ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ပြည်နယ်သစ်တောဦးစီးဌာနမှ ရနံ့မွှေးပင်နှင့် ပန်းအလှပျိုးပင်များဖြန့်ဝေပေး

တောင်ကြီး ဇူလိုင် - ၁

128

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ(၄)ရက်နေ့တွင်ကျရောက်သော ရှမ်းပြည်နယ် သစ်ပင်စိုက်ပျိုးရေးနေ့တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ မိမိတို့မိသားစုအလိုက် သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ရှမ်းပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် သစ်တောဦးစီးဌာနက ဇူလိုင်လ ၁ ရက် ညနေ ၄ နာရီတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး၌ ရနံ့မွှေးပင်နှင့် ပန်းအလှပျိုးပင်များ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ဖြန့်ဝေပေးကြောင်းသိရသည်။

ရနံ့မွှေးသည့်ပန်းပွင့်သော သစ်မျိုး ၃ မျိုးနှင့် အဖြူရောင်၊ အဝါရောင်၊ အနီရောင်၊ အပြာရောင်စသည်ဖြင့် ရောင်စုံပန်းပွင့်သည့် သစ်မျိုး ၁၀ မျိုး စုစုပေါင်း သစ်မျိုး (၁၃)မျိုး၊ ပျိုးပင်(၂၀၀)ပင်အား ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများမှ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူကြသည်။

နှစ်စဉ်ဇူလိုင်လ ပထမပတ်၏ စနေနေ့ကို ရှမ်းပြည်နယ်သစ်ပင်စိုက်ပျိုးရေးနေ့အဖြစ် ၂၀၁၉ ခုနှစ်တွင် စတင်သတ်မှတ် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ရှမ်းပြည်နယ်သစ်ပင်စိုက်ပျိုးရေးနေ့တွင် ယခင်နှစ်ကဲ့သို့ လူစုလူဝေးအခမ်းအနားဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် COVID-19ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မိသားစုအလိုက် တစ်ဦးချင်းအလိုက်သစ်ပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရရန်ပုံငွေနှင့် လူထုဖြန့်ပျိုးပင် (၁၃၁၉၅၀၀)ပင်၊ ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် နှစ်ရှည်သီးပင်စားပင် (၃၈၁၄၀၀)ပင်နှင့် သစ်တောသစ်ပင် (၄၉၈၆၀၀)ပင်၊ စုစုပေါင်း(၂၁၉၉၅၀၀)ပင်ပျိုးထောင်ခဲ့ပြီး ယနေ့အထိပျိုးပင်ပေါင်း(၁၆၃၂၁၈၇)ပင်အား မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယာဉ် များမှပြည်သူများသို့ဖြန့်ဝေပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရှမ်းပြည်နယ်သစ်ပင်စိုက်ပျိုးရေးနေ့ဖြစ်သော ဇူလိုင်လ(၄)ရက် နေ့တွင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ရပ်ကွက်၊ကျေးရွာများအနေဖြင့် COVID-19ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မိသားစုအလိုက် တစ်ဦးချင်းအလိုက်သစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက်ပျိုးပင်များကို ကြိုတင် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရနံ့မွှေးသည့်ပန်းပွင့်သော သစ်မျိုး ၃ မျိုးနှင့်ရောင်စုံပန်းပွင့်သည့် သစ်မျိုး ၁၀ မျိုး စုစုပေါင်း သစ်မျိုး (၁၃)မျိုးမှာ စကားဝါ၊ ဆိပ်ဖလူး၊ ရင်ခတ်ကလေး၊ ဘွဲ့ချဉ်(စွယ်တော်ဖြူ)၊ ချယ်ရီဖြူ၊ မဟာလှေခါး၊ တပေါင်း၊ အာဖရိကန်ကျူးလစ်၊ စိန်ပန်းနီ၊ ငုစပ်၊ ချယ်ရီ(ပန်းရောင်)၊ ပျဉ်းမ၊ စိန်ပန်းပြာ တို့ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉၂၅၀၁၃၂၉၄၃