တောင်ကြီးစက်တင်ဘာ   −   ၄

new 510

၁၃၈၁ခု ၂၀၁၉ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေးကို စက်တင်ဘာ(၃)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်းက ယခုအစည်းအဝေးသည် ပထမအကြိမ်အစည်းအဝေးဖြစ်ပြီး ကော်မတီဖွဲ့စည်း၍ လုပ်ငန်း တာဝန်များ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာကျော်သည့်ပွဲဖြစ်သည့်အတွက် ပြည်တွင်းပြည်ပဧည့်သည်များ လာရောက် လည်ပတ်လျက်ရှိသောကြောင့် လုံခြုံရေး၊ သန့်ရှင်းရေး စနစ်တကျရှိရန်လိုကြောင်း၊ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ကြောင်းနှင့် ကော်မတီအသီးသီးအား လုပ်ငန်းတာဝန်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီများဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြ သောလုပ်ငန်းကော်မတီအလိုက် တင်ပြဆွေးနွေးရာ လုံခြုံရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်း ကော်မတီ၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ၊ မီးပုံးပျံပြိုင်ပွဲ၊ ရိုးရာပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေးနှင့်ပြပွဲပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ မီးပဒေသာလှည့်လည်ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ၊ မသိုးသင်္ကန်း ရက်လုပ်ယှဉ်ပြိုင်ဆက်ကပ်ရေး၊ ဆုချီးမြှင့်ရေးနှင့်ဆွမ်းဆက်ကပ်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးနှင့်သန့်ရှင်းမှု ကြီးကြပ် ရေးလုပ်ငန်းကော်မတီ၊ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ပွဲနှင့်ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီအသီးသီးမှ တင်ပြဆွေးနွေးကာ အထွေထွေဆွေးနွေးကြပြီး၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ နိဂုံးချုပ်စကား ပြောကြားကြောင်းသိရသည်။

အဆိုပါတောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ(၄)ရက်မှ (၁၂)ရက်နေ့ထိကျင်းပသွားမည်ဖြစ်ပြီး ပွဲတော် တွင်ဖွင့်ပွဲအခမ်းအနား၊ မီးပုံးပျံညမီးကြီး၊ စိန်နားပန်မီးပုံးပျံပြိုင်ပွဲ၊ နေ့လွတ်အုပ်စု၊ ခြေ(၂)ချောင်း၊ ခြေ(၄)ချောင်း မီးပုံးပျံပြိုင်ပွဲ၊ မီးပဒေသာလှည့်လည်ပူဇော်ပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲ၊ ရောင်စုံဓါတ်ပုံပြိုင်ပွဲ၊ စာပေပြိုင်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်လည်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ စသဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃