ရှမ်းပြည်နယ်သတင်းများ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဖွင့်လှစ်

တောင်ကြီး နိုဝင်ဘာ     -   ၁၉

208

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တောင်ကြီး - ဟိုပုံးသွား ပြည်ထောင်စု လမ်းမကြီးဘေးရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၁၉ ရက်‌၊ နံနက် ၉ နာရီက အဆိုပါရုံး၌ ကျင်းပသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဆိုင်းဘုတ်အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်၊ ပြည်နယ် ဥပဒေချုပ် ဦးတင်ဦးတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးစိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဖွင့်ပွဲ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဂတိလိုက်စားမှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေခြင်း၊ သဘာဝသယံဇာတပစ္စည်းများ မှားယွင်းသည့် စီမံခန့်ခွဲမှုကို ဖြစ်ပေါ်စေခြင်း၊ ဆင်းရဲမှုကို တာရှည်စေခြင်း၊ လူတန်းစား မညီမျှမှုဖြစ်ပေါ်စေခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော အုပ်ချုပ်မှုနှင့်စီးပွားရေး ပတ်ဝန်းကျင်ဖြစ်ပေါ်စေခြင်း၊ ဒုစရိုက်မှုများ ဖြစ်ပေါ်စေခြင်းဖြင့် ပြည်သူများအတွက် လုံခြုံမှုမရှိသည့် လူ့အဖွဲ့အစည်း တရပ်ဖြစ်ပေါ်စေခြင်း စသည့်ဆိုးကျိုးများရရှိစေပါကြောင်း၊ နိုင်ငံတော်သည် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ပါတီစုံ ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်စေရေး ဦးတည်ဆောင်ရွက်လျက်ရှိရာ အဟန့်အတားသဖွယ် ဖြစ်ပေါ်နေသည့် အဂတိလိုက်စား မှုများ လျော့နည်းကျဆင်းစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို ထိရောက်စွာထိန်းချုပ်တားဆီးနိုင်ရန်နှင့် လျှော့ချနိုင်ရေးအတွက် ကော်မရှင်တခုတည်း အကောင်အထည်ဖော် ဆောင်ရွက်၍မရပဲ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်သူများမှလည်း ပူးပေါင်းဆောင်ရွက်ကြမှသာ အဂတိလိုက်စားမှုအဆင့် သိသာစွာ လျှော့ကျလာမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသည့် တိုင်ကြားစာစုစုပေါင်း ၂၉၉ စောင်ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် သက်ဆိုင်ခြင်းမရှိသည့် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ မြေယာကိစ္စ၊ တရားစီရင်ရေးတို့နှင့် သက်ဆိုင်သော တိုင်ကြားစာများအား လိုအပ်သလိုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့သို့ ပြန်လည်လွှဲပြောင်းသည့် တိုင်ကြားစာ ၁၂ စောင် ပေးအပ်ခဲ့ကြောင်းကို ကော်မရှင်နှစ်ပတ်လည်အစီရင်ခံစာအရ သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်တွင် တတိယရုံးခွဲကို လာရောက်ဖွင့်လှစ်ခြင်း အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့ အကျိုးစီးပွား အတွက် ကော်မရှင်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်က အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရာ စုံစမ်းစစ်ဆေးအရေးယူရေးနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌမှ အဂတိလိုက်စားမှုများရှိပါက လုံးဝသည်းခံခွင့်မလွှတ်ရန်          (Zero Tolerance)ဟု မူဝါဒချမှတ်လမ်းညွှန်မှာြကားထားပါကြောင်း၊ လက်ရှိကော်မရှင်၏ သက်တမ်း(၃)နှစ်တာကာလ အတွင်း စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူနိုင်မှုအခြေအနေမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကော်မရှင်သို့ ပေးပို့လာသည့် တိုင်ကြားစာပေါင်း (၂၅၃၁၄)စောင်တွင် ကော်မရှင်က (၂၀၂)စောင်အားစုံစမ်းစစ်ဆေးရန် 

ဆုံးဖြတ်ခဲ့ပြီး စုံစမ်းစစ်ဆေးပေါ်ပေါက်သည့် တိုင်ကြားစာ (၇၁)စောင်ရှိရာ လူပုဂ္ဂိုလ်ပေါင်း (၁၅၆)ဦးအား ကော်မရှင် ဥပဒေအရ အရေးယူသွားနိုင်ရန် အမှုပေါင်း(၁၇၀)မှုကို တရားစွဲတင်ပို့ထားပြီးဖြစ်ပါကြောင်း၊ တရားစွဲဆို ခံထားရသူများ တွင် လုပ်ပိုင်ခွင့်အာဏာရှိသူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့်မှ ပြည်နယ်ဝန်ကြီးချုပ်အဆင့်ထိ ပါဝင်သည်ကို အများပြည်သူတို့သိရှိပြီး ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (တောင်ကြီး) ရုံးခွဲမှာ တတိယမြောက်ရုံးခွဲအဖြစ် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ စတုတ္ထမြောက်ရုံးခွဲအဖြစ် မော်လမြိုင်ရုံးခွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တောင်ကြီးရုံးခွဲဖွင့်လှစ်နိုင်သဖြင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ ကို ပိုမိုလျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းနှင့် အဆိုပါဒေသများရှိ အဂတိတိုက်ဖျက်ရေးလုပ်ငန်းများ လျှင်မြန်စွာဆောင်ရွက်နိုင်ရန် တိုင်ကြားစာများကိုလည်း တောင်ကြီးရုံးခွဲသို့ စတင်ပေးပို့နိုင်ပါကြောင်း၊ ပြည်သူလူထု အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို လာရောက်ဆွေးနွေးနိုင်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ အဆောက်အဦအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးစိုင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းမော်ကွန်းအား ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမွှေးနံ့သာရည်ပက်ဖျန်းပေးကြပြီး အဆောက်အဦအား လှည့်လည်ကြည့်ရှုကြ ကြောင်း သိရှိရသည်။

 

 

မောင်မောင်သန်း (တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 89 guests and no members online

Latest Updates