ရှမ်းပြည်နယ်သတင်းများ

စျေးကွက်မရ အရှုံးပေါ်နေသော ဂေါ်ဖီထုပ်၊ မုန်ညင်းစိုက်တောင်သူများအား သဘာဝမြေသြဇာနှင့်မျိုးစေ့များ ထောက်ပံ့ပေးအပ်

တောင်ကြီး မေ   -   ၁၄

95

COVID-19ရောဂါဖြစ်ပွားနေချိန်ကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဟဲဟိုးမြို့နှင့် ကလောမြို့နယ် မြင်းမထိကျေးရွာတွင် တောင်သူများ စိုက်ပျိုးထားသော ဂေါ်ဖီထုပ်၊ မုန်ညင်း၊ ဂန္ဓမာပန်းများသည် အရောင်းအဝယ် မဖြစ်သောကြောင့် စျေးများမရ၍ အရှုံးနှင့်ရင်ဆိုင်နေရသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ မေ(၁၃)ရက် နံနက်ပိုင်းက ဟဲဟိုးမြို့ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အာလူး၊ ဂေါ်ဖီအစုအဖွဲ့၊ ကလောဇုန်အစည်းအဝေးခန်းမ၌ တောင်သူများနှင့် တွေ့ဆုံကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ယခုကြုံတွေ့ နေရသော သီးနှံဆုံးရှုံးမှုများသည် စားသောက်ဆိုင်များအနေဖြင့် COVID-19 ရောဂါကြောင့် ဆိုင်များခေတ္တပိတ်ထားရသောကြောင့် ဝယ်လိုအားမရှိသဖြင့် ထုတ်ကုန်ဆုံးရှုံးမှုများ ဖြစ်ရပါကြောင်း၊ တောင်သူများရင်ဆိုင်နေရသည့် အခက်အခဲများကိုဖြေရှင်းနိုင်ရန် အတွက် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို တောင်သူများ၏ တင်ပြချက်များကိုနားထောင်ပြီး၊ ထိခိုက်နစ်နာသည့် တောင်သူများကို သဘာဝဓါတ်မြေသြဇာနှင့် အစားထိုးသီးနှံဖြစ်သည့် ဂေါ်ဖီ၊ မုန်ညင်း၊ ပန်းမုံလာမျိုးစေ့တို့ကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ယခု ဖြစ်ပေါ်နေသည့် ပြသာနာများကို လက်ရှိရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တောင်သူများအား ဆန်၊ ကြက်သွန်နီ၊ ဆီ၊ ဟင်းသီးဟင်းရွက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ သဘာဝမြေသြဇာများနှင့် စိုက်ပျိုးရေးနည်းပညာပေး လက်ကမ်းစာစောင်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဟဲဟိုးမြို့ရှိ Myanmar Belle ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံသို့သွားရောက်၍ တောင်သူများဟင်းသီးဟင်းရွက်ဈေးကွက် ရရှိရေးအတွက် ကုမ္ပဏီအဖွဲ့များနှင့် သွားရောက်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

“မုန်ညင်းကို ပထမအကြိမ်တွင် စိုက်ပျိုးမှုငွေကျပ်(၃)သိန်းကုန်ကျပါတယ်၊ အရှုံးပေါ်တာကြောင့် ပစ်ထုတ်ရပြီး၊ ယခု ဒုတိယအကြိမ်မှာ စိုက်ပျိုးမှု(၆)သိန်းကုန်ကျတယ်၊ ပြန်ရောင်းတာ (၆)သောင်းလောက်မရဘူး၊ စိုက်ပျိုးထားတဲ့ မုန်ညင်းကို နွားစာအဖြစ် အသုံးပြုရတာပေါ့၊ လက်ရှိမှာ ဂန္ဓမာပန်းများ စိုက်ထားပါတယ်၊ ပိုးသတ်ဆေး၊ မြေသြဇာများ အကြွေးယူရပြီး၊ ပြန်ဆပ်ရန်အတွက် စိတ်ပူနေရပါတယ်၊ အရင်းအနှီးကို ရွာထဲမှာမြေသြဇာ ပိုးသတ်ဆေးမျိုးစေ့တို့ကို အကြွေးယူရပါတယ်၊ ယခုလက်ရှိမှာပန်းများလည်း စျေးကောင်းမရဘူး၊ ပန်းကပြီးခဲ့တဲ့နှစ်က ဈေး(၁၀၀)ကျပ်ရပြီး၊ ခုလက်ရှိမှာ(၃၀)ကျပ်သာရတယ်၊ မုန်ညင်းလဲဝယ်ယူသူမရှိဘူး၊ ပုန်းမုန်ညင်းအပါ အရင်းအနှီး(၁၅)သိန်းရှုံးတယ်၊ ကျွန်မက(၁)ဧကသာစိုက်တယ်၊ သီးထပ် သီးညှပ်စိုက်ပြီး  ဝယ်ယူသူမရှိသောကြောင့် အရှုံးဘဲပေါ်တယ်၊ ပြီးခဲ့တဲ့နှစ်က မုန်ညင်းကို (၁)သောင်းဖိုးလောက်စိုက်ရင် အမြတ်က(၅)သိန်း (၆)သိန်းလောက်ရပါတယ်၊ ခုကာလမှာ ကျွန်မအနေဖြင့် အကြွေးကိုဘယ်လိုပြန်ဆပ်ရမှာကို ခံစားနေရ ပါတယ်၊ ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် လာရောက်တဲ့အချိန်မှာ ကျွန်မအနေဖြင့် ပိုးသတ်ဆေး၊ မြေသြဇာမျိုးစေ့များကို တင်ပြထားပါတယ်၊ ကျွန်မတို့စိုက်ပျိုးထားတဲ့ သီးနှံများကို စျေးကွက်ရရှိလိုပြီး၊ စျေးကွက်ရရှိစေရန် ဆောင်ရွက်ပေးစေလိုတယ်လို့ ဟဲဟိုးမြို့ ရွာတော်ရွာနေ တောင်သူ ဒေါ်မြသန်းကပြောသည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟဲဟိုးမြို့နှင့် မြင်းမထိကျေးရွာရှိ တောင်သူ များအား အရည်အသွေးမြင့် သဘာဝအော်ဂဲနစ် ကြက်ချေးမြေသြဇာ(၉၀)အိတ်၊ မျိုးစေ့ဂေါ်ဖီထုပ်(၇၀)၊ ပန်းမုံလာ(၁၀၀)ထုပ် တို့ကိုပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 125 guests and no members online

Latest Updates