ရှမ်းပြည်နယ်သတင်းများ

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စိမ်းလန်းသန့်ရှင်းသော ကျောင်းများ ဂုဏ်ပြုဆု ချီးမြှင့်

 

တောင်ကြီး ဇွန် - ၅

112

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စိမ်းလန်းသန့်ရှင်းသော ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့ နံနက်ပိုင်း ၉ နာ ရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နှစ်စဉ် ဇွန်လ  ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ နှစ်စဉ်ပုံမှန်ကျင်းပခဲ့သော်လည်း ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုကြောင့် ထိန်းချုပ် ကုသမှု၊ ကာကွယ်မှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေရသည့်အတွက် မူလက အဆိုပါအခမ်းအနားကို စိမ်းလန်းသန့်ရှင်းသော ကျောင်း(၁၈)ကျောင်းကို ဆုချီးမြှင့်ရန် စီစဉ်ထားရာမှ သတ်မှတ်ထားသော စည်းကမ်းချက်များအရ ယခုကဲ့သို့ အခမ်းအနားကို အကျဉ်းချုံးပြီး စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အတွက် သတ်မှတ်ထားသောဆောင်ပုဒ်မှာ အင်္ဂလိပ်ဘာသာဖြင့် “Biodiversity” ဖြစ်ပြီး မြန်မာဘာသာဖြင့် “တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံ၊ မျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့” ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစတင်၍ Shan State Clean & Green School Program 2020 ကို အကောင်အထည်ဖော်ခဲ့ပြီး အခြေခံပညာကျောင်း (၂၁)ကျောင်းတွင် သတ်မှတ်ပေးထားသော စံချိန်စံညွှန်း (၄)ခု၊ အညွှန်း ကိန်း (၁၇)ခုနှင့် ကိုက်ညီစေရန် စိမ်းလန်းသန့်ရှင်းသော ကျောင်းများအဖြစ် ဖော်ဆောင်ခဲ့ပါကြောင်း၊ ဖွဲ့စည်းပေးထားသော အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ (၃)ဖွဲ့မှ (၁၈)ကျောင်းကို ထောက်ခံတင်ပြလာပြီး စီမံခန့်ခွဲမှုကော်မတီအနေဖြင့် အဆိုပါ (၁၈)ကျောင်းကို ရှမ်းပြည်နယ်စိမ်းလန်းသန့်ရှင်းသော ကျောင်းဆု ချီးမြှင့်ရန် အတည်ပြုဆုံးဖြတ်ခဲ့ပါကြောင်း၊ ပြည်ထောင်စုအဆင့်သို့ ရှမ်းပြည်နယ်ကိုယ်စားပြု၍ အထက်တန်းအဆင့် အနေဖြင့် အထက(နမ့်လန်)၊ သီပေါမြို့ကို လည်းကောင်း၊ မူလတန်းအဆင့်အနေဖြင့် အမက(၄) နမ့်လန်-သီပေါမြို့ကိုလည်းကောင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆက်လက် ပေးပို့ထားပါကြောင်း၊ ယနေ့ကျရောက်သော ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဂုဏ်ပြု ကာ စိမ်းလန်းသန့်ရှင်းသော ကျောင်းများ ဖော်ဆောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ စိမ်းလန်းသန့်ရှင်းသော ကျောင်းဆု ရရှိသည့် အခြေခံပညာကျောင်း (၆)ကျောင်းဖြစ်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အထက(၁)၊ အထက(၂)၊ အထက(၄)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အထက(၁)၊ အထက(၂)၊ အထက(၃) ကျောင်းများအား  ဂုဏ်ပြုဆုငွေ၊ ဆုအလံ ပန်းချီကားနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အသိအမှတ်ပြုထားသော ဂုဏ်ပြုမှတ်တမ်းလွှာများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ စိမ်းလန်းသန့်ရှင်းသော ကျောင်းဖော်ဆောင်ရန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အလက(၄)၊ အလက(ဟွေခါး)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ အထက(၂)၊ အမက(ကောင်းမူ)၊ အမက(တော်ရွက်) ကျောင်းများအား  ဂုဏ်ပြုဆုငွေ၊ ဆုအလံ ပန်းချီကားနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အသိအမှတ်ပြုထားသော ဂုဏ်ပြု မှတ်တမ်းလွှာများကို ချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အထက(၁)၊ အထက(၃)၊

 သီပေါမြို့ရှိ အထက(နမ့်လန်)၊ အမက(၄) နမ့်လန်၊ အထက(ခွဲ) ဘော်ကြို၊ နောင်ချိုမြို့ရှိ အထက(၂) ဘူတာရပ် ကျောင်းများ အား ဂုဏ်ပြုဆုငွေ၊ ဆုအလံ ပန်းချီကားနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အသိအမှတ်ပြုထားသော ဂုဏ်ပြုမှတ်တမ်းလွှာ များကို ချီးမြှင့်ပေး၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်း၊ စိမ်းလန်းသန့်ရှင်းသော ကျောင်း ဖော်ဆောင်ရန် စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်၊ ရှမ်းပြည်နယ်အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ စိမ်းလန်း သန့်ရှင်းသော ကျောင်း ဖော်ဆောင်ရန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးတို့မှ စိမ်းလန်း သန့်ရှင်းသော ကျောင်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ပါဝင်ကူညီလှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ကြပြီး ပြည်ထောင်စုအဆင့်သို့ ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ဆက်လက်ပေးပို့တင်ပြထားသော အခြေခံပညာအထက်တန်းကျောင်း(နမ့်လန်)၏ စိမ်းလန်း သန့်ရှင်းသောကျောင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု Video Clip ပြသခြင်းကို ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 160 guests and no members online

Latest Updates