ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် (၂၀၁၄-၂၀၁၅)ခုနှစ် မိုးစပါးရိတ်သိမ်းပွဲနှင့် တိန့်နန်းတံတားဖွင့်ပွဲ အင်းလေးကန်ထဲသို့ငါးမျိုးစိုက်ထည့်ပွဲ သို့တက်ရောက်

တောင်ကြီး     နိုဝင်ဘာ     ၁၂

743

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာ(၁၂)ရက် နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့နယ်၊ တိလော ကျေးရွာအုပ်စု၊   ကွင်းအမှတ်(၅)၊ ဦးပိုင်(၁၁)ရှိ       တောင်သူ  ဦးမဲ၏  လယ်ယာမြေ၌ (၂၀၁၄-၂၀၁၅)ခုနှစ် မိုးစပါးရိတ်သိမ်းပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။

   ပထမဦးစွာ ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းမှ ညောင်ရွှေမြို့နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ နှင့် (၂၀၁၄-၂၀၁၅)ခုနှစ် မိုးစပါးရိတ်သိမ်းပွဲ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်း တင်ပြရာ၊ (၂၀၁၄-၂၀၁၅)ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လယ်(၁၀၂၃၃)ဧက၊ ယာ(၆၀၇၈)ဧက၊ တောင်ယာ(၂၄၀)ဧက၊ စုစုပေါင်း(၁၆၅၅၁)ဧက လျာထားပြီး၊ လျာထားချက်များကို ပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လယ်စပါး(၁၀၂၃၃)ဧကတွင် ရွှေရင်အေး(၆၄၅၁)ဧက၊ ဆင်းရွှေဝါ(၁၁၀၆)ဧက၊ ရွှေဝါထွန်း(၁၁၈၉)ဧက၊ ပုလဲသွယ်(၁၄၈၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ရိတ်သိမ်းပွဲဆောင်ရွက်မည့် ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅)၊ ဦးပိုင်(၁၁)ရှိ တောင်သူ ဦးမဲ၏ ပုလဲသွယ် စံပြစိုက်ခင်း(၁၃.၉၄)ဧက၊ ရိတ်သိမ်းမည့်စပါးမျိုးများမှာ ဗီယက်နမ်ပုလဲသွယ်စပါးမျိုး နှင့် ပုလဲသွယ်ဘာစမာတီစပ်မျိုးစပါးများ ဖြစ်ပြီး၊ ဗီယက်နမ်ပုလဲသွယ်စပါးမျိုးမှာ တစ်ဧကတင်း (၁၈၀-၂၅၀)ထိ ထွက်ရှိပြီး၊ ပုလဲသွယ်ဘာစမာတီစပ်မျိုးစပါးမှာ တစ်ဧကတင်း(၈၀-၁၂၀)ထိ ထွက်၍ အရည်အသွေးမြှင့်စပါးမျိုးများဖြစ်ကြောင်း၊ ရိုးရိုးဘာစမာတီစပါးမျိုးမှာ တစ်ဧကတင်း (၄၀-၆၀)ထိသာ ထွက်ရှိကာ ပုလဲသွယ် ဘာစမာတီစပ်မျိုးမှာ ရိုးရိုးဘာစမာတီစပါးမျိုးထက် အထွက်နှုန်း (၂)ဆ ထွက်ရှိကြောင်းနှင့် တစ်ဧကတင်း(၈၀-၁၂၀)ထိ ထွက်ရှိမည့် အရည်အသွေးမြှင့် စပါးမျိုးဖြစ်ကြောင်း ရှင်းလင်းကြောင်းသိရှိရသည်။

744

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူတို့မှ လယ်ယာလုပ်ငန်းခွင် ကျွမ်းကျင်အဆင့် လုပ်သားစံပြမောင်မယ်များအား လက်ဆောက်ပစ္စည်းများပေးအပ်ပြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်းသိရသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့သည်၊ (၂၀၁၄-၂၀၁၅)ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများ၊ စပါးရိတ်သိမ်း ချွေလှေ့စက်ဖြင့် ရိတ်သိမ်းဆောင်ရွက်နေမှုများ၊ လယ်ယာသုံးစက်ကရိယာများဖြင့် ထွန်ယက်ပြသ နေမှုများတို့ကို လိုက်လံကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။

745

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး နှင့် တာဝန်ရှိသူတို့သည် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တိန့်နန်းတံတားဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိလာရာ ပထမဦးစွာ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစောမြင့်ထွန်းမှ တံတား တည်ဆောက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ဒေသခံပြည်သူတစ်ဦးဖြစ်သူ ဦးယောင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။

   ယင်းနောက် အထိမ်းအမှတ်အလံများကို ရှမ်းပြည်နယ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ နေရာ အရောက်ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီး၊ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ တံတားတည်ဆောက်ပေးသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က အသီးသီး လက်ခံရယူကြပြီး၊ တိန့်နန်းသံကူကွန်ကရစ်တံတားအား ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့ တာဝန်ရှိသူတို့သည် တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးကြ ကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းလေးကန်ထဲသို့ ငါးမျိုးစိုက် ထည့်ပွဲ ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ တာဝန်ရှိသူတို့သည် တက်ရောက်၍ ငါးဖိန်း(၃)သိန်း၊ ငါးမြစ်ချင်း(၁)သိန်း၊ ငါးခုံးမကြီး(၅)သောင်း၊ ရွှေဝါငါးကြင်း(၅)သောင်း၊ စုစုပေါင်း(၅)သိန်းတို့ကို လွှတ်ပေးကြပြီး၊ ကျန်ငါးမျိုးစိုက်များကို အင်းလေးကန်ရေပြင်ကျယ်တွင် ထပ်မံ၍ လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 96 guests and no members online

Latest Updates