We have 73 guests and no members online

တောင်ကြီး  မေ − ၆

new 732

(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို မေ(၅)ရက် နံနက်(၈)နာရီက တောင်ကြီးခရိုင်မီးသတ်စခန်း လေ့ကျင့်ရေးကွင်း၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတော်အနေဖြင့် မီးသတ်တပ်ဖွဲ့ကို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ထုတ်ကုန်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး မီးဘေးလုံခြုံရေး သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုအတွင်း မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးရေး မီးသတ်တပ်ဖွဲ့ဝင်များ၏နည်းပညာနှင့် စွမ်းဆောင်ရည်မြင့်မားရေး တပ်ဖွဲ့ဝင်အင်အားများနှင့် မီးသတ်ယာဉ်/စက်ပစ္စည်းကိရိယာများဖြည့်တင်းရေး မီးသတ်စခန်းများ တိုးချဲ့ဖွဲ့စည်းရေးစသည့်လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသော အခြေအနေများနှင့် အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို လက်ရှိအခြေအနေများနှင့် နောင်ဖြစ်တည်လာမည့် အနာဂတ်ကာလကို မျှော်မှန်းပြီး အသွင်သဏ္ဍာန်အနှစ်သာရ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ကိုMen Power၊ Equipment Powerနှင့် Technology Powerနှင့်တည်ဆောက်ရာတွင် မီးသတ်တပ်ဖွဲ့ကို တိုင်ဒေသကြီး/ပြည်နယ်မီးသတ်ဦးစီးမှူးရုံး(၁၅)ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး(၇၄)ရုံး၊ ခရိုင်မီးသတ်စခန်း(၇၄)စခန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး(၃၃၀)ရုံး ၊မြို့နယ်မီးသတ်စခန်း (၃၃၀)စခန်းနှင့် နယ်မြေမီးသတ်စခန်း(၇၀၃)စခန်းနှင့် ခွင့်ပြုလူအင်အား(၂၄၆၅၉)ဦးထိ တိုးချဲ့ဖွဲ့စည်းခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန်−မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသွားပြည်သူများကို ကူညီနိုင်ရန် မီးသတ်တပ်ဖွဲ့စခန်း(၁၅)စခန်းကို တိုးချဲ့ဖွဲ့စည်း နိုင်ခဲ့ပြီး ရှမ်းပြည်နယ်တွင်လည်း ခရိုင်မီးသတ်စခန်း(၁၃)စခန်း၊ မြို့နယ်မီးသတ်စခန်း(၅၅)စခန်း၊ နယ်မြေမီးသတ်စခန်း(၇၀) စခန်း၊ စုစုပေါင်း(၁၃၈)စခန်းနှင့် ခွင့်ပြုလူအင်အား(၃၄၇၅)ဦးထိရှိလာပြီဖြစ်ကြောင်းနှင့် အနာဂတ်တွင်ရင်ဆိုင်ကြုံတွေ့ လာနိုင်မည့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အနိုင်ယူရန် ဂုဏ်ပြုပြောကြားသွားကြောင်းသိရသည်။

ဆက်လက်၍စစ်ရေးပြတပ်ခွဲများမှ ပြည်နယ်ဝန်ကြီးချုပ်အားအလေးပြုကာ ပြန်လည်ထွက်ခွာသွားကြပြီး မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသကြရာ အမျိုးသမီးမီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်တပ်ဖွဲ့သုံး ကြိုးကူး၊ ကြိုးဆင်း ကြိုးတက် နည်းစနစ်များ လက်တွေ့သရုပ်ပြသခြင်း၊ အလိုအလျောက် မီးထောက်လှမ်းမှု(အာရုံခံစနစ်)နှင့် မီးလန့်အချက်ပေးကိရိယာများ လုပ်ဆောင်မှုနှင့် မီးသတ်ဆေးဘူး အသုံးပြုလက်တွေ့ မီးငြိမ်းသတ်မှု သရုပ်ပြသခြင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ စီမံခန့်ခွဲမှု သရုပ်ပြသခြင်း၊ အထပ်မြင့်အဆောက်အဦ မီးလောင်မှုအား ငြိမ်းသတ်ခြင်းနှင့်ပိတ်မိနေသူများအား နည်းပညာ အထောက်အကူပြု ကယ်ဆယ်သရုပ်ပြသခြင်း၊ မီးသတ်ရေပက်ပိုက်ဖြင့် Water Curtain/ Water Fun သရုပ်ပြကွက်ဖြင့် ပြသနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကြပြီး မီးသတ်ပြခန်းများကိုလည်း ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943