တောင်ကြီး ဧပြီ- ၄

new 752

၂၀၁၉ ခုနှစ်၊ ရှမ်းပြည်နယ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ဧပြီ ၃ ရက်နေ့ ညနေ ၃ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုသင်တန်းဆင်းပွဲသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲ အခမ်းအနား ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဘောလုံး၊ တင်းနစ်၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ဂျူဒို၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့၊ ရိုးရာလက်ဝှေ့၊ ဘတ်စကတ်ဘော၊ ရိုးရာ ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ စက်ဘီး၊ ဘော်လီဘော၊ Physical Fitness Dance နှင့် အေးရိုးဗစ်စသည့် အားကစားနည်း ၁၈ နည်းကို စုစုပေါင်းသင်တန်းသား ၁၈၆၅ ဦးတက်ရောက်ခဲ့ပါကြောင်း၊ လူငယ်လူရွယ် များအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိ အသုံးချတတစေရေး၊ အားကစားနည်း တစ်ရပ်ရပ် ကို အခြေခံမှစ၍ လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသည့် အားကစား သမားကောင်းများ၊ နိုင်ငံ့သားကောင်း/သမီးကောင်းများဖြစ်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးစသည့် မြင့်မားသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ချမှတ် ဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်ပညာရေးပေါင်းစပ်သည့် အဓိကအစီအမံတစ်ရပ်ကို ဖော်ဆောင် ခြင်းလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ထူးချွန်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရေးကို ရည်မှန်းပြီး သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသားလူငယ်မောင်မယ်များ အနေဖြင့်လည်း သင်တန်းကထိုက်သင့်သလောက် လေ့လာဆည်းပူးမိသည့် နည်းစနစ်၊ ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစားနည်းပညာရပ်များကို သင်တန်းပြီးဆုံးသွားသော်လည်း ဆက်လက် လေ့လာလိုက်စားကြရန်နှင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်ကိုယ်စားပြုအားကစားသမားများမှတဆင့် နိုင်ငံ့ ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင်ဆက်လက်ကြိုးစားသွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ပြေးခုန်ပစ်၊ အေးရိုးပစ်၊ ခရစ်ကတ်၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ကြက်တောင်၊ ရိုးရာလက်ဝှေ့၊ ဟော်ကီ၊ စက်ဘီးစသည့်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အသီးသီးတို့မှ ဆုချီးမြှင့်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် သင်တန်းသား/ သူများအား လိုက်လံ နှုတ်ဆက်ကြပြီး တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးကြ ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943