(COVID-19)ကြိုတင်ကာကွယ်ရေးအတွက် စောင့်ကြည့်လူနာများထားရှိသော ကျောက်တလုံးမြို့ အထက ကျောင်းသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

ကျောက်တလုံး ဧပြီ - ၃

64

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများတို့သည် ဧပြီ  ၃ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့ နောင်ယာဆိုင်းဂိတ်တွင် ဖွင့်လှစ်ထားသော (COVID-19) ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးနေမှုအား ဝင်ရောက်ကြည့်ရှုပြီး တာဝန်ကျဝန်ထမ်းများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများတို့သည် ကျောက်တလုံးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် နောင်ကားကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း (လုံကား)တို့၌ဖွင့်လှစ်ထားသော (COVID-19)ကြိုတင်ကာကွယ်ရေးအတွက် ပြည်တော်ပြန် (၁၄)ရက် စောင့်ကြည့်အဖွဲ့ များအား သွားရောက်ကြည့်ရှုပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကာကွယ်ရေးလုပ်ငန်း၌ အသုံးပြုနိုင်ရန်အတွက် Mask၊ လက်အိတ်၊ လည်ရှည်ဖိနပ်များနှင့် တာဝန်ကျဝန်ထမ်းများလိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၅)သိန်းစီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ (COVID-19)ကြိုတင်ကာကွယ်ရေးအတွက် ကျောက်တလုံးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယိုးဒယားပြန် ကျား(၁၆)ဦး၊ မ(၁၁)ဦး တို့ကို မတ်လ ၂၄ ရက်မှစတင်စောင့်ကြည့်ထားရှိပြီး၊ လုံကားအခြေခံပညာအထက်တန်း ကျောင်းတွင် ယိုးဒယားပြန် ကျား(၁၂)ဦး၊ မ(၁၂)ဦး တို့ကို မတ်လ ၂၅ ရက်မှစတင်စောင့်ကြည့်ထားရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃