new 559

တောင်ကြီး ဇူလိုင် − ၃၀

ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၄/၂၀၁၉)ကို ဇူလိုင်(၃၀)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ (၅−၂−၂၀၁၉) ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၂၁/၂၀၁၉)ဖြင့် ပြင်ဆင်ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ဥပဒေမဲ့သိမ်းဆည်းထားသောလယ်ယာမြေများ ပြန်လည်ရရှိရေး လျော်ကြေး/နစ်နာကြေး ရရှိရေးတို့ကို ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင် သောကြောင့် ကော်မတီအဆင့်ဆင့်၏ စိစစ်တွေ့ရှိချက်၊ သဘောထားမှတ်ချက်များအပေါ်အခြေခံကာ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ စွန့်လွှတ်မြေများနှင့်ပတ်သက်၍ နှောင့်နှေးကြန့်ကြာမှုမရှိစေပဲ မူလပိုင်ရှင်များထံ အမြန်ဆုံးအပ်နှံသွားရန်နှင့် မစွန့်လွှတ်ရသေးသည့်သိမ်းဆည်းမြေများအပေါ် ကော်မတီအဆင့်ဆင့်က ထိထိရောက်ရောက်စိစစ် ပေးကြရန်၊ စွန့်လွှတ်မြေများကို မသက်ဆိုင်သူများလက်ဝယ်သို့ ရောက်ရှိခြင်းမရှိစေရန်နှင့် သက်ဆိုင်သူတောင်သူများထံသို့သာ အမြန်ဆုံးရောက်ရှိရေးစိစစ်ပေးကြရန်၊ စွန့်လွှတ်မြေများပေါ်တွင်ကျူးကျော်ဝင်ရောက်မှုများကို ဥပဒေနှင့်အညီရှင်းလင်းပေးကြ ရန်၊ တောင်သူများထံ လွှဲပြောင်းအပ်နှံပြီးမြေများကို အသုံးချပိုင်ခွင့် အမည်ပေါက်ရရှိစေရေးတို့အတွက် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကိစ္စနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၅)ရပ်ကို နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်ချက်ချမှတ်ထားရှိပြီးဖြစ်ကြောင်း၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက ပေးပို့လာသောအမှုတွဲပေါင်း(၆၂၄)မှုအပေါ် ခရိုင်မြေစစ်ကော်မတီများမှ စိစစ်တင်ပြရန် ကျန်ရှိနေသော အမှုကိစ္စပေါင်း(၁၀၈)မှုကို ဗဟိုကော်မတီကချမှတ်ထားသော မူဝါဒများ၊ လမ်းစဉ်များနှင့်အညီ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စိစစ်ဖြေရှင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အမှုတစ်မှုချင်း အလိုက်ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသည့် ပြည်နယ်မြေစစ်ကော်မတီဝင် များနှင့် ခရိုင်မြေစစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူးများက ဆွေးနွေးတင်ပြ၍ အထွေထွေ ဆွေးနွေးကြကာ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943