အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်

တောင်ကြီး ဇူလိုင် - ၁၃

Untitled-1 lnd thumb

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်းကို ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ကော်မရှင်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၇)ခုတို့၌ အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖြောင့်မတ်တည်ကြည်မှုရှိရေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း (၂)ခု ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ် COVID-19 ကာလအတွင်းတွင်မူ အလုပ်ရုံဆွေးနွေးပွဲများ မဆောင်ရွက်နိုင်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှုစာစောင်များကို ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးသို့ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ၂၀ ရာစုသည် ဒီမိုကရေစီဝါဒ၊ ဖက်ဆစ်ဝါဒ၊ ကူမြူနစ်ဝါဒတို့၏ ဝါဒသဘောတရားရေး အားပြိုင်ခဲ့သော ကာလဖြစ်ပြီး ၂၁ ရာစုတွင်မူ ဒီမိုကရေစီဝါဒအပေါ် အများစု လက်ခံယုံကြည်လာကြပြီးဖြစ်၍ “လုပ်ပိုင်ခွင့်ရှိသူများက အများပြည်သူအကျိုးကို ပုဂ္ဂလိက အကျိုး၊ အဖွဲ့အစည်း အကျိုးထက် မည်မျှအထိကျယ်ပြန့်စွာ ဦးစားပေးဆောင်ရွက်နိုင်သနည်း”ဆိုသည့် အချက်အပေါ် အပြိုင် အဆိုင် လုပ်ပြနေရသည့် ကာလဖြစ်ကြောင်းကို ဖူကူယားမားကဲ့သို့သော ထင်ရှားသည့် ကမ္ဘာ့နိုင်ငံရေးသိပ္ပံပညာရှင်များက အခိုင်အမာပြောဆိုလျက်ရှိကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် မှန်ကန်သောယုံကြည်မှု၊ မှန်ကန်သော တန်ဖိုးထားမှု များဖြင့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်များကို လေးစားလိုက်နာလျက် အများပြည်သူအကျိုးစီးပွားအတွက် မိမိတို့နှင့် သက်ဆိုင်ရာနယ်မြေ၊ အလုပ်ဌာနများ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စများကို ရဲရင့်တည်ကြည်စွာ ပြောဆိုလုပ်ကိုင်သွား နိုင်ပါရန်အတွက် ဤရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပါမောက္ခဆရာကြီး ဒေါက်တာ အောင်ထွန်းသက် ရှင်းလင်းဖော်ပြထားသော အဂတိ လိုက်စားမှုနှင့်အတူ ယုံကြည်မှုများ ယိုယွင်းပျက်စီးလာခြင်း Video Clip အား ပြသခဲ့ကြောင်း သိရှိရသည်။ 

ထို့နောက် ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ပအိုဝ်း နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များထံသို့ ရည်ညွှန်းစာစောင် စုစုပေါင်း(၁၉၉)စုံတို့အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကျေးဇူးတင်စကားပြောကြားရာတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ၌ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်း မြင်သာမှုတို့ဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ မဆုံးရှုံးစေရေး၊ အဂတိ ကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်စေရေးတို့ကို နိုင်ငံတော် အစိုးရက နိုင်ငံ့ဝန်ထမ်းများ၊ လုပ်သားပြည်သူများနှင့်အတူ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးကလည်း ၃၀-၃-၂၀၁၈ ရက်နေ့တွင် အဂတိလိုက်စားမှုများကို ပိုမိုတိုက်ဖျက်ရန် နှင့် အရေးယူဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ပြတ်သားစွာဆောင်ရွက်ရန် မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် “ အဂတိ လိုက်စားမှုဆန့်ကျင်ဖို့၊ ညီညွတ်ကြပါစို့” ဆိုသည့် ကုလသမဂ္ဂ၏ ဆောင်ပုဒ်အတိုင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနှင့်လည်း အဂတိလိုက်စားမှု လျော့နည်းပပျောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ရည်ညွှန်းစာစောင်များ အား ဖြန့်ဝေပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားပါသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ၊ ပအိုဝ်းနှင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ  တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃