Articles

(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ နှင့် ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၃၁ 

30

၂၀၂၀ပြည့်နှစ် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညိှနှိုင်းအစည်းအဝေး (၂/၂၀၂၀) ကို ဇန်နဝါရီ (၃၁)ရက် မွန်းလွဲ (၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့အစည်းအဝေးသည် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် တစ်ပေါင်းတည်းအစည်းအဝေးပြုလုပ်ရခြင်းဖြစ် ကြောင်း၊ အစည်းအဝေးကို ကော်မတီအသီးသီးမှ ကြိုတင်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးအဆုံးသတ် တွင်လည်း ကော်မတီများအလိုက်ပါဝင်ဆွေးနွေးပေးကြရန်၊ အထူးမှာကြားလိုသည်မှာ ကျန်းမာရေးနှင့်ပတ်သက်၍ ကိုရိုနာ ဗိုင်းရပ်စ်အကြောင်းကို အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးရန်ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်နေ့လုပ်ငန်းကော်မတီများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ပြခန်းများခင်းကျင်း ပြသရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး ပို့ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ညစာစားပွဲနှင့်ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေး လုပ်ငန်းကော်မတီ အသီးသီးတို့မှ ဆွေးနွေးခြင်းနှင့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့လုပ်ငန်း ကော်မတီများမှဆွေးနွေး တင်ပြကြပြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြ၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန် ကြီးများလားရှိုး မြို့ဒေသခံပြည်သူ များနှင့်တွေ့ဆုံ

လားရှိုး ဇန်နဝါရီ - ၃၁

29

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီ (၂၉)ရက် မွန်းလွဲ(၁)နာရီက လားရှိုးမြို့၊ မြို့တော်ခန်းမ၌ဒေသခံပြည်သူများတွေ့ဆုံကာ Mobile Service Delivery ဖြင့်ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကဒ်၊ ပုံစံ(၆၆/၆)အိမ်ထောင်စုစာရင်း၊ ယာဉ်မောင်းလိုင်စင်များ၊ မြစိမ်းရောင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့်ဆောင်ရွက်မည့် ကျေးရွာများသို့ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့တာဝန်ထမ်းဆောင်လာခဲ့သည်မှာ ယခုဆိုရင် (၃)နှစ်တာကျော်လွန်လာခဲ့ပြီး၊ တာဝန်ထမ်းဆောင်ခဲ့သည့်ကာလတွင် ရှမ်းပြည်နယ်လားရှိုးခရိုင်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြောကြားလိုပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအနေဖြင့် လားရှိုး ခရိုင်အတွင်းနေထိုင်ကြသော ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဘက်စုံတိုးတက်ရေးတို့ကို ရည်မှန်းချက်ထားပြီး လုပ်ငန်းများအကောင်ထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် အစိုးရအဖွဲ့တာဝန်ယူခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကာလအတွင်း လားရှိုးခရိုင်အတွင်းရှိ မြို့နယ် အသီးသီးမှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်း ဦးစီးဌာနတို့က ကတ္တရာလမ်း(၅၃၅/၂)မိုင်၊ ကွန်ကရစ်လမ်း(၁)မိုင်၊ ကျောက်လမ်း(၄၉/၅)မိုင်၊ အမာခံမြေသားလမ်း(၂၃၁/၄)မိုင်၊ Box Culvert (၁၂၉)စင်း၊ ကွန်ကရစ်တံတား(၁၀၆)စင်း၊ ကွန်ကရစ်ရေပြွန်(၁၇)ခု တည်ဆောက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် လမ်းတံတားပိုမိုအဆင့်မြှင့်တင်ရန် ပုဂ္ဂလိက ကုမ္ပဏီများဖြင့် BOTစနစ်ဖြင့်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လားရှိုးခရိုင်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမှု ကောင်းမွန်စေရေးအတွက် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေမှ ငွေကျပ် ၄၆၅၅.၅၃၈ သန်းဖြင့် ၆၆ကေဗွီ ဓါတ်အားလိုင်း (၂၃.၉၃)မိုင်၊ ၆၆/၂၂ ကေဗွီ ၂၀ အမ်ဗွီအေ ခွဲရုံ(၁)ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ငွေကျပ် ၁၀၀၄၄.၂၅ သန်းဖြင့် ၃၃ ကေဗွီဓါတ်အားလိုင်း(၁)မိုင် ၁၁ ကေဗွီဓါတ်အားလိုင်း ၁၁၇ မိုင်၊ ၄၀၀ ဗို့အားလိုင်း ၁၁၁ မိုင် တည်ဆောက်ခြင်းနှင့် ထရန်စဖော်မာ ၁၁၇ လုံး တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက် ပေးခဲ့ရာ မြို့ပေါ်ကျေးလက် အိမ်ထောင်စုပေါင်း(၃၁၃၂၂)စု လျှပ်စစ်ဓါတ်အား တိုးတက်ရရှိသုံးစွဲနိုင်ခဲ့ပြီး ကျေးရွာ (၁၃၄)ရွာကို လျှပ်စစ်ဓါတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း လားရှိုးခရိုင်အတွင်း လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်း (၁၂၇)ခု၊ လျှပ်စစ်ဓါတ်အား တိုးချဲ့ဖြန့်ဖြူးရေးလုပ်ငန်း(၂၂)ခု၊ ရေရရှိရေးလုပ်ငန်း(၃၇)ခု၊ ပညာရေး အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း(၅၃)ခု၊ ကျန်းမာရေးအဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း(၁၃)ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် လုပ်ငန်း(၉)ခု၊ စုစုပေါင်း (၂၄၈)ခု ဆောင်ရွက်ရန်အတွက် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ဘီလီယံပေါင်း (၁၇.၀၆)ကျော် ခွဲဝေချထားပေးပြီးဖြစ်ပါကြောင်း၊ အချို့စီမံကိန်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ပြီး ကျန်လုပ်ငန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ တက်ရောက်လာသူများမှ ဒေသ၏လိုအပ်ချက်များဖြစ်သော မီးသတ်ကား၊ လမ်း၊ စက်ရေတွင်း၊ မြေကာနံရံ၊ ရေစုကန်၊ လမ်းမီးများ၊ ထရန်စဖော်မာ၊ အစည်းအဝေးခန်းမဆောင်(၁)ဆောင်၊ ၄၄၀ ဗို့ဓါတ်အားလိုင်းဆွဲခြင်း၊ ကျောင်းတိုးချဲ့ဆောင်နှင့် ဝန်ထမ်းအိမ်ရာ၊ ကျောင်းအဆင့်တိုးမြှင့်ပေးရန် စသည်တို့အား တင်ပြတောင်းဆိုရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့မှ အသီးသီးပြန်လည်ဖြေကြား ကြပြီး၊ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ်၊ ပုံစံ(၆၆/၆)အိမ်ထောင်စုစာရင်း၊ ယာဉ်မောင်းလိုင်စင်များ ပေးအပ်ခြင်း နှင့် မြစိမ်းရောင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့်ဆောင်ရွက်မည့် ကျေးရွာ (၂၂)ရွာသို့ ထောက်ပံ့ငွေများ ပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)၊ 

 

ပထမအကြိမ်လားဟူတိုင်းရင်းသားများနှစ်သစ်ကူးပွဲတော်ကျင်းပ

လားရှိုး ဇန်နဝါရီ - ၂၉ 

28

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားဟူတိုင်းရင်းသားများ၏ ပထမအကြိမ်စုပေါင်းနှစ်သစ်ကူးပွဲတော် (ကြွက်နှစ်) ပွဲကို ဇန်နဝါရီ(၂၉)ရက် နံနက်(၁၀)နာရီက လားရှိုးမြို့ မိုးလုံလေလုံခန်းမ၌ ကျင်းပသည်။ 

ပထမအကြိမ် လားဟူတိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌဦးစိုင်းလုံးဆိုင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးများမှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လားဟူမျိုးနွယ်စုတိုင်းရင်းသားများသည် လွန်ခဲ့သော နှစ်ပေါင်းငါးထောင်ကျော်ကတည်းက တိဗက်ကုန်းပြင်မြင့်မှ တရွေ့ရွေ့ဆင်းသက်လာခဲ့ပြီး၊ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများဖြစ်သည့် ရှမ်းပြည်နယ်အတွင်း လားရှိုးဒေသ၊ မိုင်းတုံ-မိုင်းဆတ်ဒေသ၊ တောင်ကြီး-    နမ့်စန်ဒေသများတွင် အခြေချနေထိုင်လျက်ရှိသည့် တောင်တန်းသားများဖြစ်ပါကြောင်း၊ လားဟူတိုင်းရင်းသားများ အနေဖြင့် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကူးပြောင်းသည့်ပွဲများကို ချယ်ရီပန်းများ၊ မက်မွန်ပွင့်များနှင့်ထင်းရှူးဖူးများ အစရှိသည့်ရာသီပန်းများဖူးဖွင့်ချိန်ကိုအစွဲပြု၍ နှစ်စဉ်ကျင်းပလာခဲ့ကြောင်း၊ နှစ်သစ်ကူးပွဲတော်များကို လာမည့် နှစ်သစ်တွင် ရာသီဥတုကောင်းမွန်ပြီး၊ စပါး၊ ပြောင်း၊ ပဲ၊ ဗူး၊ ဖရုံ၊ ငရုတ်စသည့် စိုက်ပျိုးသီးနှံများ တိုးတက်ဖြစ်ထွန်း ရန်နှင့်အိမ်မွေးတိရိစ္ဆာန်များ ရောဂါဘယကင်းဝေးပြီး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်စေဖို့အတွက် နှစ်သစ် ဆုမွန်ကောင်းများတောင်းကြသည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ လားဟူတိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူး အခါသမယမှစတင်ပြီး၊ လားဟူတိုင်းရင်းသားများ၏စိတ်ဓါတ်ခိုင်မာမှု၊ စွမ်းအားရှိမှု၊ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းတက်နိုင်မှု၊ ဇွဲလုံလဝီရိယရှိမှု အစရှိသည့်ကောင်းမြတ်သော အစဉ်အလာကောင်းကို ဆက်လက် ထိန်းသိမ်းကာ မိမိတို့နိုင်ငံ၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်ရွက်ရာတွင် ကျရာအခန်းကဏ္ဍကနေပြီး ပါဝင်ကြိုးပမ်းကြရန်ပြောကြားသွားသည်။

ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောနှစ်သစ်ကူးပွဲတော်အတွက် အလှူငွေကျပ်သိန်း(၃၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှပေးအပ်ရာ ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့ တာဝန်ခံဦးကျာဘီးက လက်ခံရယူပြီး ဂုဏ်ပြုလက်ဆောင်များပြန်လည်ပေးအပ်သည်။

၎င်းနောက်လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးယောသပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးတို့မှ နှစ်သစ်ကူးအမှာစကားပြောကြားကြပြီး၊ လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ အလှူငွေ ကျပ်သိန်း(၂၀)နှင့် ဒုတိယတိုင်းမှူးမှ အလှူငွေများပေးအပ်လှူဒါန်းရာ လားဟူရိုးရာ လက်ဆောင်များ ပြန်လည် ပေးအပ်သည်။

ယင်းနောက်လားဟူတိုင်းရင်းသားများ၏ နှစ်သစ်ကူးဖြစ်ပေါ်လာပုံကို Revဦးမိုးဇက်မှဖတ်ကြားပြီး၊ လားရှိုး၊ သိန်းနီ၊ တန့်ယန်း လားဟူတိုင်းရင်းသားများ၏ ရိုးရာဓလေ့ကို သရုပ်ဖော်တင်ဆက်ကြကာ လားဟူရိုးရာ လက်ဆေး ကန်တော့မင်္ဂလာယူ၍ စုပေါင်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ Revဦးမျိုးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

 

"ဝ"တိုင်းရင်းသားများစုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ

ဟိုပန် ဇန်နဝါရီ - ၂၈

27

 (၄၄)ကြိမ်မြောက် "ဝ" တိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ(၂၈)နံနက်(၉)နာရီခွဲက"ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တိုင်းရင်းသားများပွဲတော်ကွင်း၌ကျင်းပကြောင်းသိရသည်။

(၄၄)ကြိမ်မြောက်"ဝ"တိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို တိုင်းရင်းသားများရေးရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊  "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးဥက္ကဋ္ဌ တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

ဆက်လက်၍တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နှစ်သစ်ကူးပွဲတော်သည်နှစ်ဟောင်းမှ အညစ်အကြေးများကိုစွန့်ပစ်ပြီး၊ နှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် စုပေါင်းညီညွှတ်စွာကျင်းပသည့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ပွဲတော်တစ်ခုဖြစ်ပါကြောင်း "ဝ"တိုင်းရင်းသားများအနေဖြင့် နှစ်သစ်ကူးပွဲတော်အပြင် ကောက်သစ်စားပွဲ၊ မီးပုံပွဲများကိုနယ်မြေအလိုက် ဒေသအလိုက် စုပေါင်းညီညွှတ်စွာကျင်းပနေသည်ကိုလည်း သိရှိရပါကြောင်း၊ ရိုးရာယဉ်ကျေးမှု အကများအနက် "ဝ"ရိုးရာဆံပင်ခါအကသည် တိုင်းရင်းသားများအကြား ထင်ရှားသောအကဖြစ်သည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ်တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသည့် ဘဝခရီးဖြစ်ပေါ်လာစေရေး အတွက်"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးမှ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဥမကွဲသိုက်မပျက်စည်းလုံးညီညွတ်စွာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပြီး (၄၄)ကြိမ်မြောက် "ဝ"တိုင်းရင်းသားများစုပေါင်းနှစ်သစ်ကူးမှသည် နောင်နှစ်ပေါင်းများစွာတိုင် ငြိမ်းငြိမ်းချမ်းချမ်း စည်းစည်းလုံးလုံးပျော်ရွှင်စွာဖြင့် နှစ်စဉ်နှစ်တိုင်းဆင်နွှဲနိုင်ပါစေကြောင်းပြောကြားသည်။

ထို့နောက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးဥက္ကဋ္ဌ (ကိုယ်စား) "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦး ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးရန်ကျော်မှ အမှာစကား ပြောကြားပြီး၊ "ဝ"၊ ရှမ်း၊ ကိုးကန့်၊ လားဟူ၊ အာခါ ယဉ်ကျေးမှုအကအဖွဲ့များမှ ကပြဖျော်ဖြေကြပြီး၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယဉ်ကျေးမှု အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးကြပြီး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်မှ အမှတ်တရလက်ဆောင် ပေးအပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖွဲ့ဝင်တစ်ဦးမှ လက်ခံရယူပြီး၊ အမှတ်တရဓါတ်ပုံ ရိုက်ကူးကြကြောင်းသိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 116 guests and no members online

Latest Updates