(၃၃)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား တောင်ကြီးမြို့၌ မီးရှို့ဖျက်ဆီး

တောင်ကြီး       ဇွန်  ၂၆

121

(၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းကို ဇွန်(၂၆)ရက်၊ နံနက်(၁၀) နာရီက တောင်ကြီးမြို့၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ကျင်းပသည်။ 

 ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးအဖွဲ့နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က (၃၃)ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ဖမ်းဆီး/သိမ်းဆည်း ရမိခဲ့သည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ပါကြောင်း၊ ဖမ်းဆီး/သိမ်းဆည်း ရမိခဲ့သည့် ထုထည်ပမာဏများစွာသော မူးယစ်ဆေးဝါးများ၊ဓါတုပစ္စည်းများန

ှင့် ဆက်စပ်ပစ္စည်းများကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာသာမက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်လည်း ယနေ့မှာ တပြိုင်တည်း ဖျက်ဆီးသွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်းများကို နှစ်အလိုက်နှိုင်းယှဉ်ကြည့်ပါက ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၁၀၉)သန်း၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း(၁၅၀)ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ပြီး ယနေ့ တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂၃၂)သန်းကျော်၊ လားရှိုးမြို့မှာဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄၂၀)သန်းခန့်ဖြစ်ပြီး ကွတ်ခိုင်မြို့တွင် ကြိုတင်ဖျက်ဆီးခဲ့သည့် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂.၃)သန်းကျော်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ယခင်နေ့က စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း(၁၅၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖျက်ဆီးနိုင်ခဲ့ပြီး ယခုနှစ် အမေရိကန်ဒေါ်လာ(၆၅၄)သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးမှာဖြစ်သည့် အတွက် ယခင်နေ့ထက် အမေရိကန်ဒေါ်လာ(၅၀၄)သန်း ပိုမိုဖျက်ဆီးနိုင်မှာဖြစ်ကြောင်း၊ ယခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုး၊ ကွတ်ခိုင်နှင့် ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း (၈၃၉)သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ အစပျိုးဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။  

 

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှ ပေးပို့လာသောသဝဏ်လွှာအား ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ဖတ်ကြားပြီး ရှမ်းပြည်နယ်မူးယစ်ဆေး ဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့အတွင်းရေးမှူး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုမှ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ရှမ်းပြည်နယ် တောင်ပိုင်းအသင်းခွဲ) ကမ္ဘောဇဘဏ် နာယက၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ မီးရှို့ဖျက်ဆီးမည့်       မူးယစ်ဆေးဝါးများ၊ ဓါတုပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေး၍ မူးယစ်ဆေးဝါးများအား တစ်ပြိုင်နက်စက်ခလုတ်နှိပ် မီးရှို့ဖျက်ဆီးပေးခဲ့ကြကြောင်း သိရသည်။ 

၂၀၂၀ပြည့်နှစ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြု သော ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်းကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးမြို့နှင့် ကွတ်ခိုင်မြို့ (၅)နေရာတွင် ပြုလုပ်ခဲ့ရာ ဘိန်း(၃၁၃၄)ကီလိုကျော်၊ ဘိန်းဖြူ(၁၀၉၂)ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား(၃၀၈)သန်းခန့်၊ အိုက်စ်(၁၁၁၃၁)ကီလိုကျော်၊ ဆေးခြောက်(၈၀၉) ကီလိုကျော်နှင့် ကတ်တမင်း(၁၄၂၈)ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်း (၁၁၃)မျိုး၊ စုစုပေါင်း တန်ဖိုးကျပ် (၁၂၁၇.၇၁၂)ဘီလီယံ (အမေရိကန်ဒေါ် ၈၃၉သန်းကျော်)နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းအမျိုးပေါင်း(၅၀)တို့အား မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09- 250132943