Articles

ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ လွိုင်လင်/ ပင်လုံ/ လဲချား မြို့နယ်များသို့ ပညာရေး/ ကျန်းမာရေး ကိစ္စများ သွားရောက်ဆောင်ရွက်ခဲ့သည့် ခရီးစဉ်

တောင်ကြီး   နိုဝင်ဘာ  ၀၂

 

011

 

   ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ဒု-ပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့်အတူ လွိုင်လင်၊ ပင်လုံ၊ လဲချား မြို့နယ်များသို့ ပညာရေး/ကျန်းမာရေး ကိစ္စများ ဆောင်ရွက်ရန်အတွက် (၂-၁၁-၂ဝ၁၃)ရက် စနေနေ့တွင် ခရီးထွက်ခွာခဲ့ကြောင်း သတင်းရရှိပါသည်။

 

   နံနက်(၁ဝ:၃ဝ)အချိန်တွင် လဲချားပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆရာဝန်နေအိမ်၊ သူနာပြုနေအိမ်၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်မြေနေရာနှင့် သံဃာဆောင်ရှေ့ မြေဖို့ခြင်း ဆောင်ရွက်မည့်နေရာများကို ကြည့်ရှုစစ်ဆေး၍ ကျန်းမာရေး ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပါသည်။

 

   ဆက်လက်၍ လဲချားအထကကျောင်း၌ ကျောင်းဆောင်သစ်ဆောက်လုပ်မည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

   နေ့လည်(၁:၃ဝ)အချိန်တွင် အဆင့်မြင့်သိပ္ပံနည်းပညာဦးစီးဌာန၊ ပင်လုံကွန်ပျူတာ တက္ကသိုလ်သို့ ရောက်ရှိခဲ့ကြပြီး ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်နေရာကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား တွေ့ဆုံမှာကြား ခဲ့ပါသည်။

 

   ထို့နောက် စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ပင်လုံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ကွန်ကရစ်လမ်းခင်းခြင်း၊ လျှပ်စစ်မီးဓါတ်အားလိုင်းနှင့် ထရန်စဖော်မာ တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုပြီးနောက် ဝန်ထမ်းများကို တွေ့ဆုံမှာကြားခဲ့ပါသည်။

 

   နေ့လည်(၂:၃ဝ)အချိန်၌ လွိုင်လင်ကုတင်(၂ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ကြပြီး တိုးချဲ့လူနာဆောင် ဆောက်လုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

   ထို့နောက် လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့ကျေးလက်ကျန်းမာရေးဌာန (RC) ဆောက်လုပ်မည့် မြေနေရာအား ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လွိုင်လင်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ ရုံးစိုက်ရာ တောင်ကြီးမြို့သို့ ညနေ(၅:၃ဝ) အချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာန အတွင်းရှိ ပြည်နယ်/ခရိုင် နှင့်ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းမှ မြို့နယ်၊ မြို့နယ်ခွဲ မြေစာရင်းဦးစီးဌာနမှူးများနှင့် တွေ့ဆုံပွဲကျင်းပ

တောင်ကြီးမြို့            နိုဝင်ဘာ    ၂

 

005

 

   ရှမ်းပြည်နယ်မြေစာရင်းဦးစီးဌာန အတွင်းရှိ ပြည်နယ်/ခရိုင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းမှ မြို့နယ်၊ မြို့နယ်ခွဲ မြေစာရင်းဦးစီးဌာနမှူးများတွေ့ဆုံပွဲကို နိုဝင်ဘာ(၂)ရက် နံနက်(၁၀)နာရီ (၁၅)မိနစ်က ပြည်နယ်မြေစာရင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြောကြားခဲ့သည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်မြေစာရင်းဦးစီးဌာနမှူး ဦးအောင်ကြည်ဦးမှ လုပ်ငန်းဆောင်ရွက်မှု များရှင်းလင်းတင်ပြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ မြို့နယ်၊ မြို့နယ်ခွဲ ဦးစီးမှူးများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီများ လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ဝ၂

 

004

 

   ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်စည်ပင် သာယာရေးကော်မတီများ လုပ်ငန်းညှ်နိုင်းစည်းအဝေးကို နိုဝင်ဘာ(၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ပြည်နယ်ဌာနခွဲတာဝန်ခံများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ တာဝန်ခံအင်ဂျင်နီများ တက်ရောက်ကြသည်။

 

   အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေပါ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည့်အခြေအနေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် မူဝါဒများ အား စနစ်တကျလိုက်နာဆောင်ရွက်နိုင်ရေးကိစ္စများ ရှင်းလင်းတင်ပြဆွေးနွေးသည်။

 

   ဆက်လက်၍ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ အား အကျဉ်းချုပ်တင်ပြဆွေးနွေးပြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီများ၏ စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာများ ရှင်းလင်းတင်ပြကြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်းမှ ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေစာအုပ်များအား ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ် တရားရုံးများအတွက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်အား အုပ်ရေ(၇၀)ကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်အတွက် လွှတ်တော် ဒုတိယဥက္ကဌ ဦးစိုင်းခမ်းမှတ်အား အုပ်ရေ(၁၅၀)ကိုလည်းကောင်း၊ ပြည်နယ်/ခရိုင်/မြို့နယ် ဥပဒေရုံးများအတွက် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်အား အုပ်ရေ(၇၀)ကိုလည်းကောင်း ပေးအပ်ခဲ့သည်။

 

   ၎င်းနောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ စည်ပင်သာယာရေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းစာအုပ်များအား ပေးအပ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ်စည်ပင်သာယာရေးကော်မတီများ ကိုယ်စား တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစွန်ကြိုင်မှ လက်ခံရယူကြကြောင်း သတင်းရရှိသည်။

 

ပန္နရသမအကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင်

တောင်ကြီး   နိုဝင်ဘာ   ၀၁ 

 003

 

   ပန္နရသမအကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင်အခမ်းအနားကို နိုဝင်ဘာ(၁)ရက် မွန်းလွဲ(၁)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အတုလမာလရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အမှူးပြုသော ဧည့်ပရိသတ်တို့က နမောတဿ(၃)ကြိမ် ဘုရားကန်တော့ပြီး အခမ်းအနားကို ဖွင့်လှစ်၍ နိုင်ငံတော်သြဝါဒ စရိယအဂ္ဂမဟာပဏ္ဍိတမဟာကမ္မဌာနစရိယ စွန်းလွန်းကျောင်းတိုက်ဦးစီးပဓါန မဟာနယက ဘန္ဒန္တ အဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူတော်မူ ဆောက်တည်ကြသည်။

 

   ဆက်လက်၍ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ ဥက္ကဌ ဦးစွန်ကြိုင်က ပန္နရသမအကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲကျင်းပအောင်မြင်မှု အခြေအနေများကို တင်ပြလျှောက်ထားသည်။

 

   ထို့နောက် ကမ္ဗောဇသာမဏေကျော်  ''သာမဏေကျော်""များကို ဘွဲ့ပုံတော်နှင့် ဘွဲ့တံဆိပ်တော်၊ ဘွဲ့အလံတော်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဆက်ကပ်ပြီး၊ စာမေးပွဲအဆင့် အလိုက် အောင်လက်မှတ် စာအောင်ဆုများကိုလည်း ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူတို့က ဆက်ကပ်ကြသည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်သြဝါဒ စရိယအဂ္ဂမဟာပဏ္ဍိတမဟာကမ္မဌာနစရိယ စွန်းလွန်းကျောင်းတိုက်ဦးစီးပဓါန မဟာနယက ဘန္ဒန္တ အဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွင်းချအမျှပေးဝေကြသည်။

 

   ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရတိဌတု ဂါထာတော်(၃)ကြိမ်ရွက်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဧည့်ပရိသတ်တို့က ဆရာတော်သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

 

   ပန္နရသမအကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ စာဖြေ သံဃာတော်ပေါင်း(၆၇၄)ပါး၊ စာဖြေအောင်မြင် သံဃာပေါင်း(၂၃၇)ပါးဖြစ်ပြီး၊ အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 169 guests and no members online

Latest Updates