ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်၊ ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၄

801

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်၊ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ဒီဇင်ဘာလ(၄)ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၁၃၉)ဦးရှိသည့်အနက်(၁၁၃)ဦး တက်ရောက်သည့်အတွက်(၈၁.၂၉%) တက်ရောက် သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း(၆)ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားကြပါသည်။

   ထို့နောက် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေ၏(၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ရသုံးမှန်းခြေငွေစာရင်းနှင့် (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းခြင်း မရှိသဖြင့် ယင်းဥပဒေကြမ်းအား အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေ၏ (၂၀၁၅-၂၀၁၆)ခု ဘဏ္ဍာရေးနှစ် မူလ ရသုံးခန့်မှန်း ခြေငွေစာရင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့က ဆွေးနွေး ပါသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသည့်အတွက် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌက ပထမအကြိမ် ရှမ်းပြည်နယ် လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့အား နေ့လည်(၁၂:၀၅)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းနှင့် အဆိုပါ ပထမ အကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့သို့ ရှမ်းပြည်နယ် (တောင်ပိုင်း) သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းဆွေးနွေးပွဲမှ ဒေါ်မြဝန်းရံ ဦးဆောင်သော သတင်းမီဒီယာအဖွဲ့(၂၀)ဦးတို့ တက်ရောက်လေ့လာကြောင်း သိရှိရသည်။

                                                                                                                                                                            ပြည်နယ် ပြန်/ဆက်