ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်၊ ပုံမှန်အစည်းအဝေး (တတိယနေ့) ဆက်လက်ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၃

798

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဒီဇင်ဘာလ (၃)ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက် (၁၁၀)ဦး တက်ရောက်သည့်အတွက် (၇၉.၁၄%) တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် တတိယနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့အတွက် ခွင့်ပန်ကြားကြောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး အစည်းအဝေးဒုတိယနေ့က ခွင့်ပန်ကြားသူ (၂၅)ဦး၊ ယနေ့ခွင့်ပန်ကြားသူ(၄)ဦး၊ စုစုပေါင်း ခွင့်ပန်ကြားသူ (၂၉)ဦးအား ပြည်နယ်လွှတ်တော်မှ သဘောသူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း(၇)ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားကြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့အား နံနက်(၁ဝ:၄၅)နာရီတွင် ရပ်နားလိုက်ကြောင်းသိရှိရသည်။

                                                                                                                                                                     ပြည်နယ်/ ပြန်ဆက်

799