ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၄) ပထမနေ့ ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၁၈

816

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၄) ပထမနေ့ကို ဒီဇင်ဘာလ (၁၈)ရက် နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆို၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ကတိသစ္စာမပြုရသေးသော တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ပါသည်။

   ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက်(၁၁၉)ဦး တက်ရောက်သည့်အတွက် (၈၅.၆၁%) တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂၀)ဦးတို့အတွက် ခွင့်ပန်ကြားကြောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်သို့ ရှင်းလင်းပြောကြားရာ ပြည်နယ်လွှတ်တော် ဥက္ကဌက ပြည်နယ်ဝန်ကြီးချုပ်၏ ရှင်းလင်းပြောကြားချက်အား လွှတ်တော်မှ မှတ်တမ်း တင်ကြောင်း ကြေညာပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၄-၁၂-၂၀၁၄)တွင် အတည်ပြုပြီးဖြစ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက်အား ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က လွှတ်တော်သို့ ပြန်လည်တင်ပြပါသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၄) ပထမနေ့အား နံနက်(၁၁:၂၀)နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                       ပြည်နယ်ပြန်/ ဆက်