နမ့်ပန်ချောင်းနှင့် နမ့်စီးဟော်ချောင်းဆုံတွင် နမ့်စီးဟော် ၃၀ မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုး

တောင်ကြီး ဧပြီ - ၃

66

ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် YS Golden Butterfly Co., Ltd တို့ အကြားချုပ်ဆိုသော နမ့်ပန်ချောင်းနှင့် နမ့်စီးဟော်ချောင်းဆုံတွင် နမ့်စီးဟော် ၃၀ မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုးပွဲကို ဧပြီ ၃ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။ 

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်း ကျေးရွာပေါင်း (၁၃၇၈၂)ရွာ ရှိသည့်အနက် ၂၀၁၆ ခုနှစ်တွင် ဓါတ်အားပေးစနစ်ဖြင့် ကျေးရွာ(၁၁၃၉)ရွာ၊ ၂၀၁၇ ခုနှစ်တွင် ကျေးရွာ(၁၄၆၂)ရွာ၊ ၂၀၁၈ ခုနှစ်တွင်  ကျေးရွာ(၁၈၃၀)ရွာ လျှပ်စစ်ဓါတ်အားရယူသုံးစွဲလျက်ရှိပြီး (၃)နှစ်အတွင်း (၆၉၁)ရွာတိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၂၀၁၈ ခုနှစ်တွင် အိမ်ထောင်စု (၄၁၁၉၃၆)စု(၃၅.၂၁)ရာခိုင်နှုန်းခန့် လျှပ်စစ်ဓါတ်အား တိုးတက်သုံးစွဲလာနိုင်ပြီး နှစ်စဉ် (၃.၂)ရာခိုင်နှုန်း တိုးတက်သုံးစွဲလာနိုင်ခဲ့၍ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးရွာပေါင်း(၄၇၁)ရွာကိုလည်းကောင်း၊ ဂျာမနီချေးငွေ (KfW) စီမံကိန်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း (၄၁၆)ရွာခန့်အားလည်းကောင်း၊ စီမံကိန်းပြီးစီးသည့်အခါ လျှပ်စစ်ဓါတ်အား တိုးချဲ့ ရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ယနေ့  (MoA)လက်မှတ်ရေးထိုးသည့် YS Golden Butterfly Co., Ltd မှ တည်ဆောက် ထုတ်လုပ်မည့် စီမံကိန်းမှ ခန့်မှန်း ၃၀ မဂ္ဂါဝပ်(၁၂၀)ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လုပ်ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရင်းနှီးမြုပ်နှံမှုများကို အစဉ်တစိုက်ဖိတ်ခေါ်လျက်ရှိရာ ယခုကဲ့သို့ ပြည်တွင်းလုပ်ငန်းရှင် များ၏ ရင်းနှီးမြုပ်နှံမှုများကို လုပ်ထုံး၊ လုပ်နည်း ဥပဒေများနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရနှင့် ရေးထိုးမည့် (MoA) သဘောတူညီချက်ကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကုမ္ပဏီအနေဖြင့် အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသွားသည်။

YS Golden Butterfly Co., Ltd စီအီးအို ဦးယောဆပ်မှ သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေဖြင့် ကျွန်တော်တို့မြို့ လျှပ်စစ်မီးရရှိစေလိုကြောင်း၊ လျှပ်စစ်မီး ရရှိပါက နိုင်ငံတော်၊ အစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ပါ အကျိုးရှိမည်ဖြစ်ကြောင်း၊ ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လက်မှတ်ရေးထိုးမှုကို ကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် YS Golden Butterfly Co., Ltd တို့ သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)