Articles

၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၈

3

၂၀၂၀ပြည့်နှစ် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၇ ရက် မွန်းလွှဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဖွဲ့စည်းထားရှိသော ကျင်းပရေးဦးစီးကော်မတီ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများ အလိုက် လိုအပ်သည်များ ညှိနှိုင်းတိုင်ပင်ဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့ရာ ယခုနှစ်ဆို (၇၃)နှစ်ပြည့်မြောက်ဖြစ်ပြီး ထူးထူးခြားခြားအနေဖြင့် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အကြီးအကဲများမှ တက်ရောက်ချီးမြှင့်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများ လာရောက် မည်ဖြစ်သည့်အတွက် မိမိတို့ဘက်မှ လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး လစ်ဟာမှုမရှိစေရေး အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် ရှမ်းပြည်နယ်သည် မိမိတို့နေထိုင်သည့် ရှမ်းပြည်နယ်၏ အထိမ်းအမှတ်နေ့ထူးနေ့မြတ်လည်း ဖြစ်ပါကြောင်း၊ ပြခန်းများ ခင်းကျင်းပြသမှုနှင့်ပတ်သက်၍ ပီပီပြင်ပြင်ခင်းကျင်းပြသပေးရန်၊ နေရာချထားမှုနှင့် စနစ်တကျ ခင်းကျင်း ပြသပေးရန် ဥပမာအနေဖြင့် သစ်သီးဝလံပြခန်း၊ ဒေသထွက်ပစ္စည်းများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ များ၏ ဝတ်စားစီရင်မှုစသည့် ပြခန်းများ အလေးထားဆောင်ရွက်ပေးရန် ပြောကြားသွားသည်။

ဆက်လက်၍ (၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ လိုအပ်ချက်များ၊ အားနည်း ချက်၊ အားသာချက်များရှိပါက မိမိထံသို့ လာရောက်တင်ပြနိုင်ကြောင်းနှင့် ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ထို့နောက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာကြသော လုပ်ငန်းကော်မတီအလိုက် တင်ပြဆွေးနွေးရာ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်း ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ပြခန်းများ ခင်းကျင်းပြသရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ပို့ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ သတင်း မှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေးကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်း ကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီတို့မှ အသီးသီးဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ရှမ်းပြည်နယ်ပညာရေးစုံညီပွဲတော် ဖွင့်ပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၇

2

နိုင်ငံတော်က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝပြီး ထူးချွန်ထက်မြက်သော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်နေသည့်အချိန်တွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူ များကို မိဘများ၊ ဆရာများနှင့် တစ်စုတစ်စည်းတည်းစုံစုံညီညီမြင်တွေ့နိုင်ရန်အတွက် ရှမ်းပြည်နယ်ပညာရေး စုံညီပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ ၇ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ အ.ထ.က(၅)၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပ သည်။

၂၀၂၀ ပြည့်နှစ် ရှမ်းပြည်နယ်ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ အ.ထ.က(၄)၊ အ.ထ.က(၇)၊ အ.ထ.က (၅)၊ အ.ထ.က (ရွှေညောင်)တို့ မှ ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာ၊ ပန်းပွား စွမ်းရည်ပြသနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အရည်အသွေးရှိသော ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေ သည့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ရည်ရွယ်ချက်ချမှတ်ပြီး ပညာရေးစုံညီပွဲတော်ကို ကျောင်းအဆင့်၊ မြို့နယ် အဆင့်၊ ပြည်နယ်အဆင့် ကျင်းပခဲ့ပါကြောင်း၊ စုံညီပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်များမှာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် ထိုးထွင်းကြံဆမှုများနှင့် တီထွင် ဖန်တီးမှုအလေ့အကျင့်များ ပြည့်ဝစေမည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများနှင့် ပညာရှင်များ ပေါ်ထွက်လာ စေရန်၊ ၂၁ ရာစုတွင် ပညာရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားရန်၊ အနာဂတ် နိုင်ငံတော်အတွက် လူမှုဘဝစံများကို သိရှိနားလည်နိုင်မည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် စွမ်းအားရှင်များ ပေါ်ထွက်လာစေရန်၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာပြီး စာရိတ္တနှင့် ပြည်သူ့နီတိ၊ ရိုးရာ ယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာများကို စောင့်ထိန်းနိုင်မည့် အမျိုးကောင်းသား/အမျိုးကောင်းသမီးများ ပေါ်ထွန်းလာစေရန် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အသိပညာ၊ အတက် ပညာနှင့် ဆက်သွယ်မှုနည်းပညာဆိုင်ရာ တိုးတက်မှုများကို ချိတ်ဆက်ပေးရန်၊ ပညာရေးမြှင့်တင်မှု အစီအစဉ်များ အရ အခြေခံပညာရေးကဏ္ဍ၏ စွမ်းဆောင်ချက်များကို ထုတ်ဖော်ဂုဏ်ပြုခြင်းဖြင့် စွမ်းဆောင်မှုအရှိန်အဟုန် မြင့်တင်ရန် ပြောကြားသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး မြို့နယ်ကျောင်းများဖြစ်သော ပထမဆုရရှိသည့် ကလောမြို့နယ်၊ ဒုတိယဆုရရှိသည့် တောင်ကြီးမြို့နယ်၊ တတိယဆုရရှိသည့် ရပ်စောက်မြို့နယ်တို့ကို အသီးသီးဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

(၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၄

1

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီ(၄)ရက် နံနက်(၄)နာရီ မိနစ်(၂၀)က တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်အပြည့် လွှင့်ထူပေးပြီး နောက် တာဝန်ရှိသူများမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ နယ်မြေခံတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ ဝင်များ၊ တောင်ကြီးမြို့နယ်၊ ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရသည်။

ဆက်လက်၍ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို နံနက်(၇)နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပ ရာ ပထမဦးစွာစစ်ရေးပြတပ်ခွဲက စစ်ကြောင်းများဖြင့် ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား အလေးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြရာ ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုပြီး၊ ကျဆုံးလေ ပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကာ ဂုဏ်ပြုစစ်ကြောင်းမှ သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆို ကြပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သော (၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဖတ်ကြား၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

အဆိုပါ(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ စစ်ရေးပြတပ်ဖွဲ့ များနှင့် ဂုဏ်ပြုစစ်တီးဝိုင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများတက်ရောက်ကြကြောင်း သိရှိရသည်။

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တွင်  ပျော်ပွဲရွှင်ပွဲများဖြင့် ပြည်နယ်အားကစားလေ့ကျင့်ရုံကွင်း၌ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဂိုးကျဉ်းသွင်းပြိုင်ပွဲ၊ လွန်ဆွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက် ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ အသီးသီးကျင်းပရာ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ၊ တစ်ပျော်တစ်ပါး ပါဝင်ယှဉ်ပြိုင်ကြကာ ဆုရရှိများကို ဆုချီးမြှင့်ပြီး၊ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်(၂၂)ရပ်ကွက် တွင်းလည်း ပျော်ပွဲရွှင်ပွဲ အားကစားများ အသီးသီးကျင်းပကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

ငြိမ်းချမ်းရေးကော်မရှင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ Nippon Foundation၊ PPDC နှင့် PNLO တို့ပါဝင်သော ညှိနှိုင်းဆွေးနွေး

တောင်ကြီး ဇန်နဝါရီ   −   ၂

309

ရှမ်းပြည်နယ် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငြိမ်းချမ်းရေးကော်မရှင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ PPDC၊ PNLO နှင့် Nippon Foundation တို့ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ (၂)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်သို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ပအိုဝ်းဒေသငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ(ဗဟို)မှ လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စုတွင် ဒေသဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းဆွေးနွေးပေးရန်တင်ပြသည့် တန်ဖိုးနည်းအိမ်ယာများ၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝမ်းမြောက်ကြိုဆိုပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း NCA လက်မှတ်ရေးထိုး ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ရှိပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို ၂၀၁၅ခုနှစ် အောက်တိုဘာလ(၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံညှိနှိုင်းပြီး ငြိမ်းချမ်းရေးကော်မရှင်၊ Nippon Foundation မှကူညီထောက်ပံ့ပေးမှုများအား ဒေသတွင်းငြိမ်းချမ်းရေးလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေသလို ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖော်ဆောင်ပေးရာရောက်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်စွာ အတူပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)မှ အမှာစကားပြောကြားပြီး ပအိုဝ်းဒေသငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ(ဗဟို) ဥက္ကဋ္ဌဦးခွန်ထွန်းမြင့်၊ ပအိုဝ်းဒေသငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ (ဗဟို) (PPDC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့မှ တာဝန်ရှိသူများက အသီးသီးဆွေးနွေးတင်ပြကြ၍ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)မှ ဆွေးနွေးချက်များအပေါ် ရှင်းလင်း ပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 114 guests and no members online

Latest Updates