We have 277 guests and no members online

တောင်ကြီး ဒီဇင်ဘာ - ၂၄

332
ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်‌ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၀)ကို ဒီဇင်ဘာ(၂၄)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ Video Conferencing System ဖြင့် Zoom Meeting ပြုလုပ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်‌ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယနေ့အစည်းအဝေးသည် Covid ကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်သော Video Conferencing System (Zoom Meeting) ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသည် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ဆောင်ရွက် ခြင်းဖြစ်ပြီး ယခုအစိုးရသက်တမ်းကုန်ခါနီးမှာ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် မိမိတို့ဆောင်ရွက်ခဲ့သည့် သိမ်းဆည်းခံမြေ ပြန်လည်စိစစ်ရေး ကိစ္စရပ်များအတွက် မှတ်တမ်းတစ်ခုဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် သိမ်းဆည်းခံမြေယာ ပြဿနာ များကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ နောင်ဖြစ်ပေါ်လာမည့် အစိုးရအတွက် မြေသိမ်းဆည်းခံ အမှုများ ‌ဖြေရှင်းပေးခဲ့မှုနှင့် ဖြေရှင်းရန်ကျန်ကိစ္စများကို စနစ်တကျလွှဲပြောင်းဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားမှာ ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ကာလအတွင်းမှာ ပြီးနိုင်သမျှပြီးစီးအောင် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ပေးပို့လာသော မြေယာကိစ္စ တိုင်ကြားစာပေါင်း(၆၉၃)မှုရှိပြီး (၅၀၀)မှုကို ပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ပြီး စိစစ်ဆဲအမှု(၁၉၃)မှုကျန်ရှိကာ ပြီးစီးမှုရာခိုင်နှုန်းမှာ (၇၂.၁၅%) ဖြစ်ပါကြောင်း၊ ပြည်နယ်သို့ တိုက်ရိုက်တိုင်ကြားစာပေါင်း (၉၅၁)မှုရှိပြီး (၆၉၉)မှုကို ပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ကာ ပြီးစီးမှုရာခိုင်နှုန်းမှာ (၇၄%)စိစစ်ရန်ကျန်ရှိသည့် ဗဟိုအမှု(၁၉၃)မှု၊ ပြည်နယ်အမှု(၂၅၂)မှု၊ စုစုပေါင်း(၄၄၃)မှု ဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် အစိုးရသက်တမ်း ကာလအတွင်း (၉၀%)ကျော် ပြီးပြတ်အောင် ဗဟိုကော်မတီမှ နှိုးဆော်လျက်ရှိပြီး ခရိုင်မြေစစ် ကော်မတီများအနေဖြင့် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဗဟိုကော်မတီ၏မူဝါဒနှင့် လုပ်ငန်းစဉ်(၅၂)ချက်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြီးပြတ်အောင် အလေးထားစိစစ် ဖြေရှင်းဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ လယ်ယာမြေနှင့်အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီလက်ထက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များမှ စုစုပေါင်းပြန်လည်စွန့်လွှတ်သည့် အမှုကိစ္စပေါင်း(၁၆၈)မှု၊ မြေဧရိယာစုစုပေါင်း (၄၂၀၈၈.၁၀၃)ဧကရှိပြီး၊ မြေဧရိယာ (၄၀၅၉၈.၁၂၈)ဧကကို သက်ဆိုင်ရာလက်ဝယ်သို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည့်အတွက် ကျန်မြေဧရိယာ (၁၃၅၉.၅၂၅) ဧကဖြစ်ပါကြောင်း၊ ကျန်မြေများကို သက်ဆိုင်ရာသို့ အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင် ကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်‌ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဆန်းဝင်းက အမှုတစ်မှုချင်းအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ပြည်နယ်မြေစစ် ကော်မတီဝင်များ၊ ခရိုင်မြေစစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူးများက ဆွေးနွေးရန်ရှိသည်များကို ဆွေးနွေးတင်ပြကြ၍ အထွေထွေဆွေးနွေးတင်ပြကြကာ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်‌ရေး ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
၀၉-၂၅၀၁၃၂၉၄၃