Articles

အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်

တောင်ကြီး  အောက်တိုဘာ  ၂၂

 

1021

 

   အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်သည့် အခမ်းအနားကို အောက်တိုဘာ(၂၂)ရက်၊ နံနက်(၉)နာရီက အဆိုပါ စံကျောင်းတော်၌ ကျင်းပရာ ပထမဦးစွာ ကရဝိတ်ဖောင်တော်ပေါ်မှ ဖော်တော်ဦး ရုပ်ရှင်တော်မြတ်များအား စံကျောင်းတော်ကြီးပေါ်သို့ ပင့်ဆောင်ရာ ပထမကိုယ်စားတော်မြတ်ကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ပင့်ဆောင်၍ လည်းကောင်း၊ ဒုတိယကိုယ်စားတော်မြတ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ပင့်ဆောင်၍ လည်းကောင်း၊ တတိယကိုယ်စားတော်မြတ်ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ အင်းသားလူမှုရေးအဖွဲ့မှ တာဝန်ရှိသူများက ပင့်ဆောင်၍ လည်းကောင်း၊ စတုတ္ထကိုယ်စားတော်မြတ်ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတို့က အသီးသီး ပင့်ဆောင်ကြသည်။

ဆက်လက်၍ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တို့က ဖောင်တော်ဦးရုပ်ပွားတော်မြတ်အား ဆွမ်း၊ ဆီမီး၊ ရေချမ်း၊ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး၊ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ဂေါပကအဖွဲ့မှ ဓမ္မလက်ဆောင်(၂၁)ဌာန ကြာသင်္ကန်းများ ဝေငှပေးခဲ့သည်။

 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် နန်းဟူးဘုန်းတော်ကြီးကျောင်းတွင် ဟဲယာရွာမ ရွှေဘုံသာကျောင်းတိုက် ဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတို့က ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်မှ သာသနာတော်ဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ်များကို ရွတ်ဖတ်သရဇ္စျာယ်ကြပြီး၊ ဟဲယာရွာမ ရွှေဘုံသာကျောင်း ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်သည်။

 

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် အင်းသားရိုးရာလှေပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး၊ ဆုများချီးမြှင့်ပေးရာ အင်းသားရိုးရာဆွမ်းပို့လှေအဖွဲ့ကို အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်တို့မှ လည်းကောင်း၊ လှေယာဉ်အလှ ဟဲယာရွာမ၊ အင်းပေါခုံအသင်းတို့ကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးတို့က လည်းကောင်း၊ အမျိုးသား(၄၆)တက် နှစ်သိမ့်ဆုရအသင်းကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်သစ်တော်နှင့် သတ္တုဝန်ကြီးတို့မှ လည်းကောင်း၊ အမျိုးသားရာကျော်လှေ နှစ်သိမ့်ဆုရအသင်းကို ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော် တရာသူကြီးချုပ်တို့မှ လည်းကောင်း၊ အမျိုးသမီး(၂၆)တက် ပထမ၊ ဒုတိယဆုရအသင်းကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးမှ လည်းကောင်း၊ အမျိုးသား(၄၆)တက် ပထမ၊ ဒုတိယဆုရအသင်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ လည်းကောင်း၊ အမျိုးသားရာကျော်လှေ ပထမ၊ ဒုတိယဆုရအသင်းကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်မှ လည်းကောင်း အသီးသီး ဆုများ ချီးမြှင့်ပေးအပ်ပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ဆုရရှိသော လှေပြိုင်အသင်းများကို လိုက်လံနှုတ်ဆက်ကြပြီး အခမ်းအနားကို နောင်အင်းလေးသီချင်းဖြင့် ရုပ်သိမ်းလိုက်သည်။

 

2022

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများသည် ညောင်ရွှေမြို့၊ အင်းလေးဟိုတယ်ဇုန် ရှင်းလင်းဆောင်ခန်းမသို့ ရောက်ရှိပြီး၊ ခန်းမဆောင်တွင် အင်းလေးဟိုတယ်ဇုန် ဆပ်ကော်မတီ အသီးသီးတို့က လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးလင်းရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားပြီး၊ ဟိုတယ်ဇုန် (C) Zone  (B) Zone  (A) Zone တို့ကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ (၁၆-၁ဝ-၂ဝ၁၃)မှ (၁၈-၁ဝ-၂ဝ၁၃) ရက်နေ့ထိ ကျိုင်းတုံဒေသသို့ ပညာရေး/ ကျန်းမာရေး ကိစ္စရပ်များ ဆောင်ရွက်ရန် သွားရောက်ခဲ့သည့် ခရီးစဉ်

ရက်စွဲ၊ (၁၆-၁ဝ-၂ဝ၁၃)မှ (၁၈-၁ဝ-၂ဝ၁၃)

 

1023

 

ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် (၁၆-၁ဝ-၂ဝ၁၃)ရက်နေ့တွင် ရုံးစိုက်ရာ တောင်ကြီးမြို့မှ ကျိုင်းတုံဒေသသို့ ခရီးထွက်ခွာခဲ့ပြီး (၁၇-၁ဝ-၂ဝ၁၃)ရက်နေ့ နံနက်(၈းဝဝ)နာရီတွင် ဦးတင်မောင်ဆွေ- ညွန်ကြားရေးမှူး ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျိုင်းတုံ၊ ဦးခွန်စိန်မြင့်- ပြည်နယ်ပညာရေး ဒုတိယညွန်ကြားရေးမှူး(ကျိုင်းတုံ)၊ ဦးခင်ဝင်း- ခရိုင်အုပ်ချုပ်ရေးမှူး ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးသန်းထိုက်အောင်- ခရိုင်အင်ဂျင်နီယာမှူး ကျိုင်းတုံ၊ ဦးကျော်လှ- လ/ထ ညွန်ကြားရေးမှူး မြို့နယ်စည်ပင် ကျိုင်းတုံ၊ ဦးထွေးအောင်- မြို့နယ်စည်ပင်အင်ဂျင်နီယာမှူး ကျိုင်းတုံ တို့ပါဝင်သော တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်အတူ ရှမ်းပြည်နယ်(ကျိုင်းတုံဒေသ)ရှိ အခြေခံပညာကျောင်းဆောင်သစ် (၄၇)ကျောင်း ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေးကုမ္ပဏီများမှ အဆိုပြုထားသည့် တင်ဒါလျှောက်လွာများကို ဖွင့်ဖောက်စစ်ဆေး၍ စိစစ်ရွေးချယ်ခြင်းလုပ်ငန်းအား ပြည်နယ်ပညာရေး ညွန်ကြားရေးမှူးရုံး(ရုံးခွဲ) ကျိုင်းတုံ၌ ဆောင်ရွက်ခဲ့ကြပါသည်။

 

ထို့နောက် ဆက်လက်၍ (၁၃ဝဝ)နာရီအချိန်တွင် ဦးတင်မောင်ဆွေ- ညွန်ကြားရေးမှူး၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျိုင်းတုံ၊ ဒေါက်တာဝင်းကျော် တွဲဖက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး(ကျိုင်းတုံ)၊ ဦးခင်ဝင်း- ခရိုင်အုပ်ချုပ်ရေးမှူး ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးသန်းထိုက်အောင်- ခရိုင်အင်ဂျင်နီယာမှူး ကျိုင်းတုံ၊ ဦးကျော်လှ- လ/ထ ညွန်ကြားရေးမှူး မြို့နယ်စည်ပင် ကျိုင်းတုံ၊ ဦးထွေးအောင်- မြို့နယ်စည်ပင်အင်ဂျင်နီယာမှူး ကျိုင်းတုံ၊ ဒေါက်တာကြည်လွင်- ဆေးရုံအုပ်ကြီး ကျိုင်းတုံဆေးရုံကြီး တို့ပါဝင်သော တင်ဒါစိစစ်ရွေးချယ်ရေးလုပ်ငန်း ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ရှမ်းပြည်နယ်(ကျိုင်းတုံဒေသ)ရှိ ဆေးရုံ၊ ကျန်းမာရေးဌာနများနှင့် သူနာပြုသားဖွား သင်တန်းကျောင်းများဆိုင်ရာ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေး ကုမ္ပဏီများမှ တင်သွင်းထားသည့် တင်ဒါလျှောက်လွာများကို စိစစ်ရွေးချယ်ပြီး အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းကို တွဲဖက်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြပါသည်။

 

(၁၈-၁ဝ-၂ဝ၁၃)ရက်နေ့ နံနက်(၈းဝဝ)နာရီတွင် ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ဦးတင်မောင်ဆွေ၊ ဒေါက်တာဝင်းကျော်၊ ဦးခွန်စိန်မြင့်တို့ လိုက်ပါလျက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ တည်ဆောက်မည့် ဆရာ/ ဆရာမဆောင် (၁၃၂+ ထ ၄၅+ ထ ၁၂+) (၆)ခန်းတွဲ(၁)လုံး (RC) တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသခဲ့ကြပြီး လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ သတင်းစာများတွင် အိတ်ဖွင့်တင်ဒါကြော်ငြာခြင်းကို အမြန်ထည့်သွင်းကြော်ငြာ ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

 

ထို့နောက် ဆက်လက်၍ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (ကျိုင်းတုံ) တည်ဆောက်ပြုပြင်မည့် လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ရာ တွဲဖက်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် သူနာပြုကျောင်းအုပ် မခေါင်ထဖီဆာရ်တို့မှ လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။

 

ဆက်လက်၍ လားရှိုးခရိုင် ပညာရေးမှူးရုံးဆောက်လုပ်မည့် မြေနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာတွင် ဦးခွန်စိန်မြင့်၊ ပြည်နယ်ပညာရေး ဒုတိယညွန်ကြားရေးမှူးနှင့် ခရိုင်ပညာရေးမှူးတို့မှ လိုက်လံရှင်းလင်း ပြသခဲ့ပြီး ညနေ(၀၄ဝဝ)နာရီတွင် ကျိုင်းတုံမြို့မှ ရုံးစိုက်ရာ တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိပါသည်။

 

(၁၃၇၅)ခု၊ ၂၀၁၃ ခုနှစ် တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   အောက်တိုဘာ    ၂၁

 

1020

 

   ရှမ်းပြည်နယ်တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်(၀၉၃၀)နာရီက ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ 

 

   ပထမဦးစွာ ၂၀၁၃ ခုနှစ် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသိန်းဦးက ၂၀၁၃ ခုနှစ် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ပထမအကြိမ် ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်ရန် ကိစ္စရပ်များအား အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြပြီး၊  ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

 

   (၁၃၇၅)ခု၊ ၂၀၁၃ ခုနှစ် တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော်ကို (၁၀-၁၁-၂၀၁၃)ရက် နေ့မှ (၁၈-၁၁-၂၀၁၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲတွင် ညမီးကြီးပြိုင်ပွဲ၊ စိန်နားပန် ပြိုင်ပွဲ၊ နေ့လွတ်အရုပ်ပြိုင်ပွဲ(ခြေနှစ်ချောင်း၊ ခြေလေးချောင်း)၊ မသိုးသင်္ကန်းယက်ပြိုင်ပွဲ၊ မီးပဒေသာ လှည့်လှည်ပြိုင်ပွဲ၊ Miss တန်ဆောင်တိုင်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲ၊ ရပ်ကွက်မီးအလှဆင် ထွန်းညှိမှုပြိုင်ပွဲ၊ ပဒေသာပင်(ကထိန်)လှည့်လည်ပွဲ စသည်တို့ ပါဝင်ပြီး၊ ၂၀၁၃ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

နမ့်ခမ်းမြို့ ဗုံးပေါက်ကွဲမှုကြောင့် အသက်ပေးဆပ်ခဲ့ရသော စည်ပင်ဝန်ထမ်းအား နာရေးကူညီ ထောက်ပံ့

တောင်ကြီး    အောက်တိုဘာ    ၂၁ 

 1019

 

   ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းမြို့၊ မိုခမ်းရပ်ကွက်၊ ပြည်ထောင်စုလမ်းမ၊ မြို့လယ်မဟာ မုနိဘုရားရှေ့ လမ်းလယ်ပန်းခုံတွင် မသမာသူတစ်စုမှ ပြည်သူများ၏ အကျိုးကိုမကြည့်ဘဲ၊ ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့်အပြင် အသက်ကိုပင် ထိခိုက်စေခဲ့သော ဖောက်ခွဲမှုကို ပြုလုပ်ခဲ့ပါသည်။ ဤကဲ့သို့ အကျိုးမဲ့လုပ်ရပ်ကြောင့် နေ့စဉ်မြို့သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ကို ကြိုးပမ်း ထမ်းဆောင်လျှက်ရှိသော နမ့်ခမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  နေ့စားဝန်ထမ်း (သန့်ရှင်းရေး) ဦးဝင်းကို (ဘ)ဦးကျော်အေး(၂၉)နှစ်သည် (၁၇-၁ဝ-၂ဝ၁၃)ရက်နေ့ ၊ နံနက်(ဝ၇ဝဝ) နာရီချိန်ခန့်တွင် အမှိုက်သိမ်းဆောင်ရွက်စဉ် ကျွတ်ကျွတ်အိတ်အမဲဖြင့် ထုတ်ပိုးထားသော အိတ်မှပေါက်ကွဲမှုဖြစ်ကာ၊ လည်ပင်းထိမှန်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

 

   အပြစ်မဲ့ ဝန်ထမ်းတစ်ဦး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နေစဉ် ယခုကဲ့သို့ အသက်ကို ပေးဆပ်ခဲ့ရသည့်အတွက် စာနာထောက်ထားသော စိတ်စေတနာဖြင့် ကျန်ရစ်သူမိသားစုအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က နာရေးကူညီထောက်ပံ့ငွေကျပ် (၃)သိန်းနှင့် အတူ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ ရှမ်းပြည်နယ်ရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီများက ငွေကျပ်(၁၃.၇)သိန်း၊ စုစုပေါင်း(၁၆.၇)သိန်းအား ဝိုင်းဝန်းကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 113 guests and no members online

Latest Updates