Home Garden စိုက်ပျိုးရန်မျိုးစေ့ နှင့်ပျိုးပင်များအခမဲ့ဖြန့်ဝေပေး

တောင်ကြီး မေ-၆

91

COVID-19ရောဂါဖြစ်ပွားနေသည့်ကာလတွင် လူစုလူဝေးရှောင်ရှားရမည့်ကာလများဖြစ်သဖြင့် မီးဖိုချောင်သုံး စားသုံးသီးပင်များအတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် လူဦးရေထူထပ်သည့်စျေးများသို့ သွားရောက်ဝယ်ယူခြင်းကို လျှော့ချနိုင်ရန် မိမိနေအိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်နှင့် သီးပင်စားပင်များ စိုက်ပျိုးနိုင်ရေးအတွက်နှင့် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများအား အာဟာရပြည့်ဝသော မျိုးစေ့ ပျိုးပင်များကို အခမဲ့ဖြန့်ဝေခြင်းကို မေ(၆)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ပေါ်ရပ်ကွက်(၅)ရပ် ကွက်ဖြစ်သော သစ်တောရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက်၊ ကံကြီးရပ်ကွက်၊ ရေအေးကွင်းရပ်ကွက်၊ ဘုရားဖြူရပ်ကွက်တို့ကို ဖြန့်ဝေပေးကြောင်းသိရသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်ပြည်သူများအား Home Garden စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့မျိုးစေ့နှင့်ပျိုးပင်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ဦးဆောင်ကာ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ်/ ခရိုင်/ မြို့နယ်တို့မှ ပြည်နယ်မှူးနှင့် တာဝန်ရှိဝန်ထမ်းများက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းတစ်လျှောက်ရှိ ပြည်သူများအား ချဉ်ပေါင်၊ ကြက်ဟင်းခါးသီး၊ ခရမ်းကသော့(ဖြူ)၊ ပြောင်းချို၊ နံနံ၊ ကန်စွန်မျိုးစေ့၊ ပဲထောင်တိုင်၊ မုန်ညင်းဖြူ၊ မုန်ညင်းထုပ်၊ ကော်ဖီထုပ်၊ သခွာသီးစသည့် မျိုးစေ့များ၊ ကြက်သွန်နီ၊  ပူစီနံပျိုးပင်များနှင့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေး ကြောင်းသိရသည်။ 

တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး COVID-19 ရောဂါဖြစ်ပွားနေချိန် အပြင်မထွက်ရ စည်းကမ်းချက်များ သတ်မှတ်ထားသောကာလတွင် မိမိနေအိမ်တွင်နေထိုင်ပြီး မီးဖိုချောင်သုံးစားပင်သီးပင်များကို စိုက်ပျိုးနိုင်ခြင်းနှင့် သြဂနစ်စိုက်ပျိုးရေးနည်းစနစ်ကို ကျင့်သုံးနိုင်ရန် အလေ့အကျင့်ဖြစ်စေရန်နှင့် စျေးသွားရသည့် ဒုက္ခမှကင်းဝေးရန်ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုလို HOme Garden ဆောင်ရွက်ရခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဧပြီလကလမ်းညွှန်မှာကြားချက်များရှိပြီး မျိုးစေ့ပျိုးပင်များကို မှာယူကာ သင်္ကြန်ကာလအတွင်း ပျိုးထားကြောင်း၊ မျိုးစေ့နှင့်ပျိုးပင်များ အခမဲ့ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်တွင် တစ်ပြိုင်တည်းဆောင်ရွက်နေကြောင်းနှင့် ယခုအပတ်တွင် မျိုးစေ့ပျိုးပင်များ မရလိုက်သော ပြည်သူများ စိတ်မပူရန်နှင့် လာမည့်အပတ်များတွင်လည်း အခမဲ့ ဖြန့်ဝေးပေးသွားမည်ဖြစ်ပြီး မိမိအိမ်တွင် တစ်ပိုင်တစ်နိုင် စိုက်ချင်ပါက စိုက်ပျိုးရေးဦးစီးဌာနတွင် မျိုးစေ့နှင့်နည်းပညာများ လာရောက်တောင်းယူနိုင်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း Home Garden စိုက်ပျိုးနိုင်ရေး အောင်မြင်နိုင်ရန် လိုအပ်သည့် ရန်ပုံငွေများကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြောသည်။ 

အဆိုပါ HOme Garden စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ပျိုးပင်များကို တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများကို အခမဲ့ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09 250132943