ရှမ်းပြည်နယ်သတင်းများ

HPV( Human Papillomavirus) ပိုးနှင့် HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အခမ်းအနားကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂၀

203

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း၌  HPV ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းကို အောက်တိုဘာ ၂၀ မွန်းလွဲ ၁ နာရီက MICC-II (နေပြည်တော်)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားရာ Video Conferencing စနစ်ဖြင့် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်သိန်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦး၊ ‌တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်၍ ၂၀၁၈ ခုနှစ်စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံး၌ နှစ်စဉ်အမျိုးသမီး (၆)သိန်းခန့်တွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခဲ့၍ ၎င်းတို့အနက် (၃)သိန်းကျော် သေဆုံးခဲ့ရပြီး၊ သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံ၌ အမျိုးသမီးများ အသက်အရွယ်အားလုံးတွင် ဖြစ်လေ့ရှိသော ကင်ဆာအားလုံး၏ (၂၃.၅)ရာခိုင်နှုန်း ရှိကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာသည် အသက်(၁၅)နှစ်မှ (၄၄)နှစ်ကြားအမျိုးသမီး များတွင် အဖြစ်အများဆုံးကင်ဆာဖြစ်သည့်အပြင် ကင်ဆာကြောင့်သေဆုံးရခြင်း၏အဓိကအကြောင်းအရင်းဖြစ်ပါသည်။

HPV ကာကွယ်ဆေးသည် ကင်ဆာရောဂါကိုကာကွယ်နိုင်သည့် ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး၊ Human Papillomavirus ဟုခေါ်သည့် HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည့်အပြင် သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးသည် HPV ပိုးကြောင့်ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ၎င်းHPV ပိုးသည် လိင်ဆက်ဆံခြင်း၊ အရေပြားချင်းထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး ကူးစက်ခံရသူ အများစုမှာ ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သောကြောင့် မည်သူမဆို အချိန်မရွေးရောဂါပိုးကူးစက်နိုင်ပါကြောင်း၊  မြန်မာနိုင်ငံတွင် HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် စတင်ထည့်သွင်းသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးအပြည့်အဝရရှိရန် (၂)ကြိမ်ထိုးနှံရန်လိုပါကြောင်း၊ အသက် ၉နှစ်မှ ၁၀ နှစ်အရွယ်မိန်းကလေးများ တစ်နည်းအားဖြင့် ၂၀၁၀ခုနှစ် စက်တင်ဘာလ(၁)ရက်မှ ၂၀၁၁ ခုနှစ် သြဂုတ်လ(၃၁)ရက်အတွင်း မွေးဖွားသောမိန်းကလေးများအားလုံးကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ပထမအကြိမ်ထိုးနှံပြီး(၁၂)လခြားကာ ဒုတိယ အကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။ ၎င်းကာကွယ်ဆေးထိုးနှံခြင်းအတွက် ကုန်ကျစရိတ်မှာ မိန်းကလေးတစ်ဦးအတွက် ကာကွယ်ဆေးတစ်ကြိမ်တန်ဖိုးမှာ  အမေရိကန်ဒေါ်လာ(၄.၅)ဒေါ်လာတန်ဖိုးရှိပြီး၊ နိုင်ငံတော်ဘဏ္ဍာ‌ငွေမှ (၁၀) ရာခိုင်နှုန်းနှင့် Gavi,the vaccine alliance မှ (၉၀)ရာခိုင်နှုန်း ကုန်ကျခံ၍ အခမဲ့ထိုးသွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ HPV ကာကွယ်ဆေးထည့်သွင်းထိုးနှံခြင်းအခမ်းအနားတွင် အသက် ၉ နှစ်အရွယ်အမျိုးသမီး (၃)ဦးအား ကာကွယ်ဆေးထိုးနှံနေမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 102 guests and no members online

Latest Updates