ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဖလားအခြေခံကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၁၇

817

   ၂၀၁၄- ၂၀၁၅ ပညာသင်နှစ် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးဖလား အခြေခံကျောင်းပေါင်းစုံ အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၁၇)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပကြောင်းသိရသည်။

   ပထမဦးစွာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် တောင်ကြီးမြို့နယ် အခြေခံကျောင်းပေါင်းစုံ အသင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အခြေခံကျောင်းပေါင်းစုံအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ်(၉၀)အချိန်ပြည့်နှင့် အချိန်ပိုကစားသော်လည်း တစ်ဘက်(၂)ဂိုးစီ သရေကျနေ၍ Panalty ဖြင့်၊ ဆုံးဖြတ်ရာ တောင်ကြီးမြို့နယ် အသင်းက (၆)ဂိုး (၄)ဂိုးဖြင့်၊ အနိုင်ရဗိုလ်စွဲ သွားကြောင်းသိရသည်။

   ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် အလှူငွေလှူဒါန်းပေးသည့် ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူ ဦးကံထွန်းမှ ပေးအပ်၍ လည်းကောင်း၊ နေရာအလိုက်အကောင်းဆုံးကစားသမားဆု၊ ဂိုးသမားဆု၊ နောက်တန်းဆု၊ အလယ်တန်းဆု၊ ရှေ့တန်းဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မြင့်မှ ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ပေး ၍ လည်းကောင်း၊ တတိယဆုရရှိသော ညောင်ရွှေမြို့နယ် အခြေခံကျောင်းပေါင်းစုံဘောလုံးအသင်းအား၊ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဒေါ်မူမူမြင့်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ်(၂) သိန်းချီးမြှင့်ပေး၍ လည်းကောင်း၊ ဒုတိယဆုရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေခံကျောင်း ပေါင်းစုံ ဘောလုံးအသင်းအား ပြည်နယ်ပညာရေးဒုတိယညွှန်ကြားရေးမှူး၊ ဆရာကြီး ဦးသန်းထွန်းဟန်မှ တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားကျပ်(၃)သိန်းနှင့် ဆင့်ပွားဒိုင်းဆုများချီးမြှင့်ပေး၍ လည်းကောင်း၊ ပထမဆုရ ရှိသော တောင်ကြီးမြို့နယ် ခြေခံကျောင်းပေါင်းစုံ ဘောလုံးအသင်းအား၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး၊ ဦးချစ်ဆွေမှ တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်(၅)သိန်းနှင့် ဒိုင်းဆုများကို ချီးမြှင့်ပေးအပ်ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမား များ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                                မောင်မောင်သန်း(တောင်ကြီး)