တောင်ကြီး သြဂုတ်   −   ၅

new 553

တောင်ကြီးမြို့ အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံတွင် သြဂုတ်(၃)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပသည်။

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး၊ နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာ သုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ် ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ တောင်ကြီးမြို့ မူလမင်းကွန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တပညာသိရီထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှ ပေးဝေကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော် ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မြို့ပေါ်ကျောင်း(၉၉)ကျောင်းနှင့် သံဃာ(၉၉)ပါး၊ သင်္ကန်းဒွိစုံ(၁၁၆၉)စုံ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943