ရှမ်းပြည်နယ်သတင်းများ

(၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ကျင်းပ

ညောင်ရွှေ ဖေဖော်ဝါရီ   -   ၂၅

39

၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ(၂၅)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ကျားတွန် ကျေးရွာတွင် (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ ကျင်းပကြောင်းသိရသည်။

(၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့မုဒ်ဦးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုဗဟိုအဖွဲ့မှ ဥက္ကဋ္ဌဦးသောင်းရွှေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံနှင့် တောင်ရိုးတိုင်းရင်းသားအလံများကို ဦးစွာအလေးပြုကြပြီး တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့မှ ရိုးရာအကများဖြစ်သော ဘော်နင်း(ရိုးရာ)မောင်းဆိုင်း ယဉ်ကျေးမှုအကမှဖျော်ဖြေခြင်း၊ နန်းမှန်မြင်းက ယဉ်ကျေးမှုအကအဖွဲ့မှ ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေအနုသုခုမအပါအဝင် မိမိတို့လူမျိုး၏ သမိုင်းအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာ တောင်ရိုးတိုင်းရင်းသားများအနေဖြင့် မိမိတို့လူမျိုး၏ ရိုးရာလေ့ထုံးတမ်းနှင့် သမိုင်းအမွေအနှစ် တို့ကိုထိန်းသိမ်းစောင့်ရှောက်ပြီး၊ စည်းလုံးညီညွတ်မှုကိုပါ ဖော်ဆောင်ရာရောက်သည့် (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ နှင့်တောင်ရိုးတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုစုံညီပွဲတော်ကို ကျင်းပနိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ တောင်ရိုးမျိုးနွယ်စု တိုင်းရင်းသားများသည် သမိုင်းသုတေသီတို့ အဆိုအရ ရှေးမြန်မာအနွယ် (Proto Burmese) များကဲ့သို့ပင် တိဘက်မြန်မာအုပ်စု အပါအဝင်ဖြစ်ကြောင်းနှင့် ရခိုင်၊ မြန်မာ၊ ဓနု၊ တောင်ရိုး၊ အင်းသား အစရှိသည့် လူမျိုးစုများဖြစ်လာကြမည့် ရှေးမြန်မာအနွယ်များမှာ မေခ-မလိခမှ ဧရာဝတီမြစ်ကြောင်းကိုစုန်၍ ဆင်းသက်လာပြီး ၎င်းဒေသတွင် အခြေစိုက်ကာ မြန်မာ ဖြစ်လာကြပြီး အချို့မှာဇော်ဂျီပန်းလောင်မြစ်အတိုင်း အရှေ့သို့တက်၍ ဓနု၊ တောင်ရိုး၊ အင်းသားစသည်တို့ဖြစ်လာကြပြီး အချို့မှာ ရခိုင်ရိုးမကိုကျော်ဖြတ်ကာ အခြေစိုက်၍ ရခိုင်လူမျိုးများဖြစ်လာကြကြောင်းနှင့် ရခိုင်အစတောင်ရိုးမှ ဟူသောယူဆချက်ရှိလာ ခဲ့ကြောင်း၊ မိမိတို့ရှမ်းပြည်နယ်ကြီး ငြိမ်းချမ်းသာယာဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မှု၊ တိုင်းရင်းသားညီအစ်ကိုများအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ရရှိခံစားနိုင်ရန် ဆောင်ရွက်ရာ တွင်ယနေ့တက်ရောက်လာကြသည့် တောင်ရိုးတိုင်းရင်းသားညီအစ်ကိုမောင်နှမများအပါအဝင် ရှမ်းပြည်နယ်သူ၊ ရှမ်းပြည်နယ်သား များအားလုံးပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်မှုများ အထူးပင်အရေးကြီးလှပါကြောင်းပြောကြားသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ပွဲတော်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောအလှူငွေကျပ်(၆)သိန်းကိုပေးအပ်ရာ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုဗဟိုအသင်းအဖွဲ့မှ ဥက္ကဌဦးသောင်းရွှေကလက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဦးစဝ်အောင်မြတ်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့က အမှာစကားပြောကြားကြပြီး၊ (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးနေ့ပွဲတော်အခမ်းအနားသို့ တိုင်းရင်းသားများရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်ထံမှ ပေးပို့သောသဝဏ်လွှာကို ညွှန်ကြားရေးမှူးချုပ်မှ ဖတ်ကြားပြီး အလှူငွေများပေးအပ်ကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာဇော်အေးမောင်၏ သဝဏ်လွှာအား မြန်မာနိုင်ငံလုံးဆိုင်ရာ ရခိုင်လူမှုကွန်ယက်အဖွဲ့အစည်းမှ    အတွင်းရေးမှူးဦးစိန်အောင်မှဖတ်ကြားပြီး၊ တောင်ရိုးစာပေယဉ်ကျေးမှုဗဟိုအဖွဲ့ ဥက္ကဌဦးသောင်းရွှေမှအမှာစကားပြောကြားပြီး (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဌ ဦးအောင်ဆန်းမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး အလှူရှင်များမှအလှူငွေများပေးအပ်လှူဒါန်းကြကာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ရိုးစာပေယဉ်ကျေးမှုမှ ပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 92 guests and no members online