×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး မေ - ၁၆

nameless
၂၀၂၁ခုနှစ်၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေ(၁၆)ရက် မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ပြည်နယ် အားကစားကွင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယခင်နှစ်တွင် မြို့နယ်အလိုက်၊ ခရိုင်အလိုက် ပြိုင်ပွဲများသာ ကျင်းပခဲ့သော်လည်း ပြည်နယ်တွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေရေး၊ အားကစားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်နယ်ကိုယ်စားပြု ထူးချွန်အားကစားသမားများ ပိုမိုရှာဖွေရရှိနိုင်ရေးတို့ကို ရည်ရွယ်ပြီး ယခုနှစ်ကစ၍ `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုးကန့်၊ ပအိုဝ်း၊ ဓနု၊ ပလောင် အစရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါ ခရိုင် အလိုက် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားထားပြီး ကိုးကန်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် လတ်တလော COVID-19 ရောဂါ အခြေအနေကြောင့်ပါဝင်ယှဉ် ပြိုင်နိုင်ခြင်း မရှိသော်လည်း ကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများပါဝင် လာသည်ကို တွေ့ရသည့်အတွက် များစွာဂုဏ်ယူမိပြီး အနာဂါတ် ရှမ်းပြည်နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားတက် ကျေနပ်မိပါကြောင်း၊ ယခုယှဉ်ပြိုင်ကစားကြမည့် ဘောလုံးပြိုင်ပွဲတွင် အားကစားသမားများ အနေဖြင့် အားကစား စိတ်ဓါတ်ကို အရင်းခံပြီး ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို နာခံကြကာ ပြိုင်ပွဲကြီးကြပ်မည့် ဒိုင်လူကြီးများ အနေဖြင့် ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာ တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်ပေး ကြရန်၊ သတ်မှတ်ထားသော ဥပဒေဘောင်စည်းမျဉ်းများအရ သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားသွားကြရန်နှင့် ခရိုင်အဆင့်မှ ပြည်နယ်၊ ပြည်နယ်အဆင့်မှ နိုင်ငံ့လက်ရွေးစင်အဖြစ် တက်လှမ်းနိုင်ရေး ရည်မှန်းချက်ထားပြီး အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားသွားကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် ပြိုင်ပွဲပထမနေ့ပွဲစဉ်အဖြစ် လားရှိုးခရိုင် အသင်းနှင့် မူဆယ်ခရိုင်အသင်းယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ကြည့်ရှုအားပေးကြသည်။
အဆိုပါ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ခရိုင်အလိုက်အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊ မူဆယ်ခရိုင်၊ မိုးမိတ်ခရိုင်၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပအိုဝ်း/ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအသင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို မေ (၁၆)ရက် မှ (၃၀)ရက်ထိနှင့် (၁)ရက်ကို (၂)ပွဲနှုန်းဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ