(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ နှင့် ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၃၁ 

30

၂၀၂၀ပြည့်နှစ် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညိှနှိုင်းအစည်းအဝေး (၂/၂၀၂၀) ကို ဇန်နဝါရီ (၃၁)ရက် မွန်းလွဲ (၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့အစည်းအဝေးသည် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် တစ်ပေါင်းတည်းအစည်းအဝေးပြုလုပ်ရခြင်းဖြစ် ကြောင်း၊ အစည်းအဝေးကို ကော်မတီအသီးသီးမှ ကြိုတင်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးအဆုံးသတ် တွင်လည်း ကော်မတီများအလိုက်ပါဝင်ဆွေးနွေးပေးကြရန်၊ အထူးမှာကြားလိုသည်မှာ ကျန်းမာရေးနှင့်ပတ်သက်၍ ကိုရိုနာ ဗိုင်းရပ်စ်အကြောင်းကို အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးရန်ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်နေ့လုပ်ငန်းကော်မတီများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ပြခန်းများခင်းကျင်း ပြသရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး ပို့ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ညစာစားပွဲနှင့်ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေး လုပ်ငန်းကော်မတီ အသီးသီးတို့မှ ဆွေးနွေးခြင်းနှင့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့လုပ်ငန်း ကော်မတီများမှဆွေးနွေး တင်ပြကြပြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြ၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)