We have 134 guests and no members online

တောင်ကြီး  ဇွန်   -   ၂၈

new 630

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာသို့ သောက်သုံးရေပေး ဝေရေးကို ရင်းမှီးရပ်ကွက် မြသိန်းတန်စာသင်တိုက်၌ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာသို့ ရေပေးဝေရေးအထိမ်းအမှတ် ကဗ္ဗည်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်၊ ဂျပန်သံရုံးမှမစ္စတာမာဆုမိုတိုရှိဟိဒီ(TPA)၊ ကမ္ဘာ့လူသားအဖွဲ့အစည်းမှမစ္စစ်ရှီဘတတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်စက်ခလုတ်နှိပ်ပေးပြီး ရေပေးဝေရေးကိုလည်းဖွင့်လှစ်ပေးကာ ပြခန်းများအား လှည့်လည်ကြည့်ရှုကြ ကြောင်းသိရသည်။

အစီအစဉ်အရ အခမ်းအနားဒုတိယပိုင်းတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဝဏ္ဏ ကျော်ထင် ဦးအောင်ခမ်းထီမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်က ၂၀၁၇ခုနှစ်၊ အောက်တိုဘာလမှစ၍ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရပါသည်။ အဆိုပါလုပ်ငန်းစဉ်တွင် (TPA)ကမ္ဘာ့ လူသားအဖွဲ့အစည်းမှ လှူဒါန်းငွေကျပ်သိန်းပေါင်း(၇၂၀၀)ဖြင့် လှူဒါန်းဆောင်ရွက်၍ ပြည်သူလူထုလုပ်အားပါဝင်ပြီး အကွာ အဝေး(၁၄.၈၄၁)မိုင်အား ပန့်စနစ်ဖြင့် ကန်(၁)သို့အမြင့်ပေ(၈၀၀)၊ ကန်(၂)သို့အမြင့်ပေ(၇၀၀)ခန့် ရေတင်ပြီး ပင်လောင်း မြို့နယ်၊ ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာဖြစ်သည့် စင်းတောင်းကျေးရွာ၊ တင်းထက်ကျေးရွာ၊ ထိတလိကျေးရွာ၊ ဝါးပြုံးကျေးရွာ၊ တောင်လေးကျေးရွာများသို့ သောက်သုံးရေပေးဝေနိုင်မည်ဖြစ်ကြောင်း၊ ၎င်းစီမံကိန်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့်ပတ်သက်၍ ရင်းမှီးရပ်ကွက်နှင့်ကျေးရွာ (၅)ရွာရှိအိမ်ခြေစုစုပေါင်း(၂၃၇၂)အိမ်၊ လူဦးရေစုစုပေါင်း(၁၃၃၈၉)ဦးတို့အား အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာ သောက်သုံးရေ ရရှိရေးအတွက် လှူဒါန်းဆောင်ရွက်ပေးပါသော ဂျပန်နိုင်ငံအစိုးရမဟုတ်သော ကမ္ဘာ့လူသားအဖွဲ့အစည်း (Terra People Association) (TPA)အဖွဲ့အစည်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုကိုယ်စား ကျေးဇူးအထူးတင်ရှိ ပါကြောင်း ပြောကြားသွားသည်။

ယင်းနောက်နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဦးခွန်စံလွင်၊ ဂျပန်သံရုံးမှမစ္စတာမာဆုမိုတိုရှိဟိဒီတို့က အမှာစကားပြောကြားကြပြီး (TAP)အဖွဲ့အစည်းမှမစ္စစ်ရှီဘတမှ လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံများကိုယ်စားရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ မစ္စစ်ရှီဘတမှလှူဒါန်းသည့် စာရွက်စာတမ်းဖိုင်များကိုပေးအပ်ရာ ဒေသခံတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ဖွင့်ပွဲအထိမ်း အမှတ်တံဆိပ်များကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်ထောင်စု ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများထံ နေရာအရောက်ပေးအပ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943