ရှမ်းပြည်နယ်သတင်းများ

ပထမအကြိမ်လားဟူတိုင်းရင်းသားများနှစ်သစ်ကူးပွဲတော်ကျင်းပ

လားရှိုး ဇန်နဝါရီ - ၂၉ 

28

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားဟူတိုင်းရင်းသားများ၏ ပထမအကြိမ်စုပေါင်းနှစ်သစ်ကူးပွဲတော် (ကြွက်နှစ်) ပွဲကို ဇန်နဝါရီ(၂၉)ရက် နံနက်(၁၀)နာရီက လားရှိုးမြို့ မိုးလုံလေလုံခန်းမ၌ ကျင်းပသည်။ 

ပထမအကြိမ် လားဟူတိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌဦးစိုင်းလုံးဆိုင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးများမှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လားဟူမျိုးနွယ်စုတိုင်းရင်းသားများသည် လွန်ခဲ့သော နှစ်ပေါင်းငါးထောင်ကျော်ကတည်းက တိဗက်ကုန်းပြင်မြင့်မှ တရွေ့ရွေ့ဆင်းသက်လာခဲ့ပြီး၊ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများဖြစ်သည့် ရှမ်းပြည်နယ်အတွင်း လားရှိုးဒေသ၊ မိုင်းတုံ-မိုင်းဆတ်ဒေသ၊ တောင်ကြီး-    နမ့်စန်ဒေသများတွင် အခြေချနေထိုင်လျက်ရှိသည့် တောင်တန်းသားများဖြစ်ပါကြောင်း၊ လားဟူတိုင်းရင်းသားများ အနေဖြင့် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကူးပြောင်းသည့်ပွဲများကို ချယ်ရီပန်းများ၊ မက်မွန်ပွင့်များနှင့်ထင်းရှူးဖူးများ အစရှိသည့်ရာသီပန်းများဖူးဖွင့်ချိန်ကိုအစွဲပြု၍ နှစ်စဉ်ကျင်းပလာခဲ့ကြောင်း၊ နှစ်သစ်ကူးပွဲတော်များကို လာမည့် နှစ်သစ်တွင် ရာသီဥတုကောင်းမွန်ပြီး၊ စပါး၊ ပြောင်း၊ ပဲ၊ ဗူး၊ ဖရုံ၊ ငရုတ်စသည့် စိုက်ပျိုးသီးနှံများ တိုးတက်ဖြစ်ထွန်း ရန်နှင့်အိမ်မွေးတိရိစ္ဆာန်များ ရောဂါဘယကင်းဝေးပြီး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်စေဖို့အတွက် နှစ်သစ် ဆုမွန်ကောင်းများတောင်းကြသည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ လားဟူတိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူး အခါသမယမှစတင်ပြီး၊ လားဟူတိုင်းရင်းသားများ၏စိတ်ဓါတ်ခိုင်မာမှု၊ စွမ်းအားရှိမှု၊ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းတက်နိုင်မှု၊ ဇွဲလုံလဝီရိယရှိမှု အစရှိသည့်ကောင်းမြတ်သော အစဉ်အလာကောင်းကို ဆက်လက် ထိန်းသိမ်းကာ မိမိတို့နိုင်ငံ၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်ရွက်ရာတွင် ကျရာအခန်းကဏ္ဍကနေပြီး ပါဝင်ကြိုးပမ်းကြရန်ပြောကြားသွားသည်။

ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောနှစ်သစ်ကူးပွဲတော်အတွက် အလှူငွေကျပ်သိန်း(၃၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှပေးအပ်ရာ ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့ တာဝန်ခံဦးကျာဘီးက လက်ခံရယူပြီး ဂုဏ်ပြုလက်ဆောင်များပြန်လည်ပေးအပ်သည်။

၎င်းနောက်လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးယောသပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးတို့မှ နှစ်သစ်ကူးအမှာစကားပြောကြားကြပြီး၊ လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ အလှူငွေ ကျပ်သိန်း(၂၀)နှင့် ဒုတိယတိုင်းမှူးမှ အလှူငွေများပေးအပ်လှူဒါန်းရာ လားဟူရိုးရာ လက်ဆောင်များ ပြန်လည် ပေးအပ်သည်။

ယင်းနောက်လားဟူတိုင်းရင်းသားများ၏ နှစ်သစ်ကူးဖြစ်ပေါ်လာပုံကို Revဦးမိုးဇက်မှဖတ်ကြားပြီး၊ လားရှိုး၊ သိန်းနီ၊ တန့်ယန်း လားဟူတိုင်းရင်းသားများ၏ ရိုးရာဓလေ့ကို သရုပ်ဖော်တင်ဆက်ကြကာ လားဟူရိုးရာ လက်ဆေး ကန်တော့မင်္ဂလာယူ၍ စုပေါင်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ Revဦးမျိုးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 116 guests and no members online

Latest Updates