းကဏ္ဍသည် အလွန်အရေးပါအရာရောက်သည့် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေမှုကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ အလုပ်လုပ်ကိုင်ရာတွင် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မိမိတက်ကျွမ်း ထားသည့် အင်ဂျင်နီယာပညာရပ်များကို လက်တွေ့ဆောင်ရွက်ရာတွင် အသုံးဝင်အကျိုးရှိစေမည့် လက်တွေ့ပညာရပ်နှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဌ ရှင်းလင်းပြောကြားမည့် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍ၊ တာဝန်၊ ဝတ္တရား၊ တတ်ကျွမ်းမှု၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်သိက္ခာများကို သေချာစွာနာယူမှတ်သားပြီး လက်တွေ့ဆောင်ရွက်သည့်အခါတွင် တိကျစွာလိုက်နာကျင့်သုံးရန် လိုအပ်သလို တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်နေသောဌာနများ၊ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ အနေဖြင့် သိရှိထားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အတွင်း တာဝန်ယူဆောင်ရွက်နေကြသည့် အင်ဂျင်နီယာများ နှင့် တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ သိသင့်သိထိုက်သည့်အချက်အလက်များနှင့်အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြရန် ပြောကြားသွားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဌ ဒေါက်တာ ချာလီသန်းမှ ရှင်းလင်းတင်ပြပြီး တက်ရောက်လာ သူများမှ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းဆောင်ရွက်ကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြား၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဌမှ ပြည်နယ်ဝန်ကြီးချုပ်ထံ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 90 guests and no members online