We have 116 guests and no members online

Feature

တောင်ကြီး နိုဝင်ဘာ     -   ၁၉

new 359

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တောင်ကြီး - ဟိုပုံးသွား ပြည်ထောင်စု လမ်းမကြီးဘေးရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၁၉ ရက်‌၊ နံနက် ၉ နာရီက အဆိုပါရုံး၌ ကျင်းပသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဆိုင်းဘုတ်အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်၊ ပြည်နယ် ဥပဒေချုပ် ဦးတင်ဦးတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးစိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဖွင့်ပွဲ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဂတိလိုက်စားမှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေခြင်း၊ သဘာဝသယံဇာတပစ္စည်းများ မှားယွင်းသည့် စီမံခန့်ခွဲမှုကို ဖြစ်ပေါ်စေခြင်း၊ ဆင်းရဲမှုကို တာရှည်စေခြင်း၊ လူတန်းစား မညီမျှမှုဖြစ်ပေါ်စေခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော အုပ်ချုပ်မှုနှင့်စီးပွားရေး ပတ်ဝန်းကျင်ဖြစ်ပေါ်စေခြင်း၊ ဒုစရိုက်မှုများ ဖြစ်ပေါ်စေခြင်းဖြင့် ပြည်သူများအတွက် လုံခြုံမှုမရှိသည့် လူ့အဖွဲ့အစည်း တရပ်ဖြစ်ပေါ်စေခြင်း စသည့်ဆိုးကျိုးများရရှိစေပါကြောင်း၊ နိုင်ငံတော်သည် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ပါတီစုံ ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်စေရေး ဦးတည်ဆောင်ရွက်လျက်ရှိရာ အဟန့်အတားသဖွယ် ဖြစ်ပေါ်နေသည့် အဂတိလိုက်စား မှုများ လျော့နည်းကျဆင်းစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို ထိရောက်စွာထိန်းချုပ်တားဆီးနိုင်ရန်နှင့် လျှော့ချနိုင်ရေးအတွက် ကော်မရှင်တခုတည်း အကောင်အထည်ဖော် ဆောင်ရွက်၍မရပဲ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်သူများမှလည်း ပူးပေါင်းဆောင်ရွက်ကြမှသာ အဂတိလိုက်စားမှုအဆင့် သိသာစွာ လျှော့ကျလာမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသည့် တိုင်ကြားစာစုစုပေါင်း ၂၉၉ စောင်ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် သက်ဆိုင်ခြင်းမရှိသည့် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ မြေယာကိစ္စ၊ တရားစီရင်ရေးတို့နှင့် သက်ဆိုင်သော တိုင်ကြားစာများအား လိုအပ်သလိုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့သို့ ပြန်လည်လွှဲပြောင်းသည့် တိုင်ကြားစာ ၁၂ စောင် ပေးအပ်ခဲ့ကြောင်းကို ကော်မရှင်နှစ်ပတ်လည်အစီရင်ခံစာအရ သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်တွင် တတိယရုံးခွဲကို လာရောက်ဖွင့်လှစ်ခြင်း အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့ အကျိုးစီးပွား အတွက် ကော်မရှင်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်က အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရာ စုံစမ်းစစ်ဆေးအရေးယူရေးနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌမှ အဂတိလိုက်စားမှုများရှိပါက လုံးဝသည်းခံခွင့်မလွှတ်ရန် (Zero Tolerance)ဟု မူဝါဒချမှတ်လမ်းညွှန်မှာြကားထားပါကြောင်း၊ လက်ရှိကော်မရှင်၏ သက်တမ်း(၃)နှစ်တာကာလ အတွင်း စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူနိုင်မှုအခြေအနေမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကော်မရှင်သို့ ပေးပို့လာသည့် တိုင်ကြားစာပေါင်း (၂၅၃၁၄)စောင်တွင် ကော်မရှင်က (၂၀၂)စောင်အားစုံစမ်းစစ်ဆေးရန်

ဆုံးဖြတ်ခဲ့ပြီး စုံစမ်းစစ်ဆေးပေါ်ပေါက်သည့် တိုင်ကြားစာ (၇၁)စောင်ရှိရာ လူပုဂ္ဂိုလ်ပေါင်း (၁၅၆)ဦးအား ကော်မရှင် ဥပဒေအရ အရေးယူသွားနိုင်ရန် အမှုပေါင်း(၁၇၀)မှုကို တရားစွဲတင်ပို့ထားပြီးဖြစ်ပါကြောင်း၊ တရားစွဲဆို ခံထားရသူများ တွင် လုပ်ပိုင်ခွင့်အာဏာရှိသူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့်မှ ပြည်နယ်ဝန်ကြီးချုပ်အဆင့်ထိ ပါဝင်သည်ကို အများပြည်သူတို့သိရှိပြီး ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (တောင်ကြီး) ရုံးခွဲမှာ တတိယမြောက်ရုံးခွဲအဖြစ် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ စတုတ္ထမြောက်ရုံးခွဲအဖြစ် မော်လမြိုင်ရုံးခွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တောင်ကြီးရုံးခွဲဖွင့်လှစ်နိုင်သဖြင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ ကို ပိုမိုလျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းနှင့် အဆိုပါဒေသများရှိ အဂတိတိုက်ဖျက်ရေးလုပ်ငန်းများ လျှင်မြန်စွာဆောင်ရွက်နိုင်ရန် တိုင်ကြားစာများကိုလည်း တောင်ကြီးရုံးခွဲသို့ စတင်ပေးပို့နိုင်ပါကြောင်း၊ ပြည်သူလူထု အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို လာရောက်ဆွေးနွေးနိုင်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ အဆောက်အဦအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးစိုင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းမော်ကွန်းအား ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမွှေးနံ့သာရည်ပက်ဖျန်းပေးကြပြီး အဆောက်အဦအား လှည့်လည်ကြည့်ရှုကြ ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

Feature

တောင်ကြီး အောက်တိုဘာ-၁၄

new 14


ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခြင်းခံရမှုများပြန် လည်စိစစ်ရေးကော်မတီ၏Video Conferencing System ဖြင့်ပြု လုပ်သည့်(zoom Meeting)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဥ်(၅/၂၀၂၀ကို အောက်တိုဘာ(၁၄)ရက်နံနက် (၁၀)နာရီကတောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည် နယ်တွင်ယခုလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန် လည်စိစစ်ရေးဗဟိုကော်မတီမှပေးပို့ လာသောမြေယာကိစ္စတိုင်ကြားစာပေါင်း(၆၉၃)မှုရှိပြီး၊ (၄၇၄)မှုကိုပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ပြီးစိစစ်ဆဲအမှု(၂၁၉)မှု ကျန်ရှိကာပြီးစီးမှုရာခိုင်နှုန်းမှာ (၆၈.၄၀%)ဖြစ်ပါကြောင်း၊ ပြည်နယ်သို့တိုက်ရိုက်တိုင်ကြားစာပေါင်း(၆၃၄)မှုရှိပြီး၊ (၄၁၆)မှုကိုပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ပြီး ၊ပြီးစီးမှုရာခိုင်နှုန်းမှာ(၆၆ %) ဖြစ်ပါကြောင်းနှင့်စိစစ်ရန်ကျန်ရှိသည့်ဗဟိုအမှု(၂၁၉)မှု၊ ပြည်နယ်အမှု(၂၁၈)မှု၊ စုစုပေါင်း(၄၃၇)မှု အားလုံးကို၂၀၂၀ ပြည့်နှစ် တွင်(၉၀%)ကျော် ပြီးပြတ်ရေးဗဟိုကောမတီမှနှိုးဆော်လျက်ရှိပြီး၊ ခရိုင်မြေ/စစ်ကော်မတီများအနေဖြင့်သတ်မှတ် ကာလ အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း ဗဟိုကော်မတီ၏မူဝါဒနှင့်လုပ်ငန်းစဥ်(၅၂)ချက်၊ ညွှန်ကြားချက် များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြီးပြတ်အောင်အလေးထားစိစစ်ဖြေ ရှင်းဆောင်ရွက်ရန်နှင့် ယခုလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီလက်ထက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့ အစည်းများမှ စုစုပေါင်းပြန်လည်စွန့်လွှတ်သည့် အမှုကိစ္စပေါင်း(၁၆၆)မှု၊ မြေဧရိယာစုစုပေါင်း(၄၂၀၄၅.၁၃၀)ဧကရှိပြီး၊ မြေ ဧရိယာ (၄၀၅၈၈.၃၈၅)ဧကကိုသက်ဆိုင်ရာလက်ဝယ်သို့လွှဲပြောင်းပေးအပ်နိုင် ခဲ့ပြီးဖြစ်သည့်အတွက်ကျန်မြေဧရိယာမှာ (၁၄၅၆.၇၄၅)ဧကဖြစ်ပြီး၊ ကျန်မြေများကိုသက်ဆိုင်ရာသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်ရန်ပြောကြားသွားသည်။

ဆက်လက်၍ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့််စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဆန်းဝင်းမှ အမှုတစ်မှုချင်း အလိုက်ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့်ခရိုင်မြေ/စစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက်အတွင်း ရေးမှူးများက ဆွေးနွေး တင်ပြကြကာ အထွေထွေဆွေးနွေးကြကြောင်းသိရသည်။

ထို့နောက်ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည် နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကနိဂုံးချုပ်အမှာစကားပြောကြားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

Feature

တောင်ကြီး  အောက်တိုဘာ  -  ၁၂

new 15

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံး၊ ခရိုင်/မြို့နယ် စာရင်းစစ်ရုံးများမှ အလှူငွေကျပ်(၁၀)သိန်းကို ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုးဟိန်းမှ ပေးအပ်လှူဒါန်း၍လည်းကောင်း၊ Kyaukse Silk Co.,Ltd ၊ Myanmar Silk Co.,Ltd တို့မှ Medical Masks (၄၈၀၀၀)ခု၊ Face Shield (၃၀၀၀)ခု၊ Hand Gel (၈)ဖာ (၃၂၀)ဗူးတို့ကို လှူဒါန်းပေးကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

နောက်ထပ်သတင်းများဖတ်မည်