ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ညွန့်၊ သမဝါယမ စာရင်းရေး၊ စာရင်းကိုင်၊ စာရင်းစစ်သင်တန်း သင်တန်းဆင်းပွဲသို့ တက်ရောက်

တောင်ကြီး အောက်တိုဘာ ၀၇

 

10006

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်သည် (၅.၁၀.၂၀၁၃)ရက်နေ့ (၁၅၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်း၊ တောင်ကြီးမြို့ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်၊ စာရင်းစစ်သင်တန်း အမှတ်စဉ်(၃/၂၀၁၃-၂၀၁၄)သင်တန်းဆင်းပွဲသို့  ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ် ဥက္ကဌ များ၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ သမဝါယမအသင်း အဆင့်ဆင့်မှ အမှုဆောင်များ၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

 

   သင်တန်းဆင်းပွဲ၌ ပြည်နယ်ဝန်ကြီးမှ အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၌ ဆင်းရဲမှုရာခိုင်နှုန်းမှာ (၂၆%)ခန့် ရှိကြောင်း၊ ထိုဆင်းရဲမှုရာခိုင်နှုန်းအား လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် သမဝါယမ၏ အနှစ်သာရ ဖြစ်သော စုပေါင်းစွမ်းအားဖြင့် ဖြေရှင်းနိုင်ရန် သမဝါယမကဏ္ဍမှ ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မိမိတို့သမဝါယမအနေဖြင့် ကျေးလက်၊ မြို့ပြရှိ ဆင်းရဲနွမ်းပါးသူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် ဆင်းရဲ၊ ချမ်းသာမရွေး လူတန်းစား အလွှာအသီးသီး ပါဝင်သော သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက် ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးနေပါကြောင်း၊ အသင်း/အဖွဲ့အစည်းများတွင် လုပ်ငန်းတစ်ခုဆောင်ရွက်ပါက စာရင်းဇယား ရေးဆွဲ ထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်းများသည် အရေးကြီးပါကြောင်း၊ စာရင်းဇယားများ မှန်ကန်မှသာ လုပ်ငန်း၏ အားသာချက် အားနည်းချက်များကို သိရှိပြီး မှန်ကန်သော လမ်းကြောင်းအပေါ် လျှောက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုကဲ့သို့ သမဝါယမစာရင်းရေး၊ စာရင်းကိုင်၊ စာရင်းစစ်သင်တန်းများကို ဖွင့်လှစ်ပြီး ဦးစီးဌာနမှ ဝန်ထမ်းများ၊ အသင်းအဆင့်ဆင့်မှ ဝန်ထမ်းနှင့်အမှုဆောင်များအား သင်တန်းတက်ရောက်စေ၍ မိမိတို့သမဝါယမ လုပ်ငန်းများ၊ အသင်းများတွင် စာရင်းများ မှန်မှန်ကန်ကန် ရေးဆွဲနိုင်ပြီး စစ်ဆေးနိုင်စေရေး သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ လူတန်းစား အလွှာအသီးသီးမှာ ပါဝင်နေသော သမဝါယမအသင်းများအနေဖြင့် ပွင့်လင်းမြင်သာမှု ရှိမှသာ ပြည်သူလူထု၏ အားကိုးယုံကြည်မှုကို ရရှိမည်ဖြစ်သဖြင့် စာရင်းများကို စနစ်တကျ ရေးဆွဲပြုစုတတ်စေရန် ရည်ရွယ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ ပို့ချလိုက်သည့် သင်ခန်းစာများကို မေ့မေ့လျော့လျော့ မနေပဲ မိမိတို့ဌာန၊ အသင်းများသို့ ပြန်ရောက်ပါက On the job training ပုံစံမျိုးဖြင့် ဆက်လက်လေ့လာ၍ အလုပ်လုပ်ရင်း တိုးတက်ရန် လုပ်ဖို့လိုကြောင်း၊ ထိုမှတဆင့် မိမိ၏ လုပ်ဖော်ကိုင်ဖက်များအား ပြန်လည်ဆင့်ပွား ပြသ ပေးဖို့လိုကြောင်း၊ သို့မှသာ မိမိလည်းကျွမ်းကျင်၊ သမဝါယမပညာရပ်များလည်း ပြန့်ပွားသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ သမဝါယမအသင်းများ ဒီထက်မက အောင်မြင်ရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အား အတ္တဟိတ၊ ပရဟိတ မျှတစွာဖြင့် ယခုထက်ပို၍ ကြိုးစားကြရန် လိုကြောင်း မှာကြားခဲ့ပါသည်။

 

   ၎င်းနောက် သင်တန်းဆင်းလက်မှတ်များအား ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ် ဥက္ကဌ တို့မှ ဆုရ သင်တန်းသားများကို အသီးသီးဆုချီးမြှင့်ပေးခဲ့ပါသည်။

 

   သမဝါယမ စာရင်းရေး၊ စာရင်းကိုင်၊ စာရင်းစစ် သင်တန်းအမှတ်စဉ်(၃/၂၀၁၃-၂၀၁၄)အား သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကြီးကြပ်၍ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ကြီးမှူးပြီး (၁.၁၀.၂၀၁၃)မှ (၅.၁၀.၂၀၁၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းသို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၅) မြို့နယ်မှ သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ သမဝါယမအသင်းအဆင့်ဆင့်မှ ဝန်ထမ်းများ၊ အမှုဆောင်များ၊ စုစုပေါင်း (၅၆)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။