ခေတ္တယာယီစျေးရောင်းချသည့်နေရာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

တောင်ကြီး ဧပြီ   -   ၃၀

87

(COVID-19)ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း တောင်ကြီးမြို့ရှိ မြို့မစျေးကြီးနှင့် ပျံကျစျေးများသည် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးရှောင်ရှားသောအားဖြင့် စျေးများကိုပိတ်ထားသည့်အချိန်တွင် စားသုံးသူ ပြည်သူများနှင့် စျေးရောင်းချသူများ အဆင်ပြေစေရန် (၃)ပေခြားခေတ္တယာယီ စျေးရောင်းချနေသည့် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ပန်းတင်လမ်း ရွာသစ်ကုန်းရှိ ပါမိုးနဲ၊ ရေအေးကွင်းရပ်ကွက်ရှိ ကမ္ဘောဇလမ်း၊ စဝ်စံထွန်းရပ်ကွက် အနောက်မြို့ပတ်လမ်း အရှေ့ဘက်ခြမ်းရှိ ပလက်ဖေါင်းပေါ်နှင့် အဝေရာကုန်းသာယာမီးပုံးပျံကွင်း အပြင်ဘက်နေရာသို့ ဧပြီ (၂၉)ရက် ညနေ(၄)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပါမိုးနဲရေကန်ပျက်အတွင်း ဈေးခင်းကျင်းရောင်းချနိုင်ရန် အရံသဘော အဖြစ်ထားရှိပြီး ဈေးရောင်းချသူများပါက ရေကန်ပျက်အတွင်း ဖွင့်လှစ်ပေးရန်နှင့်နည်းပါက မူလနေရာတွင် ရောင်းချနိုင် ကြောင်းနှင့် ရောဂါကာကွယ်မှုအနေဖြင့် ရေကန်ပျက်အတွင်း ရောင်းချပါက (၃)ပေခြားစီနှင့် အဝင်အထွက်လမ်းများ စီစဉ်ဆောင်ရွက်ပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားမှာကြားခဲ့ကြောင်း သိရသည်။

“ရေအေးကွင်းရပ်ကွက်ရှိ ကမ္ဘောဇလမ်းတွင် ဈေးများကို နံနက် (၆)နာရီမှ (၁၀)နာရီအထိ ရောင်းချ၍ ရေအေးကွင်းရပ်ကွက်၊ မင်္ဂလာဦးရပ်ကွက် ကုန်စိမ်းသည်များမှ လာရောက်ရောင်းချ၍ အမှိုက်များကိုလည်း စနစ်တကျ ပြန်လည်သိမ်းဆည်းကြောင်း” မြို့နယ်အဆင့် (COVID-19)ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်မှ ပြောသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် စဝ်စံထွန်းရပ်ကွက် အနောက်မြို့ပတ်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ခင်းကျင်းရောင်းချသည့်ဈေး၊ အနောက်မြို့ပတ်လမ်း ချမ်းသာရပ်ကွက်ရှိ စည်ပင်သာယာရေးဌာနမှ ကားလမ်းဘေး လမ်းဘေးရေနုတ်မြောင်း တူးဖော်ဆောင်ရွက်နေရာတွင် ဓါတ်တိုင်မလွတ်သည့် နေရာများနှင့် အဝေရာကုန်းသာယာမီးပုံးပျံကွင်း အပြင်ဖက်တွင် ခင်းကျင်းရောင်းချနေသော ခေတ္တယာယီဈေးသို့ သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃