Articles

သန်းခေါင်စာရင်းကောက်ယူနေမှုအားရှမ်းပြည်နယ်ဝန်ကြီးချုပ်ကွင်းဆင်းကြည့်ရှု ‌‌

တောင်ကြီး ဇန်နဝါရီ-၁၅

8

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်တွင် ဇန်နဝါရီ ၁၅ရက် နံနက်၈နာရီခွဲက‌ ဒေါ်စန်းစန်း‌အေး၊ ဦးစိုး‌အောင်၊ ဒေါ်လှမြင့်တို့နေအိမ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများက သန်းခေါင်စာရင်းကောက်ယူနေမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရတင်ကိုကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ တစ်အိမ်တက်ဆင်းလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

တောင်ကြီး ဇန်နဝါရီ   −   ၁၄

7

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၀)ကို ဇန်နဝါရီ(၁၄)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၁၉) ဆုံးဖြတ်ချက်နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ်(၅/၂၀၁၉) ဆုံးဖြတ်ချက်များအား ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆန်းဝင်းက ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုရယူပြီး၊  ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၀) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး၊ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တန်းကျေးရွာ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၁၄

6

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှု၊ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေပံ့ပိုးမှု၊ စေတနာအဖွဲ့၏အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဒေသခံမိဘပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ဆောက်လုပ် ခဲ့သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ (အောင်မေတ္တာဆောင်) ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဇန်နဝါရီ (၁၄)ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူတို့သည် ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး၊ ကျောင်းဆောင်သစ်ရှေ့တွင် အမှတ်တရသစ်ပင်များ စိုက်ပျိုးခဲ့ကြကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးကို၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ စေတနာအဖွဲ့မှ စီမံကိန်းဒေသတာဝန်ခံ ဒေါ်အေးအေးသန့်တို့မှ အသီးအသီး အမှာစကားပြောကြားကြပြီးနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သော စာအုပ်ဒါဇင်(၁၀၀)အား ပြည်နယ်လူမှုရေးဝန်ကြီးမှ ပေးအပ်ရာ ကျောင်းတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူ ခဲ့သည်။ 

အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း၊ (အောင်မေတ္တာဆောင်) ကျောင်းဆောင်သစ်အား နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၆၇၂၄၄၈၈၀)ကျပ်၊ ရပ်ရွာမှ ထည့်ဝင်ငွေ(၁၀၆၃၇၀၀၀) ကျပ်၊ စုစုပေါင်း (၇၇၈၈၁၈၈၀)ကျပ်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာ တိုက်နယ်ဆေးရုံအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

အစရ(ရှမ်း)

 

တောင်ကြီးမြို့၌ (၅၁)နှစ်မြောက်မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ-၁၀

4

   ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၅၁)နှစ်‌မြောက်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဇန်နဝါရီ(၉)ရက် မွန်းတည့်(၁၂)နာရီက တောင်ကြီးမြို့၊ တောင်ကျောင်းကြီး ပထမ စာသင်တိုက်မှသံဃာတော်များစတင်ကြွချီ၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းမအတိုင်း မူလမင်းကွန်း ကျောင်းတိုက်အထိ ဆွမ်းဆန်စိမ်းလောင်းလှူခံကြသည်။

   (၅၁)နှစ်မြောက်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ   ဘုန်းတော်ကြီး ကျောင်း (၉၉)ကျောင်းမှ သံဃတော်(၁၃၈၂)ပါး၊ သီလရှင်ကျောင်း(၁၀)ကျောင်းမှ သီလရှင်အပါး(၁၀၀) တို့အား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ဒေသခံပြည်သူများတို့မှ ဆွမ်းဆန်စိမ်း၊ ဆေးဝါး၊ လှူဖွယ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့ လောင်းလှူကြသည်။

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်များတို့က မူလမင်းကွန်းကျောင်းတိုက် တွင် ဆရာတော်၊ သံဃာတော်ကြီးများအား ဆွမ်းဆန်စိမ်း၊ ဆေးဝါးများ၊ လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူကြသည်။

   ထို့နောက် ရေစက်သွန်းချအခမ်းအနားကို မူလမင်းကွန်းကျောင်းတိုက်ဓမ္မာရုံ၌ ဆရာတော်၊ သံဃာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္ထဝါစက ပဏ္ဍိတ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဇျာယ် ချီးမြှင့်တော်မူ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီးဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများတို့က ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်းသိရသည်။

   အဆိုပါ (၅၁)နှစ်‌မြောက်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ဘုန်းတော်ကြီး ကျောင်း (၉၉)ကျောင်းအတွက် ဆန်(၇၅၂)အိတ်၊ သီလရှင်ကျောင်း (၁၀)ကျောင်းအတွက် ဆန်(၇၅)အိတ်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းအတွက် ဆန်(၅)အိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူရေး ဦးစီး ကော်မတီ ကြီးကြပ်မှုဖြင့် မဏ္ဍာပ်များမှ လောင်းလှူသောဆန်(၃၅၀)အိတ်၊ စုစုပေါင်း(၁၁၈)အိတ်နှင့် တန်ဖိုးသင့်လှူဒါန်းငွေစုစုပေါင်းမှာ (၂၉၅၅၀၀၀၀)ကျပ်၊ ဗိုလ်ချုပ်လမ်းတစ်လျောက်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရက်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များနှင့် မြို့သူမြို့သားများမှ ဆွမ်းဆန်စိမ်း လောင်းလှူသည့် ခန့်မှန်းတန်ဖိုးစုစုပေါင်းကျပ်သိန်းနှစ်ထောင်ဖြစ်ပြီး၊ (၅၁)နှစ်‌မြောက်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး၏ လှူဒါန်းငွေကျပ်စုစုပေါင်းမှာ (၂၂၉၅၅၀၀၀၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 129 guests and no members online

Latest Updates