စားသောက်ဆိုင်များ၊ တည်းခိုခန်းများနှင့် ယာဉ်လိုင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး၊ မေ - ၂၆ 

106

စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ၊ တည်းခိုခန်းများနှင့် ယာဉ်လိုင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)ကို မေ ၂၆ ရက်၊ နံနက် (၁၀)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက Covid-19 နှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အတွင်း မေလ ၃၁ ရက်နေ့အထိ ကန့်သတ်ချက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာနှင့် ပန်ကြားလွှာ များ ထုတ်ပြန်သတ်မှတ်ထားရှိမှုများကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ မေလ ၁၈ ရက်နေ့က Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များကို အမိန့်စာ(၁)စောင် ပေးပို့လာကြောင်း၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင် များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဆိုင်ရာအသိပေးခြင်း စည်းကမ်းချက်များ နှင့်အညီ ဆိုင်များဖွင့်လှစ်ရန်နှင့် Covid-19 ရောဂါပြန့်ပွားနိုင်မှုအများဆုံး ကူးစက်နိုင်သည့်နေရာများကို ယခင်က ယာယီခေတ္တပိတ်ပင်ထားရှိခဲ့ကြောင်း၊ ယခုဆိုင်များဖွင့်လှစ်ပါက စားသုံးသူများလိုက်နာရန်နှင့် ဈေးရောင်းချသူများလိုက်နာရန် စည်းကမ်းချက်များကို ပြောကြားသွားသည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများမှ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး အထွေထွေဆွေးနွေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ “စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ဟိုတယ်၊ ယာဉ်လိုင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အစည်းအဝေးတစ်ခုဖြစ်ပါတယ်၊ Covid-19 ပတ်သက်ပြီး ကျန်းမာရေးရှုထောင့်မှ ကန့်သတ်ပိတ်ပင်ထားရှိပါကြောင်း၊ လက်ရှိရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်၊ ကြော်ငြာစာ၊ ကန့်သတ်ချက်များမှာ မေလ ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်၊ ဇွန်လ ၁ ရက်နေ့မှစ၍ ထုတ်ပြန် သင့်သည့်အချက်များ ထုတ်ပြန်သွားမည်ဖြစ်ပါတယ်၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များ ရည်ရှည် ပိတ်ထားသည့်အတွက် ဆိုင်ရှိအလုပ်သမားများ စားဝတ်နေရေးအခက်အခဲဖြစ်ခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းမျဉ်း၊ စည်းကမ်းချက်နှင့်အညီလိုက်နာ၍ လုပ်ကိုင်နိုင်သူများကို ဆိုင်များ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါတယ်၊ စားသောက်ဆိုင်များသည် စည်းမျဉ်းစည်းကမ်းချက်များအတိုင်း၊ Mask တပ်ဆင်ခြင်း၊ Social Distancing ပြုလုပ်ခြင်း၊ Partation များပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်နိုင်ပါက ဆိုင်များကို ဇွန်လ  ၁  ရက်နေ့တွင် ဖွင့်လှစ်ပေးသွားမယ်၊  စည်းကမ်းချက်နှင့်  ခံဝန်ကတိများကို  ပြည်နယ်

စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဈေးများကိုလည်း မေလ ၃၁ ရက်နေ့ထိ ပိတ်ထားသည့်အတွက် ပြည်သူများနှင့် ဈေးသည်များအနေဖြင့် စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ ဈေးကိုဖွင့်လှစ်နိုင်ရန်အတွက် ဈေးဆိုင်ခန်းများအား တဝက်နှုန်းဖြင့် စည်းကမ်းချက်များလိုက်နာ ပါကဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်ရန် အစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ပြီး ပျံကျဈေးများကို လက်ရှိအတိုင်း ဆောင်ရွက်နိုင်ရန်နှင့် ညဈေးကို တဝက်နှုန်းဖြင့် ည ၉ နာရီအထိ စည်ပင်သာယာရေးစည်းမျဉ်းစည်းကမ်း များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များ၊ ကတိဝန်ခံချက်ရှိသူများကို ဇွန်လ ၁ ရက်နေ့တွင်ပြန်လည် ဖွင့်လှစ်ခွင့်ပေးသော်လည်း ကာရာအိုကေဆိုင်များနှင့် Night Club များကို ယခင် မူလအတိုင်း ဖွင့်လှစ်ခွင့်မပေးသေးဘူး၊ ဟိုတယ်ခရီးကိစ္စတွင်လည်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်နယ် စည်ပင်သာယာရေးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးပြီး သတ်မှတ်ချက်များ နှင့်ကိုက်ညီမှုရှိပါက ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်၊ မော်တော်ယာဉ်လိုင်းကိစ္စမှာ ယခင်ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များအတိုင်း ခရီးသည်တဝက်နှုန်းနှင့် ပြေးဆွဲခွင့်ပြုသွားမှာဖြစ်ပါတယ်၊ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ဟိုတယ်ခရီး၊ ယာဉ်လိုင်းများသည် ဇွန်လ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်ပေးသွားပါမယ်၊ သို့သော် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကိုလိုက်နာပြီး ကတိဝန်ခံချက်ရယူပြီးသူမှသာ ဖွင့်လှစ်ခွင့်ပေးသွားမှာဖြစ်ပါတယ်၊ ယခုအစည်းအဝေး ဆုံးဖြတ်ချက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးတင်ပြသွားမည်ဖြစ်ပြီး အစည်းအဝေးမှဆုံးဖြတ်အတည်ပြုချက်ရပါက ရှမ်းပြည်နယ် တစ်ခုလုံးရှိ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီသို့ ထုတ်ပြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆိုင်ဖွင့်လှစ်ရောင်းချမည့်သူများသည် သတ်မှတ်ထားသည့် စည်းကမ်းချက်များအား မလိုက်နာပါက ပထမအကြိမ်မှာ သတိပေးမယ်၊ ဒုတိယအကြိမ်မှာ ဒဏ်ငွေရိုက်မယ်၊ တတိယအကြိမ်မှာတော့ ဆိုင်ကိုပိတ်သိမ်းသွားမှာဖြစ်ပါတယ်၊ ယခုကိစ္စသည် အမျိုးသားဗဟိုအဆင့်မှသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းဖြစ်ပြီး စားသောက် ဆိုင်ရောင်းချသူများက ကတိဝန်ခံချက်ရယူကာ သတ်မှတ်စည်းကမ်းအတိုင်းဆိုင်များကို ပြင်ဆင်ပြီးပါက ကော်မတီများမှလာရောက်စစ်ဆေးတဲ့အခါမှာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ ဖွင့်လှစ်ခွင့်ရမည် ဖြစ်တယ်”လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကပြောသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃