We have 162 guests and no members online

တောင်ကြီး ဒီဇင်ဘာ  -   ၁၄

new 832

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ(၁၃)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ရှောင်လမ်းဖြစ်သည့် ရွှေညောင်-ထီရီ(မွေးမြူရေးဇုန်)-လင်ကွင်း-ညိုမီး (၄)မိုင် ကွေ့လမ်း (မြို့ရှောင်လမ်း) (မိုင်၀/၀-၁၇/၄) တည်ဆောက်ခြင်းစီမံကိန်းအား ကွင်းဆင်းကြည့်ရှုရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းကြကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လင်ကွင်းကျေးရွာ ရှင်းလင်း ဆောင်သို့ ရောက်ရှိလာပြီး ရှင်းလင်းဆောင်ခန်းမတွင် မြို့ရှောင်လမ်း ဆောက်လုပ်နေမှုတို့ကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ရှင်းလင်းပြီး လမ်းခင်းနေမှုအား လှည့်လည်ကြည့်ရှုကြပြီး အဝိုင်းပတ်(၅)လမ်း ဆုံဖြစ်သည့် ဖရဲ၊ ဆင်တောင်၊ ကံကြီး၊ ညိုမီး၊ ရွှေညောင်လမ်း ဖောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

အဆိုပါ တောင်ကြီးမြို့ရှောင်လမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြေသားလမ်းမိုင် (၁၇/၄) ရန်ပုံငွေကျပ် သန်း(၃၃၈.၆၂) တံတားလုပ်ငန်းတွင် Box Culvert ပေ(၅၀) ရန်ပုံငွေကျပ်သန်း (၆၆.၅၉၉) ရန်ပုံငွေစုစုပေါင်းကျပ်သန်း (၄၀၅.၂၁၉)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာမိုင်(၅/၀)မိုင် လမ်းအနိမ့်အမြင့် ဖြေညှိခြင်း(၂/၀) ရန်ပုံငွေ ကျပ်သန်း (၉၇၇.၈၉) ဘေလီတံတား(၂၃၀)ပေ ရန်ပုံငွေကျပ်သန်း (၁၃၁.၇၅၅) ရန်ပုံငွေစုစုပေါင်း ကျပ်သန်း (၁၁၀၉.၆၄၅)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာမိုင်(၉/၀) ရန်ပုံငွေကျပ်သန်း(၁၇၉၆.၀၀)၊ ရန်ပုံငွေစုစုပေါင်း ကျပ်သန်း (၁၇၉၆.၀၀၀)နှင့် စုစုပေါင်းကတ္တရာမိုင်(၁၄/၀) မြေသားလမ်းမိုင်(၁၇/၄) လမ်းအနိမ့်အမြင့် ဖြေညှိခြင်း (၂/၀)မိုင် ရန်ပုံငွေကျပ်သန်း (၃၁၁၂.၅၁)၊ ဘေလီတံတားပေ(၂၃၀) Box Culvert ပေ(၅၀) ရန်ပုံငွေကျပ်သန်း (၁၉၈.၃၅၄) ရန်ပုံငွေစုစုပေါင်းကျပ်သန်း (၃၃၁၀.၈၆၄)ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် တောင်ကြီးမြို့နယ် တောင်လေးလုံး၌ စည်ပင်သာယာ မှတာဝန်ယူဆောင်ရွက်နေသော ကွန်ကရစ်ကတ္တရာ ထုတ်လုပ်မည့်စက်အား သွားရောက်ကြည့်ရှုရာ တောင်ကြီး မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးနေလင်းမှ ရှင်းလင်းကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

အောင်ပန်း ဒီဇင်ဘာ   -   ၁၁

new 831

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးနှင့် တာဝန်ရှိသူများသည် မွန်းလွဲ(၁)နာရီက ကလောမြို့နယ် အောင်ပန်း စိုက်ပျိုးရေး သုတေသနခြံသို့ သွားရောက်ကွင်းဆင်းကြည့်ရှုရာ အောင်ပန်းစိုက်ပျိုးရေး ခြံမန်နေဂျာ ဒေါက်တာဝင်းဝင်းနွယ်မှ ခြံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးက အာလူးစိုက်ပျိုးမှုနှင့် ပတ်သက်၍ ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အာလူးပိုးမွှားသန့်စင်ဓါတ်ခွဲခန်းနှင့် အာလူးစိုက်ပျိုးထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် အင်းပြင် ကျေးရွာ၊ လွယ်အံကျေးရွာအုပ်စု၊ ရွှေစာစီခန်းမတွင် ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းမှ ကျေးလက်နေပြည်သူများ ကိုယ်တိုင်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်း (၂၀၂၀-၂၀၂၁) နှင့်ပတ်သက်၍ ရှင်းလင်းကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

တောင်ကြီး ဒီဇင်ဘာ   -   ၁၁

new 829

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် တောင်လေးလုံး ကျေးရွာအုပ်စု၊ တောင်လေးလုံး အကျဥ်းထောင်ရှိ အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက် လုပ်အားရှင်များအား ဒီဇင်ဘာ(၁၁)ရက် နံနက်(၁၀)နာရီက အဆိုပါ အကျဥ်းထောင်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်းရှိ အကျဥ်းထောင်၊ အချုပ်ထောင်၊ အချုပ်စခန်းများရှိ ပြစ်ဒဏ်ကျခံနေရသူများ၏ မိသားစုဝင်များနှင့် COVID-19 ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာမှုအခက်အခဲများကြောင့် အကျဥ်းကျခံနေ သော အကျဥ်းသား၊ အကျဥ်းသူများထံသို့ စားနပ်ရိက္ခာ သော်လည်းကောင်း၊ အသုံးအဆောင်ပစ္စည်း သော်လည်းကောင်း လာရောက်ထောက်ပံ့ ပေးအပ်နိုင်ရေး အခက်အခဲရှိသည့် အချိန်ကာလတွင် မွန်းကြပ်မှုတွေ ပြေလျော့သွားစေရန် လာရောက် တွေ့ဆုံအားပေးရင်း တောင်လေးလုံး အကျဥ်းထောင်ရှိ အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက် လုပ်အားရှင် များသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယခုလို စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ တောင်လေးလုံး အကျဥ်းထောင်ရှိ အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူ ၊ရဲဘက်လုပ်အားရှင်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော စားနပ်ရိက္ခာများသည် တစ်ဦးတစ်ယောက်ချင်းစီအတွက် တန်ဖိုးများပြားမှုမရှိသော်လည်း အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက်လုပ်အားရှင်များသည် ပြည်သူများသာ ဖြစ်သောကြောင့် အစိုးရမှ ပြည်သူများကို အထောက်အပံ့တစ်ခုအနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ယနေ့ထောက်ပံ့မှုအနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက်လုပ်အားရှင် ဦးရေစုစုပေါင်း (၁၂၇၉၁)ဦး အတွက် တန်ဖိုးငွေမှာ (၂၅၅)သိန်းကျော်ဖြစ်ကြောင်း ပြောကြားလိုကြောင်း၊ အလားတူCOVID-19 ကာလအတွင်း ရှမ်းပြည်နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်သိန်းတစ်သောင်းကျော်အား အခြေခံစားကုန်အမယ်(၅)မျိုး ထောက်ပံ့ပေးနိုင်ခဲ့ပြီး ငွေကြေးထောက်ပံ့မှုအနေဖြင့် တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း တစ်သိန်း ခုနှစ်သောင်းကျော်ကို ယနေ့အချိန်အထိ စုစုပေါင်း(၄)ကြိမ် ထောက်ပံ့ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ COVID-19 ရောဂါနှင့် စပ်လျဥ်း ပြီးကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အကျဥ်းထောင်မှ ချမှတ်ထားသော စည်းမျဥ်း စည်းကမ်းများကို တစ်ဦးတစ်ယောက်ချင်းစီအလိုက် တစ်သွေမသိမ်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ပြစ်ဒဏ်အသီးသီးမှ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ညောင်ရွှေအကျဥ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်မှ Power Point ဖြင့်ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ များက အကျဥ်းထောင်၊ အချုပ်ထောင်နှင့် အလုပ်စခန်းများအတွက် စားနပ်ရိက္ခာနှင့် ကလေးသူငယ်များအတွက် ပုံဆွဲစာအုပ်၊ သုတရသစာအုပ်များ ပေးအပ်ရာ ညောင်ရွှေအကျဥ်းထောင် တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်မှ လက်ခံရယူ ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

တောင်ကြီး ဒီဇင်ဘာ   -   ၁၁

new 830

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ(၁၁)ရက် နံနက်(၉)နာရီခွဲက တောင်ကြီး မြို့နယ် တောင်လေးလုံး (ခေါင်တိုင်လမ်းခွဲ)၌ ဖွင့်လှစ်ထားသော Covid-19 ရောဂါကာကွယ် တားဆီးရေးဂိတ်တွင် တာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများအား ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ ကြက်ဥနှင့် ထောက်ပံ့ငွေကျပ် (၁၀)သိန်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဟဲဟိုးအင်းခေါင်ဆည်၌ ငါးကြင်း ရွှေဝါ (၁)သိန်း၊ ငါးခုံးမ(၂၅၀၀၀)၊ ငါးမြစ်ချင်း(၂၅၀၀၀)၊ စုစုပေါင်း(၁၅၀၀၀၀) ငါးမျိုးစိုက်ထည့်ပေးကြသည်။

ထို့နောက် ဟဲဟိုးအင်းခေါင်ဆည်အနီး စိုက်ပျိုးရေး သုတေသနခြံတွင် ကြက်သွန်ဖြူများ စက်ဖြင့် စိုက်ပျိုးသရုပ်ပြသ နေမှုနှင့် ဂေါ်ဖီထုတ်၊ အာလူး စမ်းသပ်ဖြစ်ထွန်း အောင်မြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် ခြံတာဝန်ခံများက ရှင်းလင်းကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

တောင်ကြီး ဒီဇင်ဘာ   -   ၄

new 828

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် တန့်ယန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ(၄)ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်၏ ရုံးခန်းမ၌ Video Conferencing စနစ် Online meeting ဖြင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် တန့်ယန်းမြို့နယ်ကို ထပ်မံရွေးချယ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း အကောင်အထည်ဖော်နိုင်ရန်အတွက် စီမံကိန်းအကြောင်း မိတ်ဆက်ဆွေးနွေးကြမည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်အားဖြည့်ပေး သည့်အနေဖြင့် ၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ်မှစတင်ပြီး ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေ၊ ချေးငွေ၊ အီတလီအစိုးရမှ အတိုးမဲ့နှစ်ရှည် ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ငွေများဖြင့် မြန်မာနိုင်ငံတွင် လူထုဗဟိုပြုစီမံကိန်း (Community Driven Development- CDD Project)ကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ပေါင်း(၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ စီမံကိန်း၏အောင်မြင် အကျိုးဖြစ်ထွန်းမှုများကြောင့် ယခုစီမံကိန်း သတ္တမနှစ်စက်ဝန်းတွင် မြန်မာနိုင်ငံ အတွင်း မြို့နယ်ပေါင်း(၁၃)မြို့နယ် တိုးချဲ့ဆောင်ရွက်ရန် လျာထားသည့်နေရာတွင် ရှမ်းပြည်နယ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် တန့်ယန်းမြို့နယ်ကို ထပ်မံတိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းကို နမ့်ဆန်မြို့နယ်တွင် ၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ်ကစတင်ပြီး ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ စီမံကိန်းလုပ်ငန်းခွဲပေါင်း(၄၆၁)ခုကိုလည်းကောင်း၊ ဆီဆိုင်မြို့နယ်မှာ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အထိ (၄)နှစ်အတွင်း လုပ်ငန်းခွဲပေါင်း(၇၂၃)ခုကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်များ တွင် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် တတိယစက်ဝန်းအထိ လုပ်ငန်းခွဲပေါင်း(၄၂၁)ခုကို လည်းကောင်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် လမ်း၊ တံတား၊ ရေ၊ မီး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံအဆောက်အဦ စီမံကိန်း လုပ်ငန်းခွဲစုစုပေါင်း(၁၆၀၅)ခုအား စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် စုစုပေါင်း(၁၄၄၈၆.၂၅)သန်း၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ ငွေကျပ် စုစုပေါင်း(၁၁၅၁.၁၅)သန်း၊ စုစုပေါင်း ငွေကျပ်(၁၅၆၃၇.၄)သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါ မြို့နယ်(၅)မြို့နယ်ရှိ ကျေးရွာအုပ်စု(၇၅)အုပ်စု၊ ကျေးရွာပေါင်း(၇၅၂)ရွာ၊ လူဦးရေ(၃)သိန်းကျော်ခန့်ဟာ စီမံကိန်းရဲ့ အသီးအပွင့်တွေကို ခံစားနိုင်ပြီ ဖြစ်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်မှ အမှာစကားပြောကြားပြီး ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်မှ မိတ်ဆက်စကားပြောကြားခြင်း၊ စီမံကိန်းအကြောင်းရှင်းလင်းခြင်းနှင့် အမေးအဖြေများပြုလုပ် ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

နောက်ထပ်သတင်းများဖတ်မည်